Thursday, May 31, 2012

သတင်း...သတင်း

(၁) HIV Positive ဖြစ်နေသော ကစားသမားကို ကစားခွင့် ပြုသင့်သလား

အခုတလော ကျယ်ကျယ်လောင်လောင် ကြားရသည့် သတင်းက မြန်မာ နေရှင်နယ်လိဂ်တွင် HIV Positive ဖြစ်နေသော ကစားသမားကို ၀င်ရောက် ကစားခွင့်ပြုရေး၊ မပြုရေးလွန် ဆွဲနေသောကိစ္စ ဖြစ်သည်။ တစ်ချို့က ကစားခွင့် ပေးလိုက်လျင် ကျန်ကစားသမား များကို ထိခိုက်မှာ စိုးရိမ်ပြီး တားကြသည်။ တစ်ချို့က ကစားခွင့် ပေးရမည်ဟု ပြောကြသည်။ တစ်ချို့ကတော့ သနားပါတယ်၊ သူလည်း ကစားချင်မှာပေါ့ ဆိုသည့် ခပ်ပေါ့ပေါ့ မှတ်ချက်နှင့်ပင် သက်ပြင်းချကာ ပြန်သွားကြ၏။ ထိုနေ့ အပြန်လမ်းတွင် ကျွန်တော် ခေါင်းခဲနေသည်မှာ အမှန်ပင်။ မည်သည့်ဘက်က ရပ်တည်ရမည် မတွေးတတ်။ ကျွန်တော် ရွေးချယ်မှု မမှားလိုပေ။ ဒီကိစ္စမှ မှားမှာကြောက်ပြီး လက်ရှောင်ခြင်း မျိုးလည်း မလုပ်လို။ ဒါကြောင့် ကျွန်တော်ခင်သော ဆရာဝန် တစ်ယောက်နှင့် ဆွေးနွေးခဲ့ရာ အဖြေတစ်ခု ရရှိခဲ့သည်။

HIV နှင့် အားကစား စပ်နွယ်မှုများကို ကျွန်တော် အင်တာနက်မှ ရှာဖွေစုဆောင်း ပြီးဖတ်ရှုရသည်။ ကံအားလျော်စွာ Sports Science Exchange အတွဲ(၈) စာအုပ်ပါ Contagious  Infections in Competitive Sports (အများနှင့် ယှဉ်ပြိုင်ရသော အားကစား နည်းများတွင် ကူးစက်ရောဂါ ကူးစက်မှု) ဆိုသည့်အကြောင်း အရာလေးကို တွေ့ခဲ့ရသည်။ HIV Positive အကြောင်းကို အဓိကထား ရေးသားထားသည်။  HIV ပိုးမှာ ချွေးမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး မကူးစက်ပါ။ မျက်ရည်နှင့် တံတွေးတို့တွင် HIV ပိုး ရှိနိုင်သော်လည်း တံတွေးနှင့် မျက်ရည်မှ ကူးသည့် အထောက်အထားများ ယနေ့တိုင် ကမ္ဘာ၌ မရှိသေးပေ။ HIV ပိုး အဓိက ကူးစက်နိုင်သည်မှာ သွေး၊ သုတ်၊ အမျိုးသမီး အင်္ဂါမှ ထွက်သော အရည်များမှ ကူးစက်နိုင်သည်။

အားကစား နယ်ပယ်တွင် HIV ပိုး ကူးစက်မည့် အန္တရာယ်မှ ယှဉ်ပြိုင်နေစဉ် အချိန်အတွင်း သွေးထွက်သည့် ဖြစ်ရပ်မှလွဲ၍ အခြားမရှိပါ။ အီတလီလိဂ် ပြိုင်ပွဲ တစ်ခုတွင် HIV Positive ရှိသော ကစားသမား တစ်ယောက်နှင့် HIVပိုး မရှိသူဟု ထင်ရသော ကစားသမားတို့ ခေါင်းယှဉ် တိုက်ရာမှ ပိုးရှိသော ကစားသမား နဖူးကွဲသွားပြီး သွေးများ ပန်းထွက်ခဲ့ပါသည်။  ပွဲအပြီး နှစ်လအကြာတွင် အဆိုပါ ကစားသမားလည်း HIV Positive ပိုး ကူးစက်ခံနေ ရကြောင်းတွေ့ ရှိခဲ့ရ၏။ သို့သော် ဘောလုံး ကွင်းထဲမှ ဖြစ်ရပ်ကြောင့် ကူးစက်ကြောင်း ခိုင်လုံသော အထောက်အထား မတွေ့ရှိခဲ့ပါ။ ဖြစ်နိုင်ချေမှာ အဆိုပါ ကစားသမားမှာ ထိခိုက်မှု မဖြစ်မီ HIV ပိုး ရှိနေခြင်းက ပိုများနေသည်။

ခွန်နှင့်အားနှင့် ကစားသော အမေရိကန် ဘောလုံး (ရက်ဘီ)တွင် ပျမ်းမျှ နှစ်ပွဲလျှင် ၄ကြိမ်ခန့် သွေးထွက် သံယိုမှု ဖြစ်သော်လည်း ပိုးရှိ ကစားသမားမှ ကျန်ကစားသမားသို့ ကူးစက်ခြင်း လုံးဝမရှိကြောင်း တွေ့ရှိရသည်။ အလားတူပင် အခြား သွေးထွက် သံယိုကစား နည်းများဖြစ်သည့် လက်ဝှေ့၊ နပန်းနှင့် ရေခဲပြင် ဟော်ကီများတွင်လည်း ကစားဖော်များကို HIV ပိုး ကူးစက်မှု မရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်။ အမေရိကန် ဘောလုံး (ရက်ဘီ)တွင် သုတေသန ပြုလုပ်ချက်အရ တစ်သန်းကြိမ် တစ်ကြိမ်သာ ကူးစက်နိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။ ထိခိုက် ပွန်းပဲ့ ဒဏ်ရာကြောင့် HIV Positive ပိုးကူးစက်ရန် အခွင့်အရေးမှာ ၀.၃ ရာခိုင်နှုန်းပင် ရှိသည်။ ထို့အပြင် လက်ရှိ အချိန်အထိ အားကစားပြိုင်ပွဲ၌ ယှဉ်ပြိုင်ရင်း ကစားသမားမှ ကစားသမားသို့ ကူးစက်သည့် ဖြစ်ရပ် လုံးဝမရှိသေး ခြင်းပင်ဖြစ်သည်။

HIV ပိုး ရှိသော ကစားသမားမှ ကူးစက်ပျံ့ပွားမည်ကို စိုးရိမ်ခြင်း ပြဿနာ

အားကစား ပြိုင်ပွဲတွင် ပါဝင်သော ကစားသမားများ ကူးစက်ခံရရန် အလွန့်အလွန် နည်းပါးပါသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ချမှတ်ထားသည့် ကူးစက်ခြင်း ထိန်းချုပ်နည်းပါ ညွှန်ကြားချက် အတိုင်း ပြုလုပ်သော အားကစား ဆေးဘက်ဆိုင်ရာ ၀န်ထမ်း များကိုကူးရန် ရာခိုင်နှုန်း အလွန့်အလွန်ပင် နည်းပါးပါသည်။ နည်းပြ၊ လေ့ကျင့်ရေးမှူး၊ ပြိုင်ပွဲ တာဝန်ရှိ ၀န်ထမ်းများနှင့် ပရိသတ်ကို ကူးစက်ရန် မဖြစ်နိုင်ပါ။

The Victorian Equal Opportunity Act

သြစတြေးလျ လူ့အခွင့်အရေး ကော်မရှင် တစ်ခုဖြစ်သည် The Victorian Equal Opportunity & Human Rights Commission က The Victorian Equal Opportunity Act ဥပဒေ တစ်ရပ်ကို ထုတ်ပြန်ထားသည်။ ၎င်းဥပဒေအရ HIV အသည်း ရောင်အသားဝါ ဘီပိုးနှင့် စီပိုး ရှိသူများကို အားကစားအသင်း တစ်သင်းတွင် မရွေးချယ်ခြင်း၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် မပေးခြင်းတို့မှာ တရားမ၀င်ကြောင်း ဖော်ပြထားပြီး HIV ပိုးရှိ သူသည် နည်းပြ၊ အားကစား အသင်း၊ အားကစား အဖွဲ့အစည်းများကို ဖွင့်ဟမပြောဘဲ ထိန်ချန် ထားနိုင်ခွင့် ရှိသည်။ ၎င်းတို့တွင် HIV ပိုး ရှိနေကြောင်းကို လျို့ဝှက်ထားရန် အခွင့်အရေး အပြည့်ရှိသည်ဟု ဖော်ပြထားသည်။

ကာကွယ် တားဆီးခြင်း အဆင့်များ

HIV, အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး ကူးစက်ခံရမှု ကာကွယ်ခြင်း လုပ်ငန်းများ ရိုးရှင်းပြီး ငွေကုန်ကြေးကျ သိပ်မရှိပါ။ ကူးစက်ပျံ့နှံမှု ထိန်းချုပ်ရေး ပေါ်လစီများကို တက်ကျွမ်းသူများနှင့် ဆွေးနွေးပြီးရေး ဆွဲဖော်ပြရန်၊ HIV နှင့် ကူးစက်ရောဂါ အသိပညာပေး အစီအစဉ်များ ပြုလုပ်၍ ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်ထားရန် စသည့် အချက်များ လိုအပ်ပေသည်။

ကာကွယ် တားဆီးရန် အချက်များ ဆိုရာတွင် ဘောလုံး အဖွဲ့ချုပ်နှင့် အသင်းများ အားလုံး စုပေါင်း လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်ပေသည်။ မြန်မာ နေရှင်နယ်လိဂ်တွင် HIV Positive ရှိမရှိ ဆေးစစ်သော အသင်းများ ရှိသလို မစစ်ဆေးသော အသင်းများလည်း ရှိပေသည်။ ထို့ကြောင် HIV Positive ရှိသော ကစားသမားကို ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ ကူးစက်ရောဂါဆိုင်ရာ ပေါ်လစီများနှင့် လှုပ်ရှားမှု ပညာပေးမှုများ လိုအပ်နေပြီ ဖြစ်သည်။ HIV Positive ဖြစ်နေသော ကစားသမားကို ကစားခွင့်ပြု သင့်သလား။

ဒီသတင်း ကြားကြားခြင်း ဘယ်လိုဆုံးဖြတ် ချက်ချရမလဲ ဆိုတာ မသိခဲ့ပါဘူး။ ဒါပေမဲ့ တက်ကျွမ်းတဲ့ ကူးစက်ရောဂါကု ဆရာဝန်ကြီးတွေ၊ ပညာရှင်တွေ ပြုစုထားတဲ့ HIV နှင့် Sports အကြောင်းတွေ ဖတ်လိုက်ရသည့် အတွက် အမြင်ရှင်း သွားခဲ့သည်။

ပေါက်ပြဲ ဒဏ်ရာမှ HIV ကူးစက် ခံရရန် အခွင့်အရေးမှာ ၀.၃ ရာခိုင်နှုန်းသာ ရှိပြီး အဓိက ကူးစက်ရန် အများဆုံး အခွင့်အရေးမှာ သွေးသွင်းခြင်းကာ ၉၀ရာခိုင်နှုန်း ကူးစက်နိုင်သည်။ ချွေး၊ တံတွေး၊ ပစ္စည်းများ အတူတကွ အသုံးပြုခြင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းတို့ဖြင့် မကူးစက်ပါ။ အမေရိကန် ရက်ဘီတွင် လေ့လာ တွေ့ရှိချက်အရ HIV Positive ရှိသူနှင့် အကြိမ်တစ်သန်း သွေးထွက်သံယို ထိခိုက်လျင်ပင် ကူးစက်ခြင်း မရှိဟု ခန့်မှန်းထွက်ချက် ထားပါသည်။

ထိုနေရာတွင် မြန်မာ နေရှင်နယ်လိဂ်နှင့် ဖြစ်ရပ်တူသော အဖြစ်အပျက် တစ်ခု ရှိနေပါသေးသည်။ ထိုအဖြစ်အပျက်မှာ နယ်သာလန် လိဂ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တော်ဝင် နယ်သာလန် ဘောလုံး အဖွဲ့ချုပ် အကြီးအကျယ် အကျပ်ရိုက် ခဲ့ရသည်။ ဂျော့ကိုမိုလ် ဆိုသည့် ကစားသမား တစ်ဦးသည် HIV ပိုးတွေ့ရှိခဲ့ကြောင်း Vitesse အသင်း ဥက္ကဋ္ဌ ဂျိုးဗင်ဆင့်က ကြေညာခဲ့သည်။ ကိုမိုလ်သည် ဟော်လန် ဘောလုံး လောက၏ ပထမဆုံး HIV ပိုး ရှိသော ကစားသမား ဖြစ်လာပြီး ၎င်းကိစ္စမှာ တုန်လှုပ်ဖွယ် ပြဿနာကြီး ဖြစ်လာခဲ့သည်။ အသင်းများ အားလုံး မိမိ ကစားသမား များကို အလျင်အမြန် ဆေးစစ်ကြသည်။ ကစားနေစဉ် ကိုမိုလ်ထံမှ ရောဂါပိုး ကူးစက်မည်လော ဆိုသည့် မေးခွန်းများ ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် နယ်သာလန် ဘောလုံး အဖွဲ့ချုပ်က ကိုမိုလ်၏ ကစားခွင့်ကို ပိတ်ပင်ခံသည်။ သို့သော် ကိုမိုလ် ကံကောင်းပါသည်။ အမျိုးသား သုတေသန စစ်တမ်းများ အရ ပြိုင်ပွဲအတွင်းမှ ရောဂါပိုး ကူးစက်ရန် အခွင့်အရေးမှာ ၀.၁ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုစစ်တမ်း ရရှိပြီးနောက် ကိုမိုလ်ကို နယ်သာလန် ဘောလုံး အဖွဲ့ချုပ်က ဘောလုံးပြန် ကစားခွင့်ကို အလျင်အမြန် ခွင့်ပြုပေးခဲ့သည်။
ဒီကနေ့ရဲ့ ကြီးမားတဲ့ ရောဂါမှာ အနာကြီး ဒါမှမဟုတ် တီဘီ မဟုတ်ပါဘူး။ ဥပေက္ခာ ပြုခံရတဲ့ ခံစားမှုသာ အကြီးမားဆုံး ရောဂါပါ…

ဤအဖြစ်အပျက်မှာ မြန်မာ နေရှင်နယ်လိဂ်တွင် ဖြစ်ပျက်နေသော HIV Positive ဖြစ်နေသော ကစားသမားကို ၀င်ရောက် ကစားခွင့် ပြုရေး၊ မပြုရေး လွန်ဆွဲနေသော ကိစ္စနှင့် ဆင်တူနေပါသည်။ ထိုအချက်အလက် များမှာ HIV Positive ရှိနေသော ကစားသမားကို ကစားခွင့် ပေးသင့်၊ မပေးသင့် ရှင်းရှင်းလင်းလင်း သိရှိနိုင်ပေသည်။

The biggest disease today is not leprosy or tuberculosis, but rather the feeling of being unwanted.
ဒီကနေ့ရဲ့ ကြီးမားတဲ့ ရောဂါမှာ အနာကြီး ဒါမှမဟုတ် တီဘီ မဟုတ်ပါဘူး။ ဥပေက္ခာပြုခံရတဲ့ ခံစားမှုသာ အကြီးမားဆုံးရောဂါပါ။

ဒီစကားကိုတော့ ကူးစက် ရောဂါသည်တွေကို ခွဲခြား ဆက်ဆံခြင်း၊ ပစ်ပယ်ခြင်း တွေကြောင့် သူတို့ ခံစားနေရတဲ့ စိတ်ခံစားမှုကို ကူးစက်ရောဂါထက် ဆိုးဝါးတဲ့ ရောဂါတစ်ခုလို့ တင်စားပြောဆို သွားခဲ့တဲ့ မာသာထရီဇာရဲ့ စကားတစ်ခွန်းပါ။ ကိုယ့်ရဲ့ ဘ၀စာမျက်နှာတိုင်း စင်လုံးချော ဖျက်ရာကင်းတဲ့သူ မရှိပါဘူး။ အမှား တစ်ခုကြောင့် ရပ်ခဲ့ရတဲ့ နေရာကနေ နောင်တဆိုတဲ့ အသိနဲ့ ပြင်ဆင်ဖို့ ကြိုးစားနေသူကို တစ်သန်းကြိမ် တစ်ကြိမ်ဆိုတဲ့ ဖြစ်နိုင်ချေ တစ်ခုကြောင့် တွန်းထုတ် ကြမှာလား၊ ဒါမှမဟုတ် မြက်ခင်းစိမ်း ထဲမှာ ပြန်လည် ကျက်စားပြီး ရှင်သန်ခွင့်ရဖို့ လက်ခုတ်တီး ကြိုဆိုမှာ လားဆိုတာ သင်ဘယ်လို ဆုံးဖြတ်မလဲ။

ကစားကွင်း အတွင်း HIV ကူးစက် မခံရစေရန် ကြိုတင် ကာကွယ်နည်းများ
- ပွဲမစတင်မီ မိမိရှိ ပွန်းပဲ့ ဒဏ်ရာများကို ပတ်တီး၊ ခြေအိတ်အရှည် လက်အိတ် အစရှိသည် များနှင့် ဖုံးအုပ်ထားရန် မမေ့ပါနှင့်။
- ကူးစက်ရောဂါ ထိန်းချုပ်မှု ကြိုတင် သတိပေးချက်များ အတိုင်း သွေးထွက်နေသော ကစားသမားကို ကုသမှုပြုပါက လက်အိတ် အသုံးပြု ကိုင်တွယ်ပါ။
- မျက်လုံးထဲသို့ သွေးဝင်သွားပါက မျက်လုံးကိုဖွင့်လျက် မျက်စိ အနီးတစ်ဝိုက်ကို ရေဖြင့် ညင်သာစွာ ဆေးကြောပါ။
- ပါးစပ်ထဲသို့ သွေးများ ၀င်ရောက်ခဲ့ပါက တွေးထုတ်ပစ်ပါ။ ရေဖြင့် အကြိမ်များစွာ ပလုပ်ကျင်း ပေးပါ။
- ကစားသမား တစ်ဦး သွေးထွက်သည့် ဆုတ်ပြဲ ဒဏ်ရာ ရရှိပါက ပွဲကို ခဏရပ်နားပြီး ၎င်းဒဏ်ရာကို သွေးတိတ်အောင် ကုသမှု ခံယူခိုင်းပါ။ ဆုတ်ပြဲ ဒဏ်ရာကို အတတ်နိုင်ဆုံး အလုံဖြစ်အောင် ပတ်တီးကဲ့သို့ အရာနှင့် ဖုံးအုပ်ထားပါ။
- ဆုတ်ပြဲဒဏ်ရာ မှန်သမျှ ပတ်တီးစည်းပါ။ သွေးပေးနေသော ကစားကွင်း နေရာအား ဆေးကြော သန့်ရှင်းပါ။ ကစားသမား အင်္ကျီတွင် သွေးစွန်းပါက အသစ်လဲလှယ် ၀တ်ဆင်ပါ။
- ရောဂါပိုး ကူးစက် ခံနိုင်ရသည့် အနေအထားဟု ထင်မြင်ပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ။

အနှစ်ချုပ် မှတ်သားရန်
- သွေးတိတ်အောင်လုပ်၊ လုံအောင်အုပ်၊ ဆေးကြော ပြုလုပ်ပါ။

မမေ့သင့်သော အချက်များ
- HIV, အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ရှိ ကစားသမား များကို အားကစား ပြိုင်ပွဲမှ ပိတ်ပင်ခြင်းမျိုး မလုပ်ရပါ။
- HIV, အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ရှိ ကစားသမားမှ နောက်ကစားသမားကို ကူးစက်ရန်မှာ အလွန် ဖြစ်နိုင်ချေ နည်းပါးလွန်းပြီး လက်ရှိ အချိန်အထိ ကွင်းအတွင်း ကူးစက်မှု မရှိသေးပါ။
- ကူးစက်ရောဂါ ထိန်းချုပ်ရေး လမ်းညွန်ချက်များ၊ သွေးဥပဒေတို့ အတိုင်း လိုက်နာ ကျင့်သုံးပြီး သွေးထွက်သံယို ဒဏ်ရာ ရရှိနေသည့် ကစားသမားကို လက်အိတ် ၀တ်ပြီးမှ ကူညီမှု ပြုလုပ်ပါ။

သွေးဥပဒေ (ရှင်းလင်းချက်)

သွေးဥပဒေ ဆိုသည်မှာ အားကစားသမားများ အရေးပြား ဆုတ်ပြဲဒဏ်ရာ (open wound) ကြောင့် သွေးထွက်သံယို ဖြစ်ခြင်း (သို့) အ၀တ်အစားများ ပေါ်တွင် သွေးများ စွန်းပေနေပါက အားကစား ယှဉ်ပြိုင်နေသည့် ဧရိယာ (ဥပမာ – ဘောလုံးကွင်းဘေး) သို့ ချက်ချင်းထွက်ပြီး ဆေးကုသမှုခံကို မဖြစ်မနေ ခံယူရခြင်းကို ဆိုလိုသည်။ အဆိုပါ ကစားသမားသည် ဒဏ်ရာ သွေးထွက်မှု မတိတ်ခြင်းသော် လည်းကောင်း၊ သွေးပေကျံနေသော အားကစား အသုံးအဆောင်များ အသစ် မလဲလှယ်ပါက ပြန်လည် ကစားခွင့် မပြုရန် သွေးဥပဒေက တားမြစ်ထားသည်။ အဆိုပါ ဥပဒေမှာ ကစားသမား တစ်ဦးမှ တစ်ဦးသွေးမှ တစ်ဆင့် ကူးစက်တက်သော ရောဂါများ ပြန့်ပွားမှု(ဥပမာ – HIV, အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး) တားဆီးရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ကုသမှု ခံယူနေစဉ် အတွင်း ပွဲကို ပြိုင်ပွဲ ကျင်းပသော တာဝန်ရှိသူက ရပ်နားထားနိုင်သည်။ ကစားသမား အနေဖြင့် ဆုတ်ပြဲ ဒဏ်ရာဖြင့် သွေးထွက်နေ သော်လည်း ကွင်းအတွင်းမှ ထွက်ခွာရန် ငြင်းဆန်ပါက ဒိုင် (သို့) တာဝန်ရှိသူမှ ပွဲကို ခေတ္တ ရပ်နားနိုင်သည်။ ပွဲရပ်စဲပြီး သည့်တိုင် အဆိုပါ ကစားသမားက ကွင်းအတွင်းမှ ထွက်ခွာပေးရန် ဆက်လက် ငြင်းဆန်နေပါက ဥပဒေအရ ပွဲကို ဆက်လက် မကစားစေတော့ဘဲ ပြိုင်ဘက်အသင်း (သို့) ကစားသမားကို အနိုင်ပေး လိုက်သည်အထိ အမြင့်ဆုံး ဆုံးဖြတ်နိုင်သည်။

ကိုးကား
- Eichner, E. Randy, M.D., ‘Contagious Infections in Competitive Sports,’ Sports Science Exchange, vol. 8 (3), 1995
- Australian Sports Medicine Federation ‘Protecting everyone involved in sport’
- Department of Medicine, Harlem Hospital/College of Physicians and Surgeons, Columbia University, New York, NY. “HIV/AIDS policies of National Football League’
- Equal Opportunity Act 2010
- Blood Rule

စာရေးသူ ၀န်ခံချက်

HIV Positive ဖြစ်နေသော ကစားသမားကို ကစားခွင့် ပြုသင့်သလား ဆောင်းပါးမှာ မေလ ၂၉ ရက်နေ့ထုတ် The Sports Center Journal တွင် ဖော်ပြခဲ့ပါသည်။ သို့သော် စာမျက်နှာ အခက်အခဲကြောင့် အချက်အလက် စုံစုံလင်လင်ဖြင့် မဖော်ပြခဲ့ရပါ။ ထိုကြောင့် ကျန်ရှိသော အချက်အလက်များ ထပ်ပေါင်း ဖြည့်စွက် ရေးသားကာ ထပ်မံ ဖော်ပြရခြင်း ဖြစ်ပါသည်။ စာရေးသူ အနေဖြင့် ဆေးပညာ ဆိုင်ရာတွင် ကျွမ်းကျင်မှု မရှိပါ။ ထို့ကြောင့် အမှားပါခဲ့လျှင် နားလည် ခွင့်လွတ်ပေးရန် တောင်းပန် အပ်ပါသည်။ စာရေးသူအား HIV နှင့် ပတ်သက်၍ သိလိုသည်များကို အချိန်ပေး ဖြေကြားပေးခဲ့သော ကူးစက်ရောဂါ ဆေးရုံ (မင်္ဂလာဒုံ)မှာ ဆရာဝန်ကြီး တစ်ဦး၊ ကိုးကားရန် စာအုပ်စာတန်းများ ရှာဖွေပေးပြီး အကြံဥာဏ် ပေးခဲ့သည် သြစတြေးလျ နိုင်ငံသား ကျန်းမာရေး ၀န်ထမ်းတစ်ဦး တို့အားလည်း ကျေးဇူးတင် ရှိပါသည်။

မှတ်ချက်။   ။ မေလ ၂၇ရက်နေ့ထုတ် The Sports Center Journal မှ ကလောင်ရှင် မင်းဝေကို၏ ဆောင်းပါးအား ပြန်လည်ဖော်ပြပေး ထားခြင်း ဖြစ်ပါသည်။

SoccermyanmarHIV Positive ဖြစ်နေသော ကစားသမားကို ကစားခွင့် ပြုသင့်သလား 

(၂) ကျန်းမာရေးဝန်ထမ်းများပါ အေ့ဒ်စ်ဝေဒနာသည်အား ခွဲခြားဆက်ဆံဆဲ
HIV ဝေဒနာရှင်များအား ခွဲခြားဆက်ဆံမှု ပြုလုပ်သူများတွင် သာမန်ပြည်သူများသာမက ကျန်းမာရေးဝန်ထမ်းများပါ ပါဝင်လျက်ရှိကြောင်း ကရုဏာလရိပ်ဖောင်ဒေး ရှင်းမှ ဒေါက်တာပြုံးမိုအိက ပြောသည်။

လက်ရှိ၌ HIV ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသ ပေးလျက်ရှိသောဆေးရုံဟူ၍ မင်္ဂလာဆေးရုံနှင့် သာကေတဆေးရုံတို့သာရှိပြီး ပြင်ပအစိုးရ ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများတွင် ဆေးဝါးကုသခံယူမှု အလွန် နည်းပါးလျက်ရှိကြောင်း၊ ထိုသို့ ပြင်ပဆေးရုံများ၌ ဆေးဝါးကုသမှု နည်းပါးရသည့် အကြောင်းရင်းမှာ ကုသမှုစရိတ် ကို သာမန်လူနာများထက် နှစ်ဆပိုမိုတောင်းခံလျက် ရှိသည့်အပြင် တာဝန်ခံ၍ ကုသပေးလိုသော ကျန်းမာရေးဝန်ထမ်း နည်းပါးလျက်ရှိခြင်းကြောင့် ဖြစ်ကြောင်း ၄င်းကဆိုသည်။

”ပြည်သူ့ဆေးရုံတွေမှာ HIV ရောဂါသည်တွေ ဆေးဝါးကုသမှု လာရောက်ခံယူလို့ရှိရင် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း အချို့ ကိုယ်တိုင်က ရောဂါကူးမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေက ရှိနေတုန်းပဲ။ ခွဲစိတ်ကုသရမယ့် HIV ရောဂါသည်တွေကို ဆိုရင်လည်း အမြဲတမ်းနောက်ဆုံးမှာ ထားပြီး ခွဲစိတ်ကုသပေးကြတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၌ အခြားနိုင်ငံများကဲ့သို့ ခွဲစိတ်ပစ္စည်း အသစ်များကို ထပ်ခါတလဲလဲ ဝယ်မသုံးနိုင်သေးခြင်းကြောင့် HIV ရောဂါသည်များကို ခွဲစိတ်ထားသည့် ကိရိယာများ အား အခြားလူနာကို ခွဲစိတ်ရာတွင်  ရောဂါကူးမှာစိုး၍ မသုံးကြောင်း၊ ထို့ကြောင့် ကုသစရိတ်ကိုလည်း နှစ်ဆကျော် တောင်းခံခြင်းဖြစ်ကြောင်း ခွဲစိတ်အထူးကု ဆရာဝန် ကြီးတစ်ဦးက ပြောသည်။

HIV ရောဂါသည်များအား သာမန်ဆေးဝါးကုသမှု ပေးရာတွင်မူ ဆေးဝါး ကုသစရိတ် နှစ်ဆကျော် တောင်းခံနေခြင်းမှာမူ မပြုလုပ်သင့်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

HIV ရောဂါသည်များအပေါ် ခွဲခြားဆက်ဆံမှု လျော့နည်းစေရေးအတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ အကြား၌လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အကူအညီဖြင့် ပညာပေးမှုများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း ၄င်းက ထပ်မံပြော သည်။

ရန်ကုန်၊ မေ ၂၆, PN-020
Popularကျန်းမာရေးဝန်ထမ်းများပါ အေ့ဒ်စ်ဝေဒနာသည်အား ခွဲခြားဆက်ဆံဆဲ

(၃) အမျိုးသား တားဆေးပေါ်တော့မည်
ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှု အတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။

သုက်ပိုး ထုတ်လုပ်ရာတွင် နောက်ဆုံး အဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကို သောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။

ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။

အီဒင်ဘာ့ဂ် တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသန ပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ် သနည်းဆိုခြင်းကို ရှာဖွေခဲ့ကြသည်။ သုက်ပိုးဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးသည့် ပရိုတိန်းတစ်မျိုးပါဝင်သော  Katanal1 မျိုးဗီဇကို တွေ့ရှိခဲ့ကြပြီး ယင်းပရိုတိန်း မရှိပါက သုက်ပိုးသည် အပြည့်အ၀ဖြစ် တည်မလာဘဲ ခန္ဓာကိုယ်က ယင်းတို့ကို ဖျက်ဆီးပစ်သည်ကို တွေ့ခဲ့ရသည်။

ယင်းဖြစ်စဉ်ကို လူသားများတွင်လည်း သုံးနိုင်ပါက လုံးဝ မျိုးမအောင်ခြင်းမျိုးမဟုတ်ဘဲ သုက်ပိုးကို မဖွံ့ဖြိုးစေလိုသည့် အချိန်တွင်သာ မဖွံ့ဖြိုးစေရန် ဟန့်တားနိုင်မည့် တစ်နည်းအားဖြင့် မျိုးမအောင်စေရန် တားလိုသည့် အချိန်တွင် တားနိုင်မည့် အနေအထားမျိုး ဖန်တီးလာနိုင်ရန်  မျှော်လင့်ချက် ရှိလာခဲ့ခြင်းဖြစ်သည်။

ဆေးထုတ်လုပ်ရေးမှာ ခက်ခဲဦးမည်ဖြစ်သော်လည်း လမ်းစတွေ့ထားပြီဖြစ်သောကြောင့် မကြာနိုင်တော့ကြောင်းလည်း လီစမစ်က သုံးသပ်သည်။

Ref: BBC

Eleven – အမျိုးသား တားဆေးပေါ်တော့မည်

Wednesday, May 30, 2012

အ၀တ်အစား၊ အရောင်အသွေးနှင့် စိတ်ခံစားချက်


အရောင်တွေဟာ စိတ်ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်လည်း ကျောင်းဝတ်စုံ၊ ရုံးဝတ်စုံတွေကို သင့်တော်တဲ့အရောင်တွေနဲ့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အသားအရောင်အသွေး ကွာခြားတဲ့အတွက် တချို့သူတွေနဲ့ လိုက်ဖက်တဲ့အရောင်တွေဟာ တခြားသူတွေကို ရုပ်ဆိုးသွားစေနိုင်ပါတယ်။ ဒါ့အပြင် အ၀တ်အစားအရောင်တွေဟာ ၀တ်ထားတဲ့သူကိုသာမက တစ်ဖက်လူကိုပါ စိတ်ခံစားမှုအနည်းနဲ့အများ ပေးစွမ်းနိုင် ပါတယ်။ အောက်ပါတို့ကတော့ အရောင်တွေနဲ့ သူတို့ပေးစွမ်းတဲ့ စိတ်ခံစားမှုတွေပါ။

အနက်ရောင်
ပြင်းထန်သော၊လျှို့ဝှက်သော၊လူရည်လည်သော၊သုန်မှုန်သော၊ စိတ်ဓာတ်ကျဖွယ်ရှိသော။

အပြာရောင်
ကြည်လင်သော၊အေးချမ်းသော၊ တည်ငြိမ်သော၊ အိပ်ချင်သော၊ ၀မ်းနည်းသော။

အညိုရောင်
နွေးထွေးသော၊ ကမ္ဘာမြေဆန်သော။

မီးခိုးရောင်
ဖော်ပြရန်ခက်သော၊ ဂုဏ်ကျက်သရေရှိသော၊ ထိုင်းမှိုင်းသော၊ အေးစက်သော၊ မည်းမှောင်သော။

အစိမ်းရောင်
လတ်ဆတ်သော၊ လန်းဆန်းသော၊ အောင်မြင်သော၊ လောဘကြီးသော၊ ငြိမ်သက်သော၊ ငြိမ်းချမ်းတိတ်ဆိတ်သော၊ ချစ်မြတ်နိုးသော။

အရောင်တောက်တောက် (ပန်းဆီရောင်လိုမျိုး)
ရိုင်းသော၊ ရဲဝံ့သော၊ တောက်ပသော၊ ဆွဲဆောင်မှုအားကောင်းသော၊ ကြမ်းတမ်းသော။

လိမ္မော်ရောင်
ပျော်ရွှင်သော၊ ကျေနပ်အားရသော၊အသစ်ဖြစ်သော၊ စိတ်ဓာတ်လှုံ့ဆော်ပေးသော၊ မျက်စိကျိန်းသော၊နွေးထွေးသော။

ပန်းရောင်
နူးညံ့သော၊ အပြစ်ကင်းသော၊ ပျော့ပျောင်းသော၊ မိန်းမဆန်သော၊ချစ်စဖွယ်ကောင်းသော။

အနီရောင်
သတ္တိရှိသော၊ စောင့်ကြည့်နေသော၊ဆွဲဆောင်မှုအားကောင်းသော၊ ရန်လိုသော၊ အင်အားများသော၊ကျေနပ်အားရသော၊ စိတ်တိုသော၊ အရေးကြီးသော၊ စိတ်လှုပ်ရှားဖွယ်ကောင်းသော။

ခရမ်းရောင်
တော်ဝင်ဆန်သော၊ ချမ်းသာသော၊ ခမ်းနားထည်ဝါသော၊ စိတ်ဓာတ်ပြင်းပြသော၊ အထင်ကြီးဖွယ်ကောင်းသော၊ အထီးကျန်သော။

အဖြူရောင်
ကြည်လင်သန့်စင်သော၊ ငယ်ရွယ်နုပျိုသော၊ လုံခြုံသော၊ရိုးရှင်းသော။

အ၀ါရောင်
တောက်ပသော၊ မျှော်လင့်ချက်ရှိသော၊ အကောင်းမြင်သော၊ ပျော်ရွှင်တက်ကြွသော၊ အသက်ဝင်သော။

Tuesday, May 29, 2012

ရုပ်အပေးထူးနေရုံနဲ့ အဟုတ်ကျေးဇူးမကျေပါ


မိဘအတွက်
အစားအသောက်၊
အ၀တ်အထည်၊
နေအိမ်တိုက်တာ၊
ကား ရထားစတဲ့
လူမှုအသုံးအဆောင်ပစ္စည်းတွေ
ပြည့်စုံအောင် စီမံဖန်တီးပေးတာကို
လောကနည်းနဲ့
ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။

မိဘရဲ့ စားဝတ်နေရေး
ကျန်းမာရေးအတွက်
ကိုယ်တတ်စွမ်းသမျှ
ရုပ်ဝတ္ထုပစ္စည်းတွေနဲ့
ကျေးဇူးဆပ်တာမို့
'ရုပ်ပိုင်းဆိုင်ရာ
ကျေးဇူးဆပ်နည်း' လို့လည်း
ဆိုနိုင်ပါတယ်။

'မိဘကျေးဇူးဆပ်လို့
မကျေနိုင်ဘူး'ဆိုတာ
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပဲ
ဖြည့်ဆည်းပေးတဲ့
လောကနည်းကျေးဇူးဆပ်ခြင်းကို
ရည်ရွယ်ပြီး ပြောတာပါ။

အရှင်ဆန္ဒာဓိက

စာကြွင်း၊  စိတ်အားဖြည့် ဓမ္မပန်းပွင့် - အရှင်ဆန္ဒာဓိက စာအုပ်ငယ်လေးမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Sunday, May 27, 2012

သတင်း...သတင်း

နေအိမ်အတွင်း HIV စမ်းသပ်မှုကို FDA ခွင့်ပြုမည်
အမေရိကန် ပြည်ထောင်စုရှိ ဆေးဝါးနှင့် အစားအသောက် အဖွဲ့အစည်း ဖြစ်သည့်  FDA အနေဖြင့် နေအိမ် အတွင်းတွင် မိမိဖာသာ  HIV စစ်ဆေးနိုင်မည့် စနစ်သစ် တစ်ခုကို အတည်ပြုပေးသင့်ကြောင်း ကျွမ်းကျင် သူ ၁၇ ဦး ပါဝင်သည့် အဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ကမကထပြုသူ အဖွဲ့ တစ်ခုမှ ပြောကြားလိုက်သည်။ ယခုလို စမ်းသပ်ခွင့်ကို ပေးနိုင်စေရန် အတွက် တညီတညွတ်တည်း သဘော တူညီခဲ့ကြကာ အဆိုပါ စမ်းသပ်သည့် ကိရိယာမှာ ပါးစပ် အတွင်းသို့ ထည့်သွင်းကာ သွေး နမူနာ ရယူပြီး မိနစ် ၂၀ အတွင်း အဖြေ ထုတ်ပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခုလို စမ်းသပ်ခွင့် ပေးခြင်းဖြင့် နှစ်စဉ် ဖြစ်ပွားနေသည့် HIV ကူးစက်မှုများနှင့် ပတ်သက်ပြီး အသစ်အသစ်သော ဖြစ်ရပ်များကို သိသာစွာ ဖော် ထုတ်နိုင်မည် ဖြစ်သည်ဟု အဆိုပါ အဖွဲ့ထဲမှ ကမကထ ပြုသူ တစ်ဦးဖြစ်သည့် Blaine Hollinger ဆိုသူမှ ပြောကြားခဲ့သည်။ အချို့သော ဝေဖန်သူများ၏ အပြောအရမူ ယင်းစမ်းသပ်မှု အတွက် သေချာစွာ အဖြေထုတ်နိုင် ၊ မထုတ်နိုင် ဆိုသည်ကိုမူ မေးခွန်း ထုတ်စရာများ ဖြစ်နေကြောင်း ပြောသည်။

သို့ရာတွင် အန္တရာယ် မဖြစ်စေဘဲ စမ်းသပ်နိုင်သည့် ကောင်းကျိုးကို ပေး စွမ်းနိုင်ကြောင်း ယင်းအဆိုကို လိုလားသူ အဖွဲ့မှ ပြောသည်။ ရောဂါဗေဒ ထိန်းချုပ်ရေး ဗဟိုအဖွဲ့၏ အပြောအရ အမေရိကန် နိုင်ငံတွင် လူတစ်သန်းကျော်မှာ HIV ရောဂါ ကူးစက်ခံနေရကြောင်းနှင့် ယင်းအထဲမှ ငါးပုံတစ်ပုံမှာ မိမိတို့ အနေဖြင့် HIV ရောဂါ ရှိထားသည်ကို သိရှိကြခြင်း မရှိကြောင်း ပြောကြား သွားခဲ့သည်။

MRTV-4 - နေအိမ်အတွင်း HIV စမ်းသပ်မှုကို FDA ခွင့်ပြုမည်

HIV/AIDS ကြောင့် ခွဲခြားနှိမ့်ချမှုများ ကင်းစင်ရေး

 အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ရောဂါကူးစက်မှုမှ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပြုစုစောင့် ရှောက်ခြင်းလုပ်ငန်းများတွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ဆောင် ရွက်သွားမည့် အစီအစဉ်ကို ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်က ဦးစီး၍ မေလ ၁၄ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဟု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာ ဗျူဟာစီမံကိန်း (၂၀၁၁-၁၅)၏ လမ်းညွန်မှုအရ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ကာကွယ် ကုသရေး လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍ ပိုမိုပါဝင်လာစေရန်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အိပ်ခ်ျအိုင်ဗီမူဝါဒများ ရေးဆွဲချမှတ်လာစေရန် စနစ်တကျ အားပေး ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကုလသမဂ္ဂ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ပူးတွဲအစီအစဉ်နှင့် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (MBCA) တို့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည်ဟု အဆိုပါအသင်း၏ တွဲဖက် အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမျိုးသားရေး စီမံကိန်းကို စီးပွားရေးကဏ္ဍကလည်း ပါဝင်ဆောင်ရွက်တာပါ။ အဓိက ကတော့ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ဝေဒနာ ရှင်တွေကို အလုပ်ခွင်မှာနှိမ့်ချ ဆက်ဆံ ခံရမှုတွေမရှိစေဖို့ ရည်ရွယ်ပါတယ်။ စီးပွားရေးအလုပ်ကိုလုပ်တဲ့ အခါ လူမှု ရေးစောင့်ရှောက်မှုတွေလည်း ပါဝင်လာ တဲ့သဘောလည်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

“၀န်ထမ်းတွေကို ဒီလို စောင့်ရှောက် ခြင်းအားဖြင့် ကိုယ့်အလုပ်ဝန်းကျင် တစ်ခုချင်းစီကနေ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံးကို အကျိုး ပြုနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ အစီအစဉ်တွင် ပါဝင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များသည် ခွဲခြား နှိမ့်ချမှုကင်းစင်သည့် လုပ်ငန်းခွင်ဖြစ် လာစေရန်၊ ခွဲခြားမှုကင်းစင်သည့် လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒများပေါ်ထွန်း လာရန်၊ ၀န်ထမ်းများအား အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်နှင့်သက်ဆိုင်သည့် သတင်း အချက်အလက်၊ ဗဟုသုတ များ ဖြန့်ဝေပေးရန်၊ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်မှုမှ ကာကွယ်ခြင်း၊ ကုသခြင်းနှင့်ပြုစုစောင့် ရှောက်ခြင်းများပေးနိုင်ရန်နှင့် အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကတိပြု လက် မှတ်ရေးထိုး ပါဝင်နိုင်မည်ဖြစ်သည်။

အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းများတွင် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့မှ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်နှင့် ပတ်သက်၍ ပုံမှန်ပညာပေးရေး အစီအစဉ်များ၊ ရောဂါပိုးရှိသူများ အပေါ် ခွဲခြားနှိမ့်ချမှုများ ပပျောက်စေရေး၊ ရောဂါပိုး ရှိသူများ အနေနှင့်လည်း မိမိကြောင့် ပတ်ဝန်းကျင် မထိခိုက်စေရန် ပညာပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သူ ဒေါက်တာ ခင်အေးအေးက “အိပ်ခ်ျအိုင်ဗီ ဖြစ်နေတဲ့ ၀န်ထမ်းကို ကူးမှာကြောက်လို့ လုပ်ငန်းခွင်ကနေ ထုတ်ပယ်တယ် ဆိုတာတွေ က ခေတ်မမီတော့ ပါဘူး။ သူတို့လည်း လုပ်ရည်ကိုင်ရည် ရှိနေသေးတယ်ဆိုရင် လက်ခံနိုင်ရမယ်။ တခြား ၀န်ထမ်းတွေကိုလည်း အသိ ပညာတွေ ပေးသင့် ပါတယ်” ဟု ပြော ကြားသည်။

၂၀၁၀ ပြည့်နှစ်အတွင်းက တိုင်းဒေသ ကြီးနှင့် ပြည်နယ်စုံရှိ အိပ်ခ်ျအိုင်ဗီပိုးရှိသူ အမျိုးသား ၁၆၆ ဦးနှင့် အမျိုးသမီး ၁၅၈ ဦးတို့ကို မေးမြန်းကောက်ယူခဲ့သော စစ်တမ်းအရ ဖြေဆိုသူများ၏ ၄၁ ရာခိုင် နှုန်းမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိခြင်းကြောင့် အလုပ်အကိုင်ဆုံးရှုံး ခဲ့ကြရရာ ၂၄ ရာခိုင် နှုန်းမှာ လုပ်ဖော်ကိုင်ဖက်တို့၏ ခွဲခြား ဆက်ဆံခြင်းကြောင့်ဖြစ်ပြီး ကျန်အရေအတွက်မှာ ၎င်းတို့၏ ကျန်းမာရေး အခြေအနေ ချို့တဲ့မှုကြောင့် မိမိဘာသာ အလုပ် ထွက်သင့်သည်ဟု ထင်သောကြောင့် အလုပ် ထွက်ခဲ့ကြခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်း များအရ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ တွင် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူ ၂၀၀,၀၀၀ ကျော်ရှိပြီး ကူးစက်ခံရသူ အများစုမှာ အသက် ၁၅ နှစ်မှ ၄၉ နှစ် အတွင်း အလုပ်လုပ်နိုင်သော အသက် အရွယ်များဖြစ်သည်။

ယမုံဖူးသစ် – အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ – ၃၁ ၊ ၅ ၊ ၂၀၁၂)

မြန်မာတိုင်းမ်HIV/AIDS ကြောင့် ခွဲခြားနှိမ့်ချမှုများ ကင်းစင်ရေး

Saturday, May 26, 2012

ဥပုသ်စောင့်ရအောင်


ငါးပါးသီလ၊ ၈ပါးသီလ၊ ၁၀ပါးသီလစောင့်ထိန်းကျင့်သုံးခြင်း ကို ဥပုသ်စောင်ခြင်းအဖြစ် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလေ့ ရှိကြပါတယ်။ သီလဆိုတာ စောင့်ထိမ်းခြင်းလို့ အဓိပ္ပာယ်ရသည်မဟုတ်လား။ ထားပါလေ ကျွန်တော်အခုရေးပြမှာတွေက ဆောင်းပါး တစ်စောင်အဖြစ် မမည်ဘဲ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပာယ်ကို သိကြဖို့ ဝေငှလိုရင်းဖြစ်ပါတယ်။

ဥပုသ်စောင့်ခြင်း
'ဥပုသ်' ဟူသော စကားသည် 'ဥပေါသထ' ပါဠိမှမြန်မာမှုပြုထားခြင်း။ ဥပ+၀သထ။ ဥပ=အကျင့်ကောင်းနှင့်ပြည့်စုံ၍။ ၀သထ=နေထိုင် ခြင်း အင်္ဂါ၈ပါးနှင့် ပြည့်စုံသောသီလကို ခံယူဆောက်တည်ကာ ဘုရား၊တရား ဂုဏ်တော် တိုးပွားများကာ အကုသိုလ်စိတ် အ၀င်မခံဘဲ စိတ်စင် ကြယ်စွာနေထိုင်ခြင်းသည် ဥပုသ်စောင့်ခြင်းဖြစ်သည်။

ဥပုသ်စောင့်စဉ် ဆောင်ရန် ရှောင်ရန်
- အလုပ်ကိစ္စ၊ အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စများကို ဆောင်ရွက်ရန် မသင့်လျော်ပါ။
- ဥပုသ်စောင့်သည့်နေ့၌ အစားအသောက်အတွက် ကိစ္စမများရန် ဂရုစိုက်ပါ။
- ဥပုသ်စောင့်မည့်နေ့ နံနက်ချိန်ကတည်းကပင် ကိုယ်လက်သန့်စင် သင့်တင့်မျှတသော အ၀တ်အစားကိုသာ ၀တ်ဆင်ပါ။
- သင့်လျော်ဆိတ်ငြိမ်ရာ၌ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်ကို နှလုံးသွင်း၍သော်လည်းကောင်း၊ တရားစာကိုကြည့်ရှုရွတ်ဖတ်၍ လည်းကောင်း တရားဟောသူမှဖြစ်စေ၊၊ ကက်ဆက်ခွေမှဖြစ်စေ နာ၍လည်းကောင်း၊ တရားစကားဆွေးနွေးမေးမြန်း၍လည်းကောင်း နေသင့်ပါ၏။
- တစ်နေ့တာလုပ်၍ ညအချိန်ရောက်သော် မိမိသီလကို ပြန်ဆင်ခြင်သုံးသပ်ပြီးမိမိသည် ယနေ့အတွက် သူတော်ကောင်း အရိယာ ပုဂ္ဂိုလ်တို့နှင့် တူမျှပုံကို အောက်မေ့ချမ်းမြေ့ပါ။
- နံနက်ချိန်ရောက်သောအခါ မိမိ ၈ပါးသီလမရှိတော့ဘဲ ဥပုသ်ထွက်ပြီဖြစ်သည်။

ဥပုသ် ၄ရက်
၁။ လဆန်း ၈ရက်ဥပုသ်နေ့
၂။ လဆန်း ၁၅ရက် လပြည့်ဥပုသ်နေ့
၃။ လဆုတ် ၈ရက် ဥပုသ်နေ့
၎။ လဆုတ် ၁၄ ရက် သို့မဟုတ် ၁၅ရက် လကွယ်ဥပုသ်နေ့ ဟူ၍တစ်လလျှင် ၄သီတင်း ဥပုသ်နေ့ကို အလွယ်သတ်မှတ်ထားကြ၏။
အခြားသော နေ့ရက်တို့၌လည်း ဥပုသ်မစောင့်ရဟု မဆိုလိုပါ။ သီလဆောက်တည် ဥပုသ်စောင့်နိုင်ကြသည်ဖြစ်၏။

ဥပုသ်အကျိုး
- စောင့်ထိန်းအပ်သော ဥပုသ်အကျိုးကာ လူမင်းစည်းစိမ်၊ နတ်မင်းစည်းစိမ်ကို အကြိမ်ကြိမ် ခံစားရသည်။

- သီလ ၈ပါးကို မလွန်ကျူးရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပေ။ မိမိစိတ်ကိုပါ စင်ကြယ်အောင်ထား၍ အားထုတ်ပါမှသာ ပို၍ အကျိုးများပါသည်။

စိတ်ကို စင်ကြယ်အောင် ထားရန်မှာ လောဘ၊ ဒေါသ၊ မာန်မာန၊ ဣသာ၊ မစ္ဆာရိယစသော ကိလေသာအညစ်အကြေးကို စင်အောင်ပြုခြင်း ဖြစ်ပါသည်။

များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေဟာ မိမိစောင့်ထိန်းအပ်သော သီလသိက္ခာပုဒ်များရဲ့ အနက်အဓိပ္ပာယ်ကိုသိနှင့်ပြီးဖြစ်ကြပါတယ်။ ဒါကြောင့် ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပာယ်အကျိုးသွားကိုသာ ဦးစားပေးဝေငှလိုက်ခြင်းဖြစ်ပါတယ်။ အထူးသတိပေးလိုတာကတော့ ညစာမစားရုံနှင့် ဥပုသ်စောင့်ခြင်း မမည်ပါဘူးဆိုတာပါပဲ။

စာကြွင်းဗုဒ္ဓဘာသာရဲ့ အခြေခံသဘောလေးများကို ဆက်လက်ဝေငှပါမည်။

Friday, May 25, 2012

အမျိုးသမီး ဆီးစပ် (ဗိုက်အောက်ပိုင်း) နာခြင်း


အမျိုးသမီးကြီး-ငယ်တွေမှာ ဆီးစပ် (ဗိုက်အောက်ပိုင်း) နာခြင်း ဖြစ်စေနိုင်တာတွေ အမျိုးမျိုးရှိတယ်။ အန္တရာယ်မပေးနိုင်တဲ့ ရာသီဖြစ်စဉ်နဲ့ဆိုင်တာ ဖြစ်နိုင်တယ်။ အစာခြေလမ်း ကသိကအောင့်ဖြစ်လို့လဲ နာနိုင်တယ်။ အရေးပေါ် အသက်ကိုရန်ရှာနိုင်တာလဲ မဖြစ်ဘူး မပြောနိုင်ပါ။
 
1. Appendicitis အူအတက်ရောင်ခြင်း

ဗိုက် အောက်ပိုင်း ညာဘက်မှာ ရုတ်တရက် စူးစူးရှရှနာမယ်။ ကိုယ်ပူမယ်။ အန်မယ်။ အရေးပေါ်ဌာန ပြပါ။ ချက်ချင်း ခွဲခြင် ခွဲရမယ်။ ရုတ်တရက်ရောင်တာ မဟုတ်ရင် မခွဲသေးဘဲ ဆေးကုလို့ရတယ်။

2. Irritable Bowel Syndrome (IBS) နာတာရှည် အစာမကျေရောဂါ
နာလိုက်-ပျောက်လိုက်၊ ရင်ပြည့်-ရင်ကယ်ဖြစ်လိုက်နေမယ်။ ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက်နေမယ်။ ဆရာဝန်တွေလဲ ဘာလို့ ဖြစ်တာ တိတိကျကျ မသိပါ။ ဒါပေမဲ့ ဆေးနဲ့ အစားအစာ ပြုပြင်တာနဲ့ အများကြီး သက်သာစေမယ်။

3. Painful Ovulation
Mittelschmerz လို့လဲခေါ်တယ်။ လစဉ်ရာသီတလရဲ့ အလည်ရက်မှာ မျိုးဥအိမ်ကနေ မျိုးဥတခုထွက်လို့လဲ တချို့မှာ နာတယ်။ အနာသက်သာဆေး တခုခုနဲ့ ပျောက်ပါတယ်။

4. PMS
Premenstrual Syndrome ရာသီမလာခင်ဖြစ်ချင်တာတွေထဲက တခုပါ။ အတော်များများ ခံစားကြရတယ်။ တချို့ အတော်ဆိုးတယ်။ ဗိုက်နာတာအပြင် စိတ်မူပြောင်းတာလဲ ဖြစ်ကြရတယ်။ ခေါင်းကိုက်၊ ရင်သားနာ၊ ဝင်ခြံပေါက်။ သပ်သပ်ရေးထားပါတယ်။

5. Menstrual Cramps
ရာသီလာရင် နာတာသက်သက်ကိုပြောတာ။ သားအိမ် အတွင်းဆုံးလွှာက ပါးရာကနေ ထူထူလာပြီး နောက်ဆုံး ပျက်စီးပြီး သွေးနဲ့ တစ်ရှူးတွေ ဆင်းလာကို ရာသီ ဆင်းတယ်လို့ ခေါ်တယ်။ ဆင်းစရာတွေ ထွက်ကျအောင် သားအိမ်က ညှစ်လို့ နာတာခံရတယ်။

6. Ectopic Pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
ကံမသင့်ရင် ဖြစ်ချင်တယ်။ ကိုယ်ဝန်နုတုံးမှာ သန္ဓေတည်တာက သားအိမ်မဟုတ်တော့ ကြီးလာတာကို ကျယ်-ဆန့် မပေးနိုင်တဲ့ နေရာမှာ နောက်ဆုံး ပေါက်ကွဲထွက်လို့ မခံမရပ်နိုင်အောင်နာမယ်။ အရေးပေါ်ဖြစ် တယ်။ သပ်သပ်ရေးထားပါတယ်။

7. Pelvic Inflammatory Disease တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း
STDs လိင်ကတဆင့်ကူးစက်ရောဂါတွေရဲ့ နောက်ဆက်တွဲဖြစ်တာတွေထဲက တခုဖြစ်တယ်။ သားအိမ်ဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ် စတာတွေက ရောင်လိုက်၊ သက်သာလိုက်ဖြစ်မယ်။ ဗိုက်နာမယ်။ ဘယ်-ညာ တဖက်ထဲ၊ နှစ်ဖက်လုံး နာနိုင်တယ်။ ထိမိရင်လဲနာမယ်။ အိမ်ထောင်နဲ့ ဆက်ဆံရင်လဲ တချို့မှာ နာမယ်။ မွေးလမ်းကနေ ဆင်းတာလဲ ရှိနိုင်တယ်။ ကြာရင် ကလေးမရနိုင်တာ ဖြစ်သွားနိုင်တယ်။ သပ်သပ်ရေး ထားပါတယ်။

8. Ovarian Cysts မျိုးဥအိမ် အကျိတ်
ဒီနေရာမှာ အကျိတ်ဖြစ်တိုင်းတော့ မနာပါ။ တချို့ နေ့စေ့လစေ့ ကိုယ်ဝန်လောက်အထိကြီးလဲ မနာဘူး အလှည့်မသင့်ရင် နာမယ်။ အလှည့်မသင့်ဆိုတာ ဒီနေရာမှာ အတိအကျပြောတာလိုဘဲ၊ အညှာနေရာ ရှိလေတော့ လည်ရင်း လှည့်ရင်းနဲ့ လိမ်ပြီး ညှစ်တာခံရလို့ သွေးကောင်းကောင်းမလျှောက်၊ ရောင်လာလို့ နာတာဖြစ်တယ်။ ချက်ချင်း ခွဲရတတ်တယ်။

9. Uterine Fibroids သားအိမ် အသားပိုအလုံး
ဒါကလဲ ဖြစ်တိုင်းတော့ မနာဘူး။ တလုံးမက ရှိနေလဲ နာချင်မှနာမယ်။ ကင်ဆာတော့ မဟုတ်ပါ။ တချို့ကြ နာတယ်။ ဆက်ဆံချိန်မှာ နာသူလဲရှိတယ်။ သွေးဆင်းများတာ၊ ခါးနာတာတွေလဲ တွဲနေတတ်တယ်။

10. Endometriosis သားအိမ်ရောဂါ တမျိုး
နာမှာသေခြာတယ်။ ရာသီလာချိန်လဲနာမယ်။ အတူနေရင်လဲနာမယ်။ သားအိမ် (တစ်ရှူး) တွေ တခြားနေရာရောက်နေလို့ ဖြစ်ရတယ်။ ဆေးကုရလဲ ခက်တယ်။ သပ်သပ်ရေးထားပါတယ်။

11. Urinary Tract Infection ဆီးလမ်းပိုးဝင်ခြင်း
ဆီးသွားချိန်နာမယ်။ ဆီးခဏခဏသွားချင်မယ်။ သွားချစ်စိတ်ရှိတာနဲ့ ရေချိုးခန်း တန်းပြေးရမယ်။ ဆီးပူမယ်။ ဆီးထဲ အနည်ပါမယ်။ သွေးပါတတ်တယ်။ ပြည်ပါနေမယ်။ အရွယ်မရွေးဖြစ်တယ်။ (ဟန်းနီးမွန်း) မှာ အဖြစ်များတယ်။ အပျိုတွေလဲ ဖြစ်တတ်တယ်။ အသက်ကြီးမှလဲ ဖြစ်တာဘဲ။

12. Kidney Stones ကျောက်ကပ် ကျောက်
နာတဲ့ကျောက်က နာတယ်။ တစ်ဆို့နေတာမျိုးက သိပ်နာတယ်။ ဆီးထဲသွေးပါလာတတ်တယ်။

13. Interstitial Cystitis (IC)
နာတာရှည် ဆီးအိမ်ရောဂါဖြစ်တယ်။ ဘာလို့ဖြစ်လဲ မပြောတတ်ဘူး။ ဆီးသွားရဖန်များမယ်။ ဆီးသွားလဲနာ၊ အတူနေလဲ နာနိုင်တယ်။ အသက် ၃ဝ-၄ဝ ကြား အဖြစ်များတယ်။

14. Sexually Transmitted Diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ
Chlamydia (ကလာမိုင်ဒီးယား) နဲ့ Gonorrhea (ဂနိုးရီးယား) တွေက အဖြစ်များတယ်။ တွဲဖြစ်တာလဲရှိမယ်။ ဆီးစပ်နေရာနာ၊ ဆီးအောင့်၊ ကြားရက်သွေးဆင်း၊ မွေးလမ်းက တခုခုဆင်းတာတွေ ရှိနိုင်တယ်။

15. Pelvic Organ Prolapse သားအိမ်ကျခြင်း
Cystocele ဆီးအိမ်ကျတာ ပိုများတယ်။ Rectocele အစာဟောင်းအိမ်လဲကျမယ်။ Uterine peolapse သားအိမ်ပါကျနိုင်တယ်။ နာတဲ့လူမှာ နာမယ်။ မွေးလမ်းမှာ တစ်ဆို့ဆို့နေတာက သိသာတယ်။ (ကီဂယ်လ်) လေ့ကျင့်ခန်းလုပ်ပါ။ သပ်သပ်ရေးထားပါတယ်။ လိုအပ်ရင် ခွဲစိတ်ပါ။

16. Pelvic Congestion Syndrome
ခြေထောက်မှာ အကြောထုံးတယ်လို့ခေါ်မျိုး အတော်များများမြင်ဘူးမယ်။ မမြင်ရတဲ့ အထဲမှာလဲ အဲဒါမျိုးဖြစ်နိုင်တယ်။ တင်ပါးဆုံတွင်းမှာဖြစ်ရင် နာမယ်။ အိပ်-လှဲနေတာ သက်သာတယ်။ ထိုင်တာ၊ ရပ်တာမှာ နာမယ်။

17. Scar Tissue အမာရွတ်
အရင်က ဗိုက်ကို တခုခုကြောင့် ခွဲစိတ်ကုသမှု ခံဘူးရင် အမာရွတ်ကနေ နာစေနိုင်တယ်။ လူတိုင်းတော့ မဟုတ်ဘူး။ အမာရွတ်ဆိုတာ အပြင်မှာမြင်ရတာကြည့်ရင် တယောက်နဲ့ တယောက် မတူတာသတိထား မိကြမှာဘဲ။ အထဲလဲ အဲလိုဘဲ။ တချို့ရောဂါတွေက အဲလိုဖြစ်ဏတတ်တယ်။ အမာရွတ်ဆိုတာက အထဲမှာ အမျဉ်းတန်းနေလို့ တခြားအင်္ဂါနဲ့ ငြိနေ၊ ကပ်နေ၊ ဆို့နေရင် နာမယ်။ အူပိတ်တာအထိ ဖြစ်စေနိုင်တယ်။ ထပ်ခွဲစိတ်ရတာလဲ ရှိတတ်တယ်။

18. Vulvodynia
မိန်းမကိုယ်မှာ နာတာရှည်နာနေသူရှိတတ်တယ်။ ဒါလဲ ဘာလို့လာဖြစ်လဲ မပြောတတ်ဘူး။ မွေးလမ်းအဝ နားတဝှိုက်မှာ နာတတ်တယ်။ ဆက်ဆံမှု မလုပ်ဘဲနဲ့နာတယ်။ ပူလောင်နာ၊ ထိုးနာမယ်။ စက်ဘီးစီးရင်လဲနာ အတူနေလဲနာမယ်။

19. Pain during sex
Dyspareunia ခေါ်တယ်။ အပေါ်ကအကြောင်းတရားတွေကနေ ဖြစ်နိုင်တယ်။ ဆေးကုလို့ရတာ များပါတယ်။ တခြား အကြောင်းတွေထဲမှာ Vaginal infections (ဗဂျိုင်းနား) ကို ပိုးဝင်တာ နဲ့ Insufficient lubrication ဗဂျိုင်းနား စိုစွမ်မှုနည်းလို့လဲပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်မှာ နာမယ်။ သပ်သပ်ရေးထားပါတယ်။

20. Chronic Pelvic Pain
အဲလိုနာနေတာ ၆ လ ကျော်ရင် နာတာရှည်လို့ သတ်မှတ်တယ်။ အိပ်ရေးပျက်။ အလုပ်ပျက်၊ လင်-မယား ဆက်ဆံရေးလဲ ခက်မယ်။ စနစ်တကျ ရောဂါရှာပြီး ကုသရမယ်။

ဒေါက်တာတင့်ဆွေ (၁၁-၃-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - အမျိုးသမီး ဆီးစပ် (ဗိုက်အောက်ပိုင်း) နာခြင်း 
 

Thursday, May 24, 2012

၇နေ့ ဘုရားရှိခိုး


လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သော မြတ်စွာဘုရား၏ အတ္ထုပ္ပတ္တိ ဘုရားရှိခိုးကို ပြန်လည်ဝေမျှချင်ပါတယ်။
မိမိကိုးကွယ်ရာ ဂေါတမဘုရားရှင်ရဲ့ အဓိကကျသော နေ့ရက်တွေအကြောင်း သိရှိနိုင်ကြဖို့ဖြစ်ပါတယ် ခင်ဗျာ့။
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆို လပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ကိန်းပါကို။ (ကြာသပတေးနေ့)

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မျှို့လမ်းပါကို။(သောကြာ)

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ် လျှံလူ၊ စံတော်မူ ၍၊ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ ရဂုံ၊တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။ (တင်္နလာနေ့)

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ရပမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်သူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။ (ဗုဒ္ဓဟူးနေ့)

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါး၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဒီ၊ စုံအညီနှင့်၊ မဟီ တစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ် ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်း တယ်ကို။ (စနေနေ့)

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာ သောင်သို့၊ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါ လေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်း စုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဂူ၊ စံတော်မူသည်၊ ၀ုန်းဆူသောင်းလုံး ကျော်တယ်ကို။ (အင်္ဂါနေ့)

နိဗ္ဂူစံပြီး၊ ရှုမအီသာ၊ သိင်္ဂီ ရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ် ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနော၊ ဓာတ်တေဇော လျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော် ရှစ်စိတ် ကြွင်းတယ်ကို။ (တနင်္ဂနွေနေ့)
ကိုယ်ကိုးကွယ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ အဖြစ်သနစ်အချို့ကို သိရှိကြရလို့ ၀မ်းသာကြမယ်ထင်ပါတယ်နော်။
Alex Aung
စာကြွင်း။ ။ အခြေခံ ဗုဒ္ဓဘာသာ သိမှတ်စရာလေးတွေကို ဆက်လက်ဝေငှပါဦးမယ်။

Wednesday, May 23, 2012

အချစ်ဝတ္ထု ရေးနည်း-၁၀၁


ရသ စာပေတွေ ဈေးကွက်မှာ အားနည်းလာတယ် ဆိုကြပေမဲ့ အချစ်ဝတ္ထု များကတော့ ပန်းပန်လျက်ပါ အခြေအနေမှာ ရှိပါတယ်။
ကမ္ဘာမှာလည်း ထိုနည်း အတူပါပဲ။ အချစ်ဝတ္ထုများဟာ စာပေ ၀တ္ထုများ၊ လျှို့ဝှက်သည်းဖို ၀တ္ထုများထက် အများကြီး ရောင်းအား ကောင်းပါတယ်။ အချစ်ဝတ္ထု ရေးနည်း ၁၀၁ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာမ ရေဗက္ကာယော့ခ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် The Writer မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီလ စာပေဆောင်းပါး စိတ်ဝင်စားသူများ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။

၁၉၈၀ ပြည့်နှစ်များကတည်းက စာပေလောကမှာ ရောင်းအား အကောင်းဆုံး ၀တ္ထုများ အဖြစ် ရပ်တည်ခဲ့တဲ့ အချစ်ဝတ္ထုများ ဈေးကွက်က ပြောင်းလဲ လာပါတယ်။ အခြေခံ အချက်အလက်များက မပြောင်းလဲဘဲ ရှိခဲ့ပေမဲ့ ဇာတ်ကောင် စရိုက်များ၊ ဇာတ်အိမ်တည် ဆောက်ပုံများက အချစ် ၀တ္ထုများမှာ ဘယ်သူမှ မျှော်လင့် မထားတဲ့ ပုံစံမျိုး ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ကျွန်မက အချစ် ၀တ္ထုများနဲ့ ပတ်သက်ပြီး ပြောလေ့ပြောထ ရှိခဲ့တာက အချစ်ဝတ္ထု ဆိုတာ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ပေါင်းသင်း ဆက်ဆံရေး အခြေအနေ တိုးတက် ပြောင်းလဲလာမှုကို ဖော်ပြတာပဲ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ခေတ် အချစ်ဝတ္ထုများကတော့ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းမျိုးသာ မကတော့ဘဲ မိန်းမ တစ်ယောက်နဲ့ ပုတ်သင်ညိုကလေး တစ်ကောင် သံယောဇဉ် နှောင်ဖွဲ့တာမျိုးလည်း ဖြစ်လာပါတယ်။ အဲဒါအပြင် ဒီနေ့ ရေးနေကြတဲ့ အချစ်ဝတ္ထုများက ယောက်ျားနှစ်ယောက် သို့မဟုတ် မိန်းမနှစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းတွေလည်း ရေးဖွဲ့လာကြပါတယ်။

အမေရိကန် ပြည်ထောင်စု အချစ်ဝတ္ထု စာရေးဆရာများ အဆိုအရ ၂၀၀၇ ခုနှစ်မှာ အချစ်ဝတ္ထုများ ရောင်းရတဲ့ ၀င်ငွေဟာ ဒေါ်လာ ၁.၃၇၅ ဘီလီယံ ရှိပြီး သည်းထိတ်ရင်ဖို ၀တ္ထုများက ဒေါ်လာ သန်း ၆၅၀၊ စာပေဆိုင်ရာ ၀တ္ထုများ ရောင်းရငွေက ဒေါ်လာ ၄၆၆ သန်းသာ ရှိပါတယ်။ ၂၀၀၇ ခုနှစ်အတွင်းမှာ အချစ်ဝတ္ထုပေါင်း ၉၀၀၀ ထွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိန်းဂဏန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အချစ်ဝတ္ထု စာရေးဆရာများအတွက် အခွင့်အလမ်းက အများကြီး ကောင်းနေပါတယ်။ ဒီလိုဆို အချစ်ဝတ္ထုတွေပဲ ရေးရတော့မလားလို့ မေးချင်သူများအတွက် ကျွန်မ အကြံ ပေးချင်ပါတယ်။ အချစ်ဝတ္ထုများကို ဖတ်ရတာ စိတ်ချမ်းသာတယ်၊ စိတ်ကြည်နူးတယ်၊ စိတ်ဝင်စားတယ် ဆိုတဲ့သူများသာ အချစ်ဝတ္ထု ရေးဖို့ ကြိုးစား စေချင်ပါတယ်။ အချစ် ၀တ္ထုများမှာ ရေးနည်းရေးဟန်၊ ပုံသေနည်းတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တကယ်တော့ အချစ် ၀တ္ထုများမှာ ပုံသေနည်း မရှိပါဘူး။

လျှို့ဝှက်သည်းဖိုဝတ္ထုများမှာတော့ တရားခံနဲ့ ဥပဒေဘက်တော်သားတို့ ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ကြပြီး နောက်ဆုံးမှာ ဥပဒေ ဘက်တော်သားက အနိုင်ရကာ ဇာတ်သိမ်းလေ့ ရှိပါတယ်။ ဒါကြောင့် လျှို့ဝှက် သည်းဖိုဝတ္ထုများကတော့ ပုံသေနည်း ရှိတယ်လို့ ကျွန်မ ပြောချင်တာပါ။ လျှို့ဝှက်သည်းဖို ၀တ္ထုများကိုဖတ်တဲ့ ပရိသတ်တွေက သူတို့မှာ အတော်အတန် စာဖတ်သက် ရှိကြပြီး မှုခင်း ကျူးလွန်သူက ဘာလုပ်မယ်၊ ဥပဒေ ဘက်တော်သားက ဘာလုပ်မယ် ဆိုတာတွေကို ခန့်မှန်း တတ်ကြပါတယ်။ ထိုနည်းတူစွာပဲ အချစ်ဝတ္ထု ဖတ်သူများကလည်း အချစ်ဝတ္ထုတွေချည်း တစိုက်မတ်မတ် ဖတ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် တော်ရုံတန်ရုံ ဇာတ်လမ်းဆိုရင် ရှေ့ဆက် ဘာဖြစ်မယ် ဆိုတာကို ခန့်မှန်း နိုင်ကြပါတယ်။

ကျွန်မ အတွေ့အကြုံ အရ အချစ်ဝတ္ထု ဖတ်သူ အများစုဟာ မိန်းမစာဖတ် ပရိသတ်များ ဖြစ်ပြီး သူတို့ မမျှော်လင့်တဲ့ ဇာတ်ကွက်မျိုးကို စာရေးဆရာက ဖန်တီးနိုင်မှသာလျှင် အောင်မြင်တဲ့ အချစ်ဝတ္ထု ဖြစ်မှာပါ။ အချစ်ဝတ္ထု ဖတ်သူများမှာ စာရေးဆရာ အစွဲ ရှိတတ်ပါတယ်။ ဥပမာ နိုရာရောဘတ်စ် ဖတ်သူက နိုရာရဲ့ဝတ္ထုများကို အစဉ်တစိုက် ဖတ်ပြီး ဂျူလီဂါဝုဒ် ၀တ္ထု ဖတ်သူများကလည်း ဂျူလီရဲ့ ၀တ္ထုကိုသာ ဖတ်တတ်ပါတယ်။ ဒါ ကြောင့် ကိုယ်က အချစ်ဝတ္ထု ရေးမယ် ဆိုရင် သူတို့ထက် ကောင်းတဲ့ဇာတ်အိမ် ဖွဲ့နိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။


အချစ် ၀တ္ထုများမှာ ဇာတ်အိမ် အမျိုးမျိုး တည်ဆောက်လို့ ရပါတယ်။ ရိုးရိုးတန်းတန်း အချစ်ဝတ္ထုများကတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ရဲ့ အချစ်ကို ဖော်ကျူးတဲ့ ၀တ္ထုများ ဖြစ်ပါတယ်။ တချို့ စာရေးဆရာများက ဒီနေ့ခေတ်ကို ရေးဖွဲ့တာ ဖြစ်ပေမဲ့ တချို့က သမိုင်းနောက်ခံ အချစ် ၀တ္ထုများကို ရေးကြတာတွေလည်း ရှိပါတယ်။

ဒီနေ့ရေးဖွဲ့နေကြတဲ့ အချစ်ဝတ္ထု များကို အမျိုးအစားအလိုက် သရုပ်ခွဲ ကြည့်မယ်ဆိုရင်-
-သည်းထိတ်ရင်ဖိုအချစ်ဝတ္ထု
-ချိုမြိန်ကြည်နူးဖွယ်ရာ အချစ်ဝတ္ထု
(ဒီဝတ္ထုမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် လက်ကိုင်တဲ့အဆင့် လောက်သာ ရေးဖွဲ့ကြပြီး ဇာတ်သိမ်း တော့မှသာ အနမ်းနဲ့ ဇာတ်သိမ်းကြပါ တယ်။)
-စိတ်ကြွစေသော အချစ်ဝတ္ထု
(ဒီဝတ္ထုမျိုးကတော့ ချစ်ခန်းတော် တော်များများ ပါဝင်ပြီး စာဖတ်သူကို စိတ်ကြွလာစေအောင် ရေးဖွဲ့ကြပါတယ်။)
-ထူးခြားဆန်းကြယ်တဲ့ အချစ်ဝတ္ထု
(ဒီဝတ္ထုမျိုးမှာတော့ အမျိုးသား သို့မဟုတ် အမျိုးသမီးကလေးရဲ့ ချစ်သူ က ဂြိုဟ်သားဖြစ်နေတာမျိုး၊ သွေးစုပ် ဖုတ်ကောင် ဖြစ်နေတာမျိုး စတဲ့ သာမန် ဇာတ်ကောင်မဟုတ်တဲ့သူများနဲ့ ချစ် ကျွမ်းဝင်တာကို ရေးဖွဲ့ကြပါတယ်။)
ဒီလိုသရုပ်ခွဲကြည့်ပြီးရင် ကိုယ်က ဘယ်လို ၀တ္ထုမျိုးကို ရေးချင်တာလဲ ဆိုတာ ဆုံးဖြတ် ရပါလိမ့်မယ်။ အချစ်ဝတ္ထု ရေးဖို့ အမှန်တကယ် လိုအပ်တဲ့ အချက် ၁၀ ချက်ကို ကျွန်မ ပြောပြပါမယ်။

၁။
ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ အချစ်ဝတ္ထု ရေးတော့မယ် ဆုံးဖြတ်တဲ့ အတွက် လုံးချင်း အချစ်ဝတ္ထုတွေ ထောင်နဲ့ချီပြီး ဖတ်ဖူးသူ ဖြစ်ရပါမယ်။ ဒါမှသာ အချစ်ဝတ္ထု ကောင်းကောင်း တစ်ပုဒ်ကို ဘယ်လို ဖန်တီးရမယ်ဆိုတဲ့ အတွေးရနိုင်မှာပါ။

၂။
အထက်မှာ သရုပ် ခွဲထားတဲ့ ၀တ္ထု အမျိုးအစားတွေထဲက ဘယ်လို အမျိုး အစားကိုပဲ ရေးမှာဖြစ်စေ၊ ဇာတ်ကောင်များရဲ့ အဖြစ်အပျက်ကတော့ အဓိကအာ ရုံစိုက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဆိုကြပါ စို့။ ကိုယ်က သည်းထိတ်ရင်ဖို အချစ် ၀တ္ထုတစ်ပုဒ်ကို ရေးမယ်လို့စဉ်းစားရင် အန္တရာယ် ကြုံတွေ့နေရပြီး ချစ်သူရှိတဲ့ မိန်းမတစ်ယောက် အကြောင်း ရေးရုံနဲ့ မပြီးနိုင်ပါဘူး။ အန္တရာယ် ရင်ဆိုင်နေရတဲ့ ကြားကနေ အချစ်တွေ ပေါက်ဖွားပြီး ချစ် သွားကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဇာတ်လမ်းသာ ဖြစ်ရပါမယ်။ တစ်ခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ကိုပဲ အသားပေးနေပြန်ရင်လည်း ရေးတဲ့ ၀တ္ထုက သည်းထိတ်ရင်ဖို အချစ်ဝတ္ထု ဖြစ်မလာတော့ဘဲ တခြားစီဖြစ်သွားပါ လိမ့်မယ်။ ကိုယ် ရေးချင်တာကသည်း ထိတ်ရင်ဖိုဇာတ်လမ်းလည်း ဖြစ်ရမယ်။ အချစ်အကြောင်းလည်း ပါရမယ် ဆိုတာကို သတိထားရပါမယ်။

၃။
ဘယ်လိုစရေးမလဲ။ ပထမဆုံး ချ ရေးလိုက်တဲ့ ၀ါကျက စာဖတ်သူကို ဖမ်းစားနိုင်မယ့် ၀ါကျဖြစ်ဖို့ လိုပါတယ်။ ထိုနည်းတူစွာ ပထမဆုံး စာပိုဒ်က ကိုယ့် ၀တ္ထုကို အရောင် ပြောင်လက်လာအောင် တင်ပေးမယ့် စာပိုဒ်ဖြစ်ဖို့လည်း လိုအပ်တယ် ဆိုတာ သတိပြုရပါမယ်။ စာဖတ်သူကို ပထမ စာပိုဒ်နဲ့ ဖမ်းစားလိုက်နိုင် ရင် နောက်ဘာဖြစ်မှာလဲ ဆိုတာ စာ ဖတ်သူက အလိုလို စိတ်ဝင်စားလာပါ လိမ့်မယ်။

အချစ်ဝတ္ထု အများစုရဲ့ ဇာတ်လမ်း အစက နောက်ခံ အကြောင်းအရာတွေ အများကြီးနဲ့ စတတ်ပါတယ်။ ဒါကြောင့် ကျွန်မ အမြဲ သုံးသပ်ဖြစ်တဲ့ အချက်ကတော့ ဒီအချက်အလက်တွေကို အခု ချက်ချင်းမပြောဘဲ နောင်ကျမှ ၀တ္ထုထဲ မှာ တဖြည်းဖြည်းချင်း ထည့်သွင်းသွား ရင်ကော မဖြစ်နိုင်ဘူးလား။

ကိုယ့်ဝတ္ထုကလေးက စာဖတ်ပရိ သတ်လက်ကို မရောက်ခင် အယ်ဒီတာ စားပွဲကို ဖြတ်သန်းရမှာပါ။ အယ်ဒီတာ ဆိုတဲ့ လူမျိုးက သူ့စားပွဲပေါ်မှာ စာမူတွေ တောင်ပုံယာပုံ ရှိတတ်တာဆိုတော့ အား လုံးထဲမှာ ကိုယ့်ဝတ္ထုကို ရွေးဖတ်ဖြစ် သွားအောင် ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ အယ်ဒီတာကို မဆွဲဆောင်နိုင်ဘူးဆိုရင် တော့ ဈေးကွက်မှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။

ဂျူလီဂါဝုဒ် ရေးခဲ့တဲ့ Honor’s Splendour ၀တ္ထုရဲ့ ပထမဆုံး စာကြောင်းက “သူတို့က သူ့ကို သတ်ပစ် ဖို့အထိ ရည်ရွယ် ထားကြတယ်”လို့ စထားပါတယ်။ ဒီစာကြောင်းကို ဖတ် လိုက်ရုံနဲ့ စာဖတ်ပရိသတ်ကို ဖမ်းစား လိုက်ပါပြီ။
ကျွန်မ ရေးခဲ့တဲ့ Killing Moon ၀တ္ထုမှာဆိုရင် “ရော့စ်မာရှယ်လ်က တကယ့်ကို သေသေသပ်သပ် ၀တ်ထားတာ။ အနက်ရောင် ရှပ်အင်္ကျီ၊ အနက် ရောင် ဘောင်းဘီနဲ့ ပြောင်လက်တောက် ပနေတဲ့ အနက်ရောင် ရှူးဖိနပ်ကို စီးထား တယ်”လို့ စခဲ့ပါတယ်။ ဇာတ်ကောင်ရဲ့ အသေးစိတ်အချက်အလက်ကို ပထမဦး စွာ ပြောလိုက်ပြီးတော့မှ သူ့လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

၎။
ဟုတ်ပါပြီ။ ၀တ္ထုအစကို အဲဒီလို စိတ်ဝင်စားစရာ ကောင်းလောက်တဲ့ စာ ပိုဒ်နဲ့ စလိုက်ပြီးတဲ့ နောက်မှာ စာဖတ်ပရိသတ် ငြီးငွေ့ မသွားရအောင် ဘယ်လို ဆက်ပြီး သယ်သွားမလဲ။ ကိုယ့်ဇာတ်ကောင်က အမျိုးသားဆိုရင် အမျိုးသမီး တစ်ယောက်နဲ့ တွေ့ပေးရတော့မယ်။ အမျိုးသမီးဇာတ်ကောင် ဆိုရင်လည်း အမျိုးသား တစ်ယောက်နဲ့ တွေ့ပေးရမယ်။ ဘယ်လိုတွေ့ပေးမလဲ။ မြင်မြင် ချင်းမှာ သူတို့နှစ်ယောက် စိတ်ဝင်စား သွားရမယ်။ ချစ်သွားရမယ်။ အဲဒီနောက် မှာတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုရင်တော့ စာဖတ်ပရိသတ်က အချိန်ကုန်ခံပြီး ဒီဝတ္ထုမျိုးကို ဖတ်နေမှာ မဟုတ်ပါဘူး။

ဝတ္ထုကောင်း တစ်ပုဒ်မှာ ပြဿနာ ဖြစ်တဲ့ ဇာတ်ကွက် တစ်ခုနဲ့ စရပါမယ်။  အဲဒီ ပြဿနာကို သူ သို့မဟုတ် သူမက ကျော်လွှား နိုင်ရပါမယ်။ ဒါတွေကို အတွင်း ပဋိပက္ခနဲ့ အပြင် ပဋိပက္ခရယ်လို့ နှစ်ပိုင်း ခွဲခြားပြီး ပြောနိုင်ပါတယ်။

တကယ်လို့ ကိုယ်က သည်းထိတ် ရင်ဖို အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် ဒီဇာတ်လမ်းမှာ စိတ်ရောဂါသည် လူသတ်သမားများ၊ ဒုစရိုက်သမားများ၊ ပညာတတ် အန္တရာယ်များသော ပုဂ္ဂိုလ်များ စသည်တို့က သူ သို့မဟုတ် သူမ ကို ခြိမ်းခြောက်နေတာ ဖြစ်ပါမယ်။

ဒါပေမဲ့ ထိပ်တိုက်ရင်ဆိုင်မှု သို့ မဟုတ် ပဋိပက္ခက အချစ်ဝတ္ထုများမှာ မပါမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ် ပါတယ်။ ဆိုကြပါစို့။ အမျိုးသမီးဇာတ် ကောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားဖြစ်ပြီး အမျိုးသားဇာတ်ကောင်က တောမီးရှို့ကာ စိုက်ခင်းဖော်ဆောင်တဲ့ သူ ဖြစ်တယ်ဆိုရင် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိကြပြီပေါ့။ ဒါမှ မဟုတ် အမျိုးသမီးကလေးက စီးပွား ရေးလုပ်ငန်း ခပ်သေးသေးလေးတစ်ခု ကို ကြိုးစားလုပ်ဆောင်နေတဲ့သူဖြစ်ပြီး အမျိုးသားဇာတ်ကောင်ကတော့ ကျိကျိ တက်ချမ်းသာကာ စီးပွားရေးလုပ်ငန်း ကြီးတစ်ခုကို အမွေဆက်ခံထားသူ ဖြစ် မယ်ဆိုရင်လည်း သူတို့နှစ်ယောက် ထိပ် တိုက်ရင် ဆိုင်တွေ့မှာပါပဲ။ ဒီကျောရိုးမျိုး ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်မှုက အတွင်းရော အပြင်ပါ ပါဝင်မှာ ဖြစ်ပါ တယ်။

သို့သော် ခိုင်မာတဲ့ အချစ် ၀တ္ထုများမှာ စာဖတ်သူကို စိတ်လှုပ်ရှားမှု အပြည့်အ၀ ပေးတဲ့ ဇာတ်လမ်းများ ဖြစ်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီဇာတ်လမ်းမျိုးမှာ အတွင်းရော အပြင်ပါ ပဋိပက္ခတွေ ရှိတဲ့အတွက် စာဖတ်သူရဲ့ ရင်ထဲမှာ ဒီအမျိုးသား ဇာတ်ကောင်နဲ့ အမျိုးသမီး ဇာတ်ကောင်တို့ဟာ ဆုံ စည်းနိုင်မှာ မဟုတ်ဘူးလို့ ခံစားသွားရ အောင် ရေးဖွဲ့နိုင်ရပါမယ်။ အမျိုးသမီး ဇာတ်ကောင်ရဲ့ ခင်ပွန်းက ရဲတစ်ယောက် ရဲ့ မတော်တဆ ပစ်ခတ်မှုနဲ့ ကွယ်လွန် သွားခဲ့ရပြီး အမျိုးသားဇာတ်ကောင်က အဲဒီရဲကို ပစ်လိုက်တယ်ဆိုရင် ရှေ့ဆက် ရမယ့်ဇာတ်လမ်းက သူတို့နှစ်ယောက် ချစ်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမျိုးသားဇာတ်ဆောင်က နောက်ကြောင်းတစ်စုံ တစ်ရာရှိတဲ့သူ ဖြစ်နေမယ် ဆိုရင် သူတို့နှစ်ယောက် ဒီအခက် အခဲကို ကျော်လွှားကြပုံများက အချစ် ၀တ္ထု ဖတ်နေတဲ့ စာဖတ် ပရိသတ်ကို ဆွဲဆောင်နိုင် ပါလိမ့်မယ်။

လူတွေလိုက် သတ်နေတဲ့ လူသတ်သမား တစ်ယောက် ဖော်ထုတ်ဖို့ အမျိုး သားဇာတ်ကောင် စုံထောက်ကို ငှားရမ်း လိုက်ကြတယ်။ စုံထောက်ရဲ့အမြင်မှာ လူသတ်သမားဟာ သူ ချစ်မိတဲ့ မိန်း ကလေးရဲ့မောင် ဖြစ်နေတယ်။ ဒါမှ မဟုတ် မိန်းကလေး ကိုယ်တိုင် ဖြစ်နေတယ်။ ဒီလိုဇာတ်လမ်းမျိုးတွေက သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းမှာ ပရိသတ်အကြိုက် ဖြစ်ပါတယ်။

ဝတ္ထု စရေးတော့မယ်လို့ ရည်ရွယ် ကတည်းက ကိုယ့်ဇာတ်ကောင်တွေ ဟာ သက်ရှိများနဲ့မခြား လှုပ်ရှားမှုတွေ ရှိရပါတယ်။ ဒါမှသာ စာဖတ် ပရိသတ်က ဇာတ်ကောင်များနဲ့ တစ်သားတည်း ဖြစ်မှာပါ။ ဒါကြောင့် ဇာတ်ကောင်ဖန် တီးမှုမှာ ဇာတ်ကောင်များရဲ့ စရိုက်ဟာ ပကတိ လူသားဆန်ရမှာ ဖြစ်ပြီး သုံးဖက်မြင် ရုပ်လုံးကြွလို ရှိနေရမှာ ဖြစ်ပါ တယ်။

အချစ်ဝတ္ထုများမှာ ဇာတ်ကောင် များရဲ့ အတွင်းစိတ်များက ချစ်ရမှာကို ကြောက်နေသူများ၊ သို့တည်းမဟုတ် ချစ်ကြောင်းဖွင့်ပြောရမှာကို စိုးရွံ့နေသူ များ ဖြစ်ပါမယ်။ သူတို့ နှစ်ယောက်ကြားက ပြဿနာ များဟာလည်း အလွယ် တကူ ဖြေရှင်းလို့ ရနိုင်မယ့် ပြဿနာ မဖြစ်စေရပါဘူး။ ဇာတ်လမ်းဆုံးတဲ့ အထိ သူတို့ပြဿနာများက လိပ်ခဲ တည်းလည်း ဖြစ်နေရပါမယ်။ ဒါမှသာ  စာဖတ်ပရိသတ်ကို ၀တ္ထုဆုံးတဲ့အထိ ဆွဲ ခေါ်သွားနိုင်မှာ ဖြစ်ပါတယ်။

၅။
အချစ်ဝတ္ထုများမှာ ထင်ရှားတဲ့ အချက်တစ်ခုကတော့ အချစ်ရဲ့ခွန်အား ပါပဲ။ ဇာတ်ကောင်များဟာ အကြောင်း တစ်စုံတစ်ခုကြောင့် ရင်ထဲမှာ ထိခိုက် နာကျင်နေကြပေမဲ့ အချစ်ရဲ့ခွန်အားနဲ့ ကုစားပြီး အရာရာကို ကျော်လွှားနိုင် ကြပါတယ်။ ကျွန်မ ၀တ္ထုများမှာတော့ အမျိုးသားဇာတ်ကောင်က အမြဲတမ်း ပြဿနာတွေဖြစ်ပြီး သူတစ်ယောက် တည်းရဲ့ အင်အားနဲ့ မကျော်လွှားနိုင်သူ ဖြစ်ပါတယ်။ ဥပမာလေးတွေ ကြည့် ကြရအောင်ပါ။

-ဆုရတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာမ ရုသ်ဝင်းဒ်ရဲ့ Meant to be  Marriet မှာဆိုရင် အမျိုးသား ကလေးနဲ့ အမျိုးသမီးကလေးတို့ဟာ လက်ထပ်ပေါင်းသင်းနေထိုင်ကြဖို့ အတွက် ထွက်ပြေးပြီး အိမ်ထောင် ပြုကြပါတယ်။ မိန်းကလေးရဲ့ဖခင်က သူ့ သမီးကို ခင်ပွန်းသည်ဆီကနေ အတင်း အကျပ် ခွဲခွာစေပြီး မွေးလာတဲ့ ကလေးကိုလည်း မိဘမဲ့ ကလေးဂေဟာကို ပို့ လိုက်ပါတယ်။ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိ တယ်လို့ မြင်ကြပြီး စိတ်နာနေကြပါ တယ်။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့ အခါ မြို့တစ်မြို့ထဲမှာ ဆုံမိကြပြီး ခံစား ခဲ့ကြရတဲ့ ဝေဒနာတွေကို ထုတ်ဖော် မပြောနိုင်ခဲ့ကြပါဘူး။

-ကျွန်မ ၀တ္ထုတစ်ပုဒ် ဖြစ်တဲ့ Never Too Late ဆိုတဲ့ ၀တ္ထုမှာဆိုရင် အမျိုးသားလေးက အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တစ်ခုမှာ နေပြီး တိတ်တခိုး မှတ်တမ်း ရုပ်ရှင်ကားတွေ ရိုက်ကူး နေပါတယ်။ သူ့ချစ်သူက အကြောင်း တစ်ခုကြောင့် သူ့ကို သစ္စာ ဖောက်လိုက်ရ ပါတယ်။ ဒီလို သစ္စာဖောက်လိုက်ရခြင်း ဟာ သူ့အသက်ကို ကယ်ဖို့အတွက် လုပ်လိုက်ရခြင်း ဖြစ်ကြောင်း အမျိုးသား ကလေးက မသိခဲ့ပါဘူး။ ရလဒ်က တော့ အမျိုးသားကလေး ထောင်ကျ သွားပြီး နှိပ်စက် ညှဉ်းပန်းခံရတဲ့ အပြင် ပြည်နှင်ဒဏ်လည်း ပေးခံရပါတယ်။

အခု ကျွန်မ ဥပမာပေးခဲ့တဲ့ ၀တ္ထု နှစ်ပုဒ်စလုံးမှာ တူညီတဲ့အချက်ကတော့  အချစ်ကြောင့် စွန့်လွှတ်ကြတယ်ဆိုတဲ့ အချက်ပါပဲ။ အချစ်ရဲ့ အားအင်ကြောင့် ကြောက်ရွံ့စိတ်တွေကို ဘေးဖယ်ပြီး စွန့် စားခဲ့ကြတယ်။ အမျိုးသားရော အမျိုး သမီးပါ အချစ်ရဲ့ခွန်အားများနဲ့ သူတို့ ရည်မှန်းချက်ကို ရောက်အောင် သွားနိုင် ခဲ့ကြတယ်။

တချို့အချစ်ဝတ္ထုများမှာတော့ ဒီလို ခဲယဉ်းပင်ပန်းတဲ့ ဇာတ်ကွက်တွေ မပါ ဘဲ ပေါ့ပေါ့ပါးပါး ဟာသများနှောကာ ရေးသားတတ်တဲ့ စာရေးဆရာများ လည်း ရှိပါတယ်။
၆။
ပြင်းထန်ခွန်အား ကြီးမားတဲ့ အချစ် ၀တ္ထုများမှာ နောက်ထပ်အချက်တစ် ချက် ရှိပါသေးတယ်။ ဘေးအန္တရာယ် အကြီးမားဆုံး ကြုံတွေ့ပြီး သေဘေး နဲ့ ရင်ဆိုင်ရတော့မယ့်အခါမှာ မိန်းက လေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အမျိုးသားလေးက အသက်ကို စွန့်လွှတ် စွန့်စားပြတတ်တဲ့ အချက်ပါပဲ။ ဒီလို စွန့်စား လိုက်ခြင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပိုမိုနက်ရှိုင်းတဲ့ အချစ်စိတ် တွေနဲ့ ချစ်သွားတတ်ကြပါတယ်။

ဘာဖြစ်လို့ အဲဒီလို အသက် အန္တရာယ် ကြုံတဲ့အထိ ကြီးမားတဲ့ဇာတ် ကွက်မျိုးကို ဖန်တီးရတာလဲလို့ မေးစရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဇာတ်ကွက်မျိုးသာ မပါရင် အောင်မြင်မှု မရနိုင်လို့ပါပဲ။ တခြားနည်းတစ်ခုနဲ့ ဖြေ ရှင်းလိုက်နိုင်တဲ့အတွက် မင်းသားနဲ့ မင်း သမီးတို့ရဲ့ ဇာတ်သိမ်းမှာ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ဇာတ် သိမ်းမျိုး ရေးနိုင်မှာ ဖြစ်ပြီး စာဖတ်ပရိ သတ်လည်း ကျေနပ်မှု ရသွားမှာ ဖြစ် ပါတယ်။

၇။
စိတ်လှုပ်ရှားခြင်းဟာ အချစ် ၀တ္ထုများ အတွက် နှလုံးသားနဲ့ ၀ိညာဉ်ဖြစ် တယ်လို့ ဆိုရင် မမှားပါဘူး။ စာဖတ် သူက ဇာတ်ကောင်များ ဘယ်လို ခံစား ရတယ်။ ဘာကြောင့် ဒီလိုခံစားရတယ် ဆိုတာတွေကို သိချင်ပါတယ်။ စာဖတ် သူက ဇာတ်ကောင်များနဲ့ အတူ စီးဝင် မျောပါခံစားစေလို့ ဖြစ်ပါတယ်။ ဒါ ကြောင့် စာရေးဆရာက သူ့ဇာတ်ကောင် များနဲ့ စာဖတ်ပရိသတ်ကို တစ်သား တည်း ဖြစ်နေအောင် ဖန်တီးတတ်ရပါ မယ်။

အအောင်မြင်ဆုံး အချစ်ဝတ္ထုရေး ဆရာများက သူ့ဇာတ်ကောင်တွေ ဘယ်လို ခံစားနေရတယ် ဆိုတာကို စာဖတ်ပရိသတ် သိအောင် အလွယ်တကူ ပြောမပြ ပါဘူး။ ဒါပေမဲ့ ဇာတ်ကောင်များရဲ့ စိတ်လှုပ်ရှားမှုကို စာဖတ်ပရိသတ် သိအောင် နည်းပရိယာယ်များနဲ့ ရေးဖွဲ့ပြ ကြပါတယ်။

နည်းတစ်နည်းကတော့ သူ သို့မ ဟုတ် သူမရဲ့ စိတ်ခံစားတုံ့ပြန်မှုကို ရေး ဖွဲ့ပြခြင်းပါပဲ။ ရင်ခုန်တဲ့အခါမှာ ဘယ် လိုခံစားရသလဲ။ ကြောက်တဲ့အခါ၊ ၀မ်း နည်းတဲ့အခါ၊ ချစ်တဲ့အခါ ခံစားရတာ တွေကို ရေးဖွဲ့ပြခြင်းအားဖြင့် သူ့ဇာတ် ကောင်ရဲ့ စိတ်ခံစားမှုကို စာဖတ်ပရိ သတ် နားလည်အောင် ရေးပြပါတယ်။  ဒီလိုရေးပြလိုက်တဲ့အတွက် စာဖတ်သူ က ဇာတ်ကောင်ရဲ့ ရင်ခုန်သံကိုတောင် ကြားနိုင်ပါတယ်။ ကြက်သီးမွေးညင်း ထတာကိုလည်း ခံစားနိုင်တယ်။ ကြောက်လွန်းလို့ အာခေါင်ထဲမှာ ခြောက် သွေ့လာတာကိုလည်း စာဖတ်သူက ခံ စားလို့ ရသွားပါပြီ။ ဒီနည်းနဲ့ ဆရာကြီး၊ ဆရာမကြီးများက သူတို့ဇာတ်ကောင် ရဲ့ စိတ်လှုပ်ရှားမှုများကို စာဖတ်သူ သိ အောင် ရေးဖွဲ့ကြပါတယ်။

ဒီလို ရေးဖွဲ့ရာမှာ သတိထားဖို့က တော့ ဇာတ်ကောင်ရဲ့ ခံစားမှုတိုင်းကို ရေးဖွဲ့ရပါမယ်။ သူ မြင်တာလေး လောက်ကို ကွက်ပြီး ရေးလို့ မရပါဘူး။  သူ ဘာကြားတယ်။ ဘာအနံ့ရတယ်။ ဘယ်အရသာကို ခံစားနေတယ်။ ဘယ် အထိအတွေ့ကို ခံစားနေရတယ်က အစ  ရေးပြဖို့ လိုပါတယ်။
၈။
အချစ်ဝတ္ထုတွေက စိတ်ခံစားမှုကို ဖော်ပြတဲ့ ဇာတ်လမ်းများ ဖြစ်ပြီး ဖြစ်ရပ် တိုင်းမှာ ဇာတ်ကောင်တွေက ဘယ်လို တုံ့ပြန်တယ် ဆိုတာကို ဖော်ပြရပါတယ်။ ဆိုကြပါစို့။ အမျိုးသားဇာတ်ကောင်တစ် ယောက်က တောင်စွန်းတစ်ခုမှာ တွဲလောင်း ဖြစ်နေတယ် ဆိုကြပါစို့။ ဒါမျိုး ကတော့ တကယ့်ကို သည်းထိတ်ရင်ဖို မြင်ကွင်းပါပဲ။ သူ့အောက်ကို ငုံ့ကြည့် လိုက်ရင် ပေ ၁၀၀ လောက်မှာ စီးဆင်း နေတဲ့ မြစ်တစ်စင်းကို မြင်ရတယ်ဆို ကြပါစို့။ သူ မြင်ရတဲ့ ခံစားချက်ထက်  သူ့ကို မြင်ရတဲ့ သူ့ချစ်သူကောင်မလေး ဘယ်လိုခံစားရမယ်ဆိုတဲ့ ခံစားချက်က ပိုပြီးအရေးကြီးပါတယ်။ ပျာယာခတ် ပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားမလား။ ဘာမှ မလုပ်ဘဲ ကြောင်ပြီး ကြည့်နေမလား။

စာရေးဆရာမ အဲလစ်ဇဘက် အက်ရှ်ထရီး ရေးခဲ့တဲ့ The Captian and the Kid ၀တ္ထုမှာ မင်းသားရဲ့သား က နှလုံးခွဲစိတ်ကုသမှု မခံရဘူးဆိုရင် အသက် ဆုံးရှုံးတော့မယ်။ ဒါပေမဲ့ သူတို့နေအိမ်က ရုရှားမှာ ဖြစ်ပြီး အဲဒီ မှာက ကောင်းမွန်ထိရောက်တဲ့ ဆေးဝါး ကုသမှုကလည်း မရနိုင်ဘူး။ အဲဒီတော့ အဖေတစ်ယောက်အနေနဲ့ သားရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက် အမေရိ ကန်ပြည်ထောင်စုထဲကို ခိုးဝင်ဖို့ နည်း လမ်းတစ်လမ်းပဲ ရှိတော့တယ်။ အဲဒီ အချိန်မှာ အဖေတစ်ယောက် အနေနဲ့ ဘယ်လို ခံစားရမလဲ။ မင်းသားရဲ့ချစ်သူ မင်းသမီးက အမေရိကန် ပြည်ထောင်စုရဲ့ ရဲတပ်ဖွဲ့က အရာရှိတစ်ယောက် လည်း ဖြစ်နေပြန်ရင် ဒီမိန်းကလေး အနေနဲ့ သူ့ချစ်သူရဲ့ ဥပဒေချိုးဖောက် မှုကို အရေးယူဆောင်ရွက်မလား။ လျစ် လျူရှုမလား။ အဲဒီလို စိတ်ခံစားမှု အထွေထွေကို အချစ်ဝတ္ထုများက ပေး နိုင်မှသာလျှင် စာဖတ်ပရိသတ်ကို ဆွဲ ဆောင်နိုင်မှာပါ။

အချစ်ဝတ္ထု အများစုမှာ စာရေး ဆရာများက အမျိုးသမီးဇာတ်ကောင် ဘက်က ရေးသလို အမျိုးသားဇာတ် ကောင်များထဲက ခံစားချက်ကိုလည်း ရေးကြပါတယ်။ ဒီလိုဘာကြောင့် ရေးရသလဲ ဆိုတော့ စာဖတ်သူများက ဇာတ်ကောင်များရဲ့ ရင်တွင်း ခံစားချက်ကို သိလိုကြခြင်းကြောင့် ဖြစ်ပါတယ်။

၉။
အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာများမှာ အမြဲတစေ ကြုံရတဲ့ ပြဿနာကတော့ ချစ်သူနှစ်ဦးရဲ့ ချစ်ခန်းကြိုက်ခန်း များပါပဲ။ ကျွန်မ ရေးခဲ့တဲ့ ၀တ္ထုတစ်ပုဒ်  အခန်း ၁၀ မှာ ကျွန်မက မင်းသားနဲ့ မင်းသမီးကို ခုတင်ပေါ် ပို့လိုက်ပါတယ်။ ခုတင်ပေါ်ရောက်သွားတယ်ဆို ကတည်းက နောက်ထပ် ဘာဆက်ဖြစ် ကြမယ်ဆိုတာ အထူးတလည် ရေးဖွဲ့ ပြစရာ မလိုတော့ပါဘူး။ ကျွန်မကတော့ ခုတင်ပေါ်က ချစ်ခန်း ကြိုက်ခန်းကို မရေးဘဲ နှစ်ယောက်သား တစ်ယောက် အကြောင်း တစ်ယောက် ပွင့်ပွင့်လင်း လင်း ပြောပြကြတဲ့ အခန်းအဖြစ် ရေး ဖွဲ့လိုက်ပါတယ်။ ဒီအခန်းကို ဖတ်ခြင်းအားဖြင့် မင်းသားနဲ့ မင်းသမီးရဲ့ နောက် ခံအကြောင်းအရာများကို စာဖတ်သူက သဘောပေါက် နားလည်သွားစေပါတယ်။

အချစ် ၀တ္ထုများမှာ စာရေးဆရာက ချစ်ခန်း ကြိုက်ခန်းကို ဘယ်လောက် အထိ ရေးမလဲ၊ ဘယ်လို စကားလုံးတွေ သုံးမလဲ ဆိုတာကတော့ ကိုယ့်စာအုပ်ကို ထုတ်ဝေမယ့်သူက လိုင်းချပေးတတ်ကြ ပါတယ်။

ကျွန်မ၀တ္ထု ဖြစ်တဲ့ Harlequin Intrigues မှာဆိုရင် အယ်ဒီတာရဲ့ လမ်း ညွှန်မှုနဲ့ ကျွန်မ ရေးခဲ့ရပါတယ်။ စာအုပ် ထုတ်ဝေတဲ့ တိုက်တစ်တိုက်တည်းနဲ့ အလုပ်လုပ်တဲ့ စာရေးဆရာများအနေနဲ့ အခုလိုပဲ အယ်ဒီတာ၊ ထုတ်ဝေသူများရဲ့ အလိုကို လိုက်ရတာတွေ ရှိပါတယ်။ တစ်ခါတလေမှာ ကိုယ်က မရေးချင် ပေမဲ့ သူတို့က တောင်းဆိုတဲ့ အခါ ရေး ရပါတယ်။ ရေးပြီးတဲ့ အခါတိုင်းမှာလည်း ငါ့အမေများ ဖတ်မိရင် ဘာပြော မလဲ။ ငါ့ကလေးတွေ ဖတ်မိရင် ဘယ် လိုထင်ကြမလဲ။ စိတ်တထင့်ထင့် ဖြစ်ရပါတယ်။ ဘယ်သူ ဘာထင်ထင် ဂရု မစိုက်ဘူးဆိုတဲ့ သူများအတွက်ကတော့ တစ်မျိုးပေါ့။

၁၀။
အချစ်ဝတ္ထုများ အတွက် နောက် ဆုံးလိုအပ်ချက်တစ်ခုကတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ ဇာတ် သိမ်းမျိုး ဖြစ်ပါတယ်။ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း မဟုတ်ရင် ဒီ ၀တ္ထုဟာ အချစ်ဝတ္ထု မဟုတ်ဘူးလို့ သတ်မှတ်တဲ့ သူတွေတောင် ရှိပါတယ်။ အချစ်ဝတ္ထု ဆိုတာက လူနှစ်ယောက် ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရေးဖွဲ့ပြီး နောက်ဆုံးမှာ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲသွားကြ တာမျိုး မဟုတ်ပါဘူး။ အချစ်ဝတ္ထု ဆိုတာက လူနှစ်ယောက် တစ်ဘ၀အဖြစ် ပေါင်းစည်းကြပြီး ကြုံလာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြတဲ့ ဇာတ်လမ်းမျိုးသာ ဖြစ် ပါတယ်။

ပြဿနာတွေ ဘယ်လိုပဲ ရှိပါစေ။ ဖြေရှင်းကြပြီး နောက်ဆုံးမှာ နွေးထွေး မှု၊ ကြင်နာမှုတွေနဲ့ ပေါင်းစည်းရပါမယ်။ အဓိကဇာတ်ကောင် နှစ်ယောက်တည်းသာ မဟုတ်ဘဲ သူတို့ပတ်ဝန်း ကျင်မှာ ရှိတဲ့ မိတ်ဆွေတွေ၊ မိဘဆွေ မျိုးအသိုင်းအ၀ိုင်းတွေ အားလုံး ပျော်ရွှင် စွာ ဇာတ်သိမ်းခြင်းသာလျှင် အချစ်ဝတ္ထု စစ်စစ် ဖြစ်ပါတယ်။

ဆရာမ ရေဗက္ကာက အချစ်ဝတ္ထု များအကြောင်းကို အဲဒီလို ရေးဖွဲ့ခဲ့ပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်များ ဖတ်နေကြတဲ့ အချစ်ဝတ္ထုများကရော ဒီဘောင်အတွင်း မှာ ရှိကြပါသလား။ ဆန်းစစ်ကြည့်ကြ ပါစို့။     
ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)