Friday, November 26, 2010

ဘဲဥအုန်းနို့၊ သီးစုံချဉ်ဟင်း၊ ငါးခြောက်ထောင်းကြော်

-->
သူငယ်ချင်းတွေ စုပြီး ထမင်းစားကြမယ်ဆိုတော့ အထူးတထွေချက်ပြုတ်ရမှာလဲမဟုတ်။ မြန်လည်းမြန်ပြီး သိပ်စောင့်စရာ မလိုတဲ့ဟင်းအမယ်တွေကို စဉ်းစားလိုက်မိပါတယ်။ ဘဲဥကိုကြော် အုန်းနို့လေးနဲ့ချက်၊ ပြီးတော့ သီးစုံချဉ်ဟင်းလေးနဲ့ အရံသင့်ကြော်ထားပြီး ပုလင်းထဲထည့်ထားတဲ့ ငါးခြောက်ထောင်းကြော်လေးနဲ့ဆိုလိုက်ပြီ။
ဘဲဥကတော့ များများလေးထည့်လိုက်မယ် သူငယ်ချင်းလေးငါးယောက်မက အ၀စားလို့ရတာပေါ့နော်။

ဘဲဥအုန်းနို့ဟင်းအတွက်
ဘဲဥ - ဆယ်လုံး
အုန်းသီး - တစ်လုံး
ဆား - အနေတော်
ဆီ - ခုနှစ်ကျပ်ခွဲသား
ကြက်သွန်နီ - နှစ်ဥ

ချက်ကြည့်မယ်
ဘဲဥကို မကြော်ခင် အုန်းနို့ညှစ်တတ်တဲ့လူဆီ အုန်းနို့သွားညှစ်ခိုင်းထားတာကို ယူထားရမယ်။ အုန်းနို့ကတော့ အသင့်ရှိ နေမှဖြစ်မှာပေါ့နော်။
ဘဲဥဆယ်လုံးကို ဇလုံထဲဖောက်ထည့်၊ အနှစ်နဲ့အကာ ရောသွားအောင် ဇွန်းနဲ့ နာနာခေါက်၊ ဆားနည်းနည်းထည့်၊ ဒယ်အိုး ပက်ပက်ထဲကို ဆီငါးကျပ်သားထည့်၊ ဘဲဥဆယ်လုံးခေါက်ထားတာ တစ်ဝက်ထည့်ကြော်မယ်၊
အချပ်လိုက်ဖြစ်အောင် အထက်အောက်လှန်ပေးမယ်၊ နှစ်ခါကြော်ပြီးရင် ဘဲဥနှစ်ချပ်ကြီးကြီးကို လက်နှစ်ဆစ်လောက် အ နေတော်ဖြတ်ထား၊
ဘဲဥကြော်ထားတဲ့ ဆီအကျန်ထဲကို ဆီနှစ်ကျပ်ခွဲသားထည့်၊ ကြက်သွန်နီနှစ်ဥ ထောင်းထားတာကိုဆီသတ်၊ကြက်သွန်နီ ဖတ်တွေ အနံ့မွှေးပြီး ရွှေဝါရောင် ပြောင်းလာရင် ခရမ်းချဉ်သီး တစ်ဆယ်သား လှီးထားတာထည့်မယ်၊ ခရမ်းချဉ်သီး အဖတ်လေးတွေကြေပြီး ဆီပြန်လာရင် ဘဲဥကြော်ထည့်မယ်၊ တစ်ဆက်တည်း ညှစ်ထားတဲ့ အုန်းနို့ရည်လောင်းထည့်ပြီး အထက်အောက် သသာလှန်ပေးမယ်၊
ဆား အနေတော်ထည့်ပြီး အဖုံးအုပ်ထားမယ်၊ အုန်းနို့ရည် ခမ်းပြီး ဆီပြန်လာတဲ့အခါ အပေါ့အငန်မြည်းကြည့်၊ ဘဲဥ အုန်းနို့ဟင်း ရပြီပေါ့။

သီးစုံချဉ်ဟင်းအတွက်
ကုလားပဲ - တစ်ဆယ်သား
ခရမ်းသီး - တစ်လုံး
ပဲတောင့်ရှည် - နှစ်တောင့်
ရုံးပတီ - သုံးတောင့်
အာလူး - သုံးလုံး
ဂျူးမြစ် - တစ်ဆယ်သား
ဂေါ်ရခါးသီး - တစ်ခြမ်း
ဖရုံသီးသေးသေး - တစ်စိတ်
မန်ကျည်းမှည့် - ကွမ်းသီးနှစ်လုံးစာ
ကြက်သွန်နီ - နှစ်ဥ
ကြက်သွန်ဖြူ - တစ်ဥ
ငရုတ်ပွ - ငါးတောင့်
ဆီ - နှစ်ကျပ်ခွဲသား
ခရမ်းချဉ်သီး - သုံးလုံးထည့်
စိမ်းစားငါးပိ - ကွမ်းသီးတစ်လုံးစာ
ရေ - နို့ဆီဗူး နှစ်လုံးစာ
ပျဉ်းတော်သိမ် - နှစ်ခက်
မဆလာ - တစ်ဇွန်း
ဆား - အနေတော်

ချက်ကြည့်မယ်
ကုလားပဲတစ်ဆယ်သားကို ခဲသလဲ ပြောင်အောင်ဆေးပြီး နူးနေအောင် အရင်ပြုတ်မယ်၊
ခရမ်းသီးတစ်လုံး အခွံခွာ အနေတော်စိတ်ပြီး ရေစိမ်ထားလိုက်၊
ပဲတောင့်ရှည်နှစ်တောင့်၊ ရုံးပတီသုံးတောင့်ကိုလည်း အနေတော်ဖြတ်ထား၊
အာလူးသုံးလုံး အခွံခွာပြီး လေးစိတ်စိတ်ထား၊
ဂျူးမြစ်တစ်ဆယ်သား၊ ဂေါ်ရခါးသီးတစ်ခြမ်း၊ ဖရုံသီးသေးသေးတစ်စိတ်တို့ကို ရေဆေးပြီး စစ်ထားလိုက်၊
မန်ကျည်းမှည့် ကွမ်းသီးနှစ်လုံးစာလောက်လည်း ရေစိမ်ထားလိုက်မယ်။ချက်ဖို့ အသင့်ဖြစ်တာနဲ့ ကြက်သွန်နီနှစ်ဥ၊ ကြက်သွန်ဖြူတစ်ဥနဲ့ ငရုတ်ပွ ရေစိမ်ငါးတောင့် ရောပြီး ထောင်းထားတာကို ဆီနှစ်ကျပ်ခွဲသားထည့်ပြီး ဆီသတ်မယ်၊
အဆာကျက်ပြီဆိုတာနဲ့ ခရမ်းချဉ်သီးသုံးလုံးထည့်၊ ခရမ်းချဉ်သီးကြေသွားရင် အာလူးတွေ အရင်ထည့်၊ အာလူးနူးခါနီးရင် ဂေါ်ရခါးသီး၊ ဖရုံသီး၊ ခရမ်းသီးတွေ ထည့်ပြီးလုံးမယ်။
စိမ်းစားငါးပိ ကွမ်းသီးတစ်လုံးစာလောက်ကို အရည်ဖျော်ပြီး စစ်ထည့်။
ပြုတ်ထားတဲ့ ကုလားပဲ အရည်တွေပါရောပြီး လောင်းထည့်မယ်၊ ရေနို့ဆီဗူးနှစ်လုံးကိုလည်း တစ်ဆက်တည်းထည့်၊ အဖုံးဖုံးပြီးပွက်ပွက်ဆူလာရင် မန်ကျည်းမှည့်ရည်ထည့်မယ်၊
ပျဉ်းတော်သိမ်နှစ်ခက်လောက်နဲ့ မဆလာတစ်ဇွန်းစာလောက်ပါ ရောထည့်၊
အပေါ့အငန်အချဉ်အနေတော်ဖြစ်ပြီး ပွက်ပွက်ဆူလာရင် ဟင်းအိုးချလို့ရပြီ၊ အနံ့မွှေးမွှေးနဲ့ သီးစုံချဉ်ဟင်း။

ငါးခြောက်ထောင်းကြော်အတွက်
ငါးကွင်းရှပ်ငါးခြောက် - ဆယ့်ငါးကျပ်သား
ဆီ - ငါးကျပ်သား
ကြက်သွန်နီ၊ဖြူ - သုံးဥစီ
ငရုတ်သီးမှည့် - ဆယ်တောင့်
အချိုမှုန့် - နည်းနည်း

ကြော်ကြည့်မယ်
ငါးကွင်းရှပ်တစ်ကောင် ဆယ့်ငါးကျပ်သားလောက်ကို ရေဆေးပြီး ပြုတ်၊ အရိုးနွှင်ပြီး မညက်တညက်ထောင်း၊
ဆီငါးကျပ်သား အိုးထဲထည့်၊
ငါးခြောက်ထောင်းကို ဆီအိုးထဲထည့်ကြော်၊
ငါးမိနစ်လောက်နေရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီသုံးဥနဲ့ ညက်အောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ သုံးဥပါရောထည့်ကြော်မယ်၊
မီးအေးအေးနဲ့ဆိုပိုကောင်းမယ်၊
အစပ်အတွက် ကုလားအော် ငရုတ်သီးအမှည့် ဆယ်တောင့်လောက်ပါ ထောင်းထည့်လိုက်မယ်၊
ခဏနေလို့ အနံ့မွှေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူဖတ်လေးတွေ အ၀ါရောင်သန်းလာရင် အိုးချလို့ရပြီ၊
ကြိုက်တတ်ရင် အချိုမှုန့် နည်းနည်းထပ်ထည့်လိုက်ပါ၊
ငရုတ်သီးအတောင့်ကြော်နဲ့ဆို အလိုက်ဆုံးပဲပေါ့။

Thursday, November 25, 2010

နာတာရှည် ၀မ်းချုပ်ခြင်း

ရောဂါဝေဒနာ တစ်စုံတစ်ခုဖြစ်လျှင် ကုသမှုအပိုင်း၌ ဆေးပညာအမျိုးမျိုးတွင် ကုသမှုအဖုံဖုံ ရှိနေကြပါသည်။ ၀မ်းချုပ်ခြင်း Constipation နှင့်ပတ်သက်၍ ရွေးချယ်စရာကုထုံးများကို ဖော်ပြပေးထားပါသည်။

အနောက်တိုင်းဆေးပညာ

ဝမ်းသွားခြင်းနှင့် ပတ်သက်ပြီး ၀မ်းသွားသည့်အမူအကျင့် ပြောင်းလဲပြီး အကြိမ်အရေအတွက်နည်းခြင်း (သို့) မာကျစ်သော ၀မ်းသွားခြင်းကို ၀မ်းချုပ်သည်ဟု ပြောဆိုတတ်ကြသည်။

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာစားသုံးခြင်းသည် ၀မ်းချုပ်ခြင်းကို အဓိကကာကွယ်ပေးနိုင်သည်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် ကောက်ပဲသီးနှံများတွင် အမျှင်ဓာတ် ကြွယ်ဝစွာပါသည်။အရည် (သို့) ရေလုံလောက်စွာ သောက်သုံးခြင်းသည်လည်း ၀မ်းချုပ်မှုမှ သက်သာလျော့နည်းစေမည် ဖြစ်၏။

ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်ပြုလုပ်ပါက ၀မ်းမှန်မှန် သွားစေနိုင်ပါသည်။ ဖိစီးမှုများခြင်းသည်လည်း ၀မ်းချုပ်စေသော အကြောင်းတစ်ခုဖြစ်သဖြင့် ၀မ်းမှန်စေရန် ဖိစီးမှုနည်းစေရန် ဆောင်ရွက်သင့်ပါသည်။

အကယ်၍ အသီးအနှံ ဟင်းသီးဟင်းရွက်စားသုံးခြင်း၊ ရေများများ သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုဆောင်ခြင်းနှင့် ဖိစီးမှုနည်းစေခြင်းများ ဆောင်ရွက်ပါလျက် ၀မ်းချုပ်နေပါသေးလျှင် ဆေးပညာရှင်ထံ ပြသ၍ လိုအပ်သော ကုသစစ်ဆေးမှု ရယူရန် လိုအပ်ပါသည်။

ဝမ်းပျော့ဆေး (၀မ်းချုပ်ဆေး)များကို တစ်ခါတစ်ရံသာ သုံးစွဲသင့်သည်။ ကာလကြာရှည်စွာ သုံးစွဲခြင်း မပြုသင့်ပေ။

(Dr. Gregory Ko)

အာယုဗေဒကုထုံးပညာ

ရေလုံလောက်စွာ မရရှိခြင်းနှင့် အစားအစာတွင် အမျှင်ဓာတ်ချို့တဲ့မှုတို့သည် ၀မ်းချုပ်ခြင်းကိုဖြစ်စေသော အဓိက အကြောင်းရင်းများ ဖြစ်ကြသည်။ တချို့သော အစားအစာများ ( ဥပမာ - အာလူး၊ သစ်ဥသစ်ဖု) သည်ဝမ်းချုပ်ခြင်းကို ဖြစ်စေတတ်ပါသည်။

နာတာရှည်ဝမ်းချုပ်ခြင်းသည် လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည်။ နေ့စဉ် ရေရှစ်ခွက် (ဖန်ခွက်)နှင့်အထက် သောက် သုံးပါက ၀မ်းချုပ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ ရေတစ်ဖန်ခွက်သည် ပမာဏအားဖြင့် ၂၅၀ မီလီမီတာဖြစ်၏။ နံနက် အိပ်ရာထသည်နှင့် ရေဖန်ခွက်နှစ်ခွက် သောက်သင့်ပါသည်။

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ ပိုမိုစားသုံးသင့်သည်။ အသားများကိုလည်း လုံလောက်စွာ စားပေးရမည်။ လိမ္မော်သီးကို အရည်ညှစ်၍ သောက်ခြင်းထက်၊ လိမ္မော်သီးကို ရိုးရိုးစားသုံးသင့်ပါသည်။ ထိုသို့စားသုံးခြင်းဖြင့် အမျှင် ဓာတ် ကြွယ်ဝစွာ ရရှိနိုင်မည်ဖြစ်သည်။

အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဗက်တီးရီးယားများသည် အစားအစာချေဖျက်ရာတွင် ကြွင်းကျန်မှု များစေပြီး ၀မ်းပမာဏကို များစေနိုင်သဖြင့် ၀မ်းချုပ်ခြင်းကို မဖြစ်စေပါ။ ၀မ်းမှန်စေရန် အကူအညီဖြစ်စေပါသည်။ သင်္ဘောသီး စားပေးပါက ၀မ်းမှန်စေသည်။ ချင်းခြောက်မှုန့်ကို ရေနွေးဖြင့်ကျို၍ သောက်ပါက ၀မ်းချုပ်ခြင်းမှ ကာကွယ်နိုင်သည်။

(Dr. J Nirubha)

တရုတ်ရိုးရာတိုင်းရင်းဆေးပညာ

ဝမ်းချုပ်ခြင်းကို အများဆုံးဖြစ်စေသည်မှာ အဟာရ စားသုံးမှုလိုအပ်ချက်ကြောင့်ဖြစ်သည်။ အစားအစာတွင် အဟာရဓာတ်နည်းပါက ၀မ်းချုပ်စေနိုင်ပါသည်။ တရုတ်တိုင်းရင်းဆေးပညာ သဘောအရ Yang qi ချို့ယွင်းအားနည်းမှုကြောင့် ၀မ်းချုပ်နိုင်ပါသည်။ အသီးအနှံ ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကူညီမှု မပေးနိုင်ပါ။ ယင်းတို့မှာ အအေးစာများဖြစ်သဖြင့် ၀မ်းချုပ်ခြင်းကိုပင် ဖြစ်စေနိုင်သည်။ Yang qi ချို့တဲ့မှုသည် အစာချေဖျက်မှုကိုလည်း ပြဿနာဖြစ်စေနိုင်သည်။ ဆေးဝါးပင်များကို ၀မ်းချုပ်ခြင်းမှကာကွယ်ရန်နှင့် ကုသရန်တို့အတွက် အသုံးပြုနိုင်သည်။

ရေနွေးသောက်သုံးခြင်းသည် ၀မ်းချုပ်ခြင်းကို သက်သာလျော့နည်းစေနိုင်သည်။ အအေးဓာတ်လွန်ကဲစေသော အရာတိုင်းသည် ၀မ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ (Kwa Kian Lee, Tradition Chinese Medicine Master)

သဘာဝဆိုင်ရာ ကုထုံးပညာ

ဝမ်းချုပ်ခြင်းသည် အဖုအကျိတ်နှင့် ကင်ဆာတို့ကြောင့် မဟုတ်ခဲ့ပါလျှင် အမျှင်ဓာတ်ချို့တဲ့မှု၊ အစာအိမ်နှင့် အူလမ်း ကြောင်းအတွင်း အဆိပ်သင့်မှု၊ ဟော်မုန်းမမျှတမှုနှင့်အစာနှင့်ဓာတ်မတည့်မှုတို့ကြောင့် ဖြစ်နိုင်ပါသည်။

အစာနှင့် ဓာတ်မတည့်မှုသည် ၀မ်းချုပ်ခြင်းနှင့် ၀မ်းပျက်ဝမ်းလျှောခြင်းကို တစ်လှည့်စီ ဖြစ်စေတတ်ပါသည်။ အမျှင်ဓာတ် ကြွယ်ဝသော အစားအသောက်များ စားသုံးခြင်းဖြင့် ၀မ်းချုပ်ခြင်းမှ ကင်းလွတ်စေနိုင်ပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်း အဆိပ်သင့်ခြင်း၊ အသည်းအဆိပ်သင့်ခြင်းတို့မှ ကာကွယ်နိုင်ရန် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ Antioxidantsများလိုအပ်သည်။

ဒေါက်တာခင်ခင်မော်

Ref: Health for All Magazine No.20, September, 2008

Thursday, November 18, 2010

Microwave Oven ဘယ်လိုရွေးမလဲ

ထမင်းဟင်းဆိုရင် ပူပူနွေးနွေး စားမှပိုပြီး အရသာရှိသလို ပိုပြီးလည်း ခံတွင်းမြိန်ပါတယ်။ အရန်သင့် ချက်ပြီးသားဟင်းတွေ ကို စားခါနီးမှ ပြန်နွှေးနေရရင် အချိန်ကုန်ပြီး အလုပ်ရှုပ်ပါတယ်။ အရာရာကို အချိန်လုပြီး လုပ်နေရတဲ့ အိမ်ရှင်မတွေအ တွက် လွယ်ကူလျင်မြန်စွာ ချက်ပြုတ်နိုင်ပြီး၊ ဟင်းလည်းပြန်နွှေးနိုင်တဲ့ microwave oven က လုံးဝအထောက်အကူပေး နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ microwave oven ၀ယ်တဲ့အခါ ဘာကိုကြည့်ရွေးရမယ်မှန်း မသိဘူးဖြစ်နေရင် အခုဖော်ပြမယ့် အချက်လေးတွေက အိမ်ရှင်မများအတွက် တစ်စိတ်တစ်ဒေသအားဖြင့်တော့ အသုံးဝင်ပါလိမ့်မယ်။ (အိမ်ရှင်ထီးတွေ အတွက်လည်း အသုံးဝင်နိုင်ပါတယ်နော်....ဟီး)

(၁) အရွယ်အစားက အဓိကကျပါတယ်

မ၀ယ်ခင်မှာ microwave မီးဖိုကို ဘယ်မှာထားမလဲ အရင်ဆုံးဖြတ်ပါ။ နေရာအကျယ်၊အလျား၊အနံအမြင့်ကို တိုင်းထွာပါ။ oven ဘေးတစ်ဖက်တစ်ချက်စီမှာ လေ၀င်လေထွက် ကောင်းစွာလည်ပတ်နိုင်ဖို့ ၂လက်မစီခန့် နေရာလွတ်ထားပေးပါ။

(၂) microwave oven ကို ဘာအတွက် အဓိကသုံးမှာလဲ။

အေးခဲထားတဲ့ အစားအစာကို ပြန်နွှေးရုံလောက်သာ သုံးမယ်ဆိုရင်တော့ ပါဝါ ၆၀၀-၇၀၀ ၀ပ်လောက်သာရှိတဲ့ oven အ သေးကို သုံးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဟင်းနွှေးတာ၊ ချက်တာ၊ဖုတ်တာ၊ပြုတ်တာတွေပါလုပ်ဖို့ စဉ်းစားထားရင်တော့ ပိုပြီးကြီးတဲ့ ပါဝါ ၁၂၀၀ ၀ပ်အားရှိတဲ့ oven မျိုးလိုပါမယ်။ ဒါမှသာ အစားအသောက်ကို လျှင်မြန်စွာ ချက်ပြုတ်ပြီး အကျက်ညီမှာ ဖြစ်ပါတယ်။

(၃) ဘယ်လိုလုပ်ဆောင်ချက်တွေပါတဲ့ Oven ကိုလိုချင်တာလဲ။

ကိုယ့်အတွက် တကယ်အသုံးတည့်တဲ့၊ တကယ်လည်း သုံးဖြစ်မယ့် feature မျိုးပါတဲ့ oven ကိုရွေးပါ။ ဒီနည်းက ပိုက်ဆံ ချွေတာရာလည်း ရောက်ပါတယ်။ feature တွေစုံအောင်ပါတဲ့ ovenမျိုးက ပိုပြီးဈေးကြီးပါတယ်။ နောက်ပြီး ကိုယ်က အဲဒီ features တွေ အကုန်လုံးကို သုံးဖြစ်မှာ မဟုတ်ဘူးလေ။ ဥပမာ - ကြွပ်ရွစေတဲ့ function က ကိုယ့်အတွက် တကယ်လို အပ်ရဲ့လား၊ defrost feature ကိုသုံးဖြစ်မှာလား၊ စသဖြင့်ပေါ့၊ နောက်ပြီး ကလေးတွေက oven နား အချိန်မရွေးကပ် လာနိုင်တယ် ဆိုရင် ကြိုတင်ကာကွယ်ဖို့ interlocks function ပါတဲ့အမျိုးအစားကိုသာ ရွေးဝယ်ပါ။

(၄) မီးဖိုဒီဇိုင်း အပြင်အဆင်

အခုခေတ် မီးဖိုချောင်ဆိုတာ အရင်လို မဟုတ်တော့ပါဘူး။ ဒီဇိုင်းအပြင်အဆင်၊ အထားအသိုတွေကအစ ခေတ်မီသန့်ရှင်း သပ်ရပ်နေခြင်းက အိမ်ရဲ့ ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် oven ၀ယ်တော့မယ်ဆိုရင် မီးဖိုချောင်မှာ ရှိပြီးသား အခြားပစ္စည်းတွေနဲ့ လိုက်ဖက်တဲ့အရောင် ဒီဇိုင်းမျိုး ရွေးဝယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အနက်ရောင် oven ကတော့ စတိုင်လ်ရှိပြီး elegance ဖြစ်ပါတယ်။ တောက်ပတဲ့ အခြားအရောင်ကတော့ မီးဖိုချောင်ကို အမြင်တစ်မျိုး ပြောင်းစေ တာပေါ့။

Ref: Online

L'OREAL

လော်ရယ်လ်

ဓာတုဗေဒပညာရှင်(Chemist) တစ်ဦးဖြစ်တဲ့ Eugene Schueller ဆိုသူက ၁၉၀၇ခုနှစ်မှာ သူ့ရဲ့ ပဲရစ်က အိမ်ခန်းမှာ ဆံပင်ဆိုးဆေးကို အညွှန်းဇယား ပုံသေနည်းနဲ့ ဖော်စပ်နေပါတယ်။ ဒီလို ဖော်စပ်ရတာကလည်း ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ်သမားတွေက သူတို့ရဲ့ အမျိုးသမီး ဆံပင်ညှပ်ဖောက်သည်တွေ ဦးရေပြား အန္တရာယ်မရှိစေဘဲ သူတို့ရဲ့ဆံပင်ကို ရွှေရောင်ဖျော့အရောင်(blonde)ဆိုးချင်လို့ ဆံပင်ဆိုးဆေး ဖော်စပ်ပေးဖို့တောင်းဆိုထားလို့ပါပဲ။ ဒါနဲ့ ဓာတုဗေဒပညာရှင် က သူဖော်စပ်နေတဲံ ဆံပင်ဆိုးဆေးမှာ ဟိုက်ဒရိုဂျင် ပါရောက်ဆိုဒ် (hydrogen peroxide) (ဘက်တီးရီးယား ပိုးသတ်ရာနဲ့ ဆံပင်အရောင်ချွတ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးရည်တစ်မျိုး)ကို ထည့်သွင်းဖော်စပ်ပြီး Aureole (ပြင်သစ်လို halo ဟုခေါ်) လို့အမည်ပေးထားပါတယ်။ နောက် နှစ်နှစ်အကြာမှာတော့ Schueller ဟာ သူ့ရဲ့နေ့ပိုင်း အလုပ်ဖြစ်တဲ့ ဓာတုဗေဒပညာရပ်ဆိုင်ရာ စမ်းသပ်စစ်ဆေးတဲ့ အလုပ်ကိုစွန့်လွှတ်ပြီး ပြင်သစ် ဆံပင်ဆိုးဆေး ကုမ္ပဏီ The French Harmles Hair Coloring Co. ကိုပြင်သစ် ဖရန့်ငွေ ၈၀၀(ဒေါ်လာ ၂၁၀)နဲ့ အရင်းပြုပြီး စတင်တည်ထောင်ပါတယ်။ ၁၉၁၁ ခုနှစ် မှာတော့ သူ့ကုမ္ပဏီနာမည်ကို L'oreal ဆိုပြီးပြောင်းမှည့်လိုက်ပါတယ်။ ၁၉၁၂ ခုနှစ်မှာတော့ သူ့ရဲ့ဆံပင်အရောင်ဆိုးဆေးပစ္စည်းတွေကို ဥရောပတစ်ခွင်မှာ စတင်ရောင်းချသလို ပစ္စည်းရောင်းတဲ့ ကိုယ်စားလှယ်အေးဂျင့်ကနေ တစ်ဆင့်လည်း အမေရိက၊ တောင်အမေရိက၊ ရုရှားနဲ့ အာရှတိုက်တွေကိုပါ ဖြန့်ချိပေးဖို့ တာဝန်ပေး ခန့်အပ်ပါတယ်။ ၁၉၂၀ခုနှစ်မှာတော့ လုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာပြီး ရောင်းအား တက်လာတဲ့အတွက် သူ့လုပ်ငန်းမှာ လုပ်ကိုင်ဖို့ ဓာတုဗေဒ ပညာရှင်သုံးယောက်ကို ထပ်မံခန့်အပ်ရပါတယ်။ ဒီကနေ့မှာတော့ ဒေါ်လာ ၅၁သန်းတန်ဖိုးရှိတဲ့ L'oreal ကုမ္ပဏီမှာ သိပ္ပံပညာရှင်ပေါင်း ၂၈၀၀ကျော်ရှိပြီး မူပိုင်ခွင့် တောင်းခံသူပေါင်း နှစ်စဉ် ၅၀၀ကျော်လောက်ရှိ တာတွေ့ရပါတယ်။ အခုဆိုရင် နိုင်ငံပေါင်း ၁၃၀မှာ ရောင်းအားတက်ပြီး ၂၀၀၄ခုနှစ်က စာရင်းအရ ဒေါ်လာ ၁၇သန်းဖိုး ရောင်းရတယ်လို့ ဆိုပါတယ်။

L'Oreal ကုမ္ပဏီမှာ ၁၉၁၁ခုနှစ်ကတည်းက ခေါင်းဆောင်လေးဦးပဲ ထားရှိပြီး ရင်းနှီးမြှုပ်နှံတဲ့ ဘဏ်တွေ၊ ရှေ့နေတွေ၊ ကုမ္ပဏီပြင်ပက အကြံပေး တွေ အလယ်မှာ ငွေရေးကြေးရေးအရ ကြွေးမြီကင်းရှင်းမှု ရှိကြောင်း ဂုဏ်သတင်းမွှေးပျံ့ပါတယ်။ L'oreal ရဲ့ ဘဏ္ဍာတိုက် ကတော့ ၁၉၈၈ခုနှစ်မှာ ဝေလနယ်သား Sir Lindsay Owen Jones ဆိုသူကို ကုမ္ပဏီ အလုပ်အမှုဆောင် အဖွဲ့ရဲ့ သဘာပတိ (Chairman) နဲ့ ဆုံးဖြတ်ခွင့် အာဏာရှိသူ အကြီးအကဲအဖြစ် ခန့်အပ်ပြီး နောက်ပိုင်းကစလို့ ကြီးထွားတိုးတက်လာပါတယ်။ Owen Jones ဟာ ဒီရာထူးနဲ့ ဆယ်စုနှစ် နှစ်စုတိုင်အောင် တည်မြဲနေခဲ့ပြီး စီးပွားရေးကိုလည်း နှစ်ဆတိုးတက်အောင် လုပ်ဆောင် ပေးနိုင်ခဲ့တာပါ။

Owen Jones ဟာ L'oreal ကုမ္ပဏီအတွက် 'နွားမနဲ့နွားကလေး' ' Cow and Calf' ဆိုတဲ့ နမူနာကို စံပြုထားခဲ့ပါတယ်။ အဲဒီသဘော ကတော့ ကုမ္ပဏီအနေနဲ့ အမြတ်အစွန်း မရှိသေးဘဲ စွန့်စားရမှုနဲ့မကင်းတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှု လုပ်ရဲရမယ်။ အခက်အခဲနဲ့ စွန့်စားမှုတွေကို ထိန်းချုပ်ပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးရတယ်။ ဒါမှသာ အနာဂတ်ကာလမှာ အမြတ် အစွန်းကို သေချာပေါက် ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 'နွားအုပ်ကြီးရေရှည်တည်မြဲနေစေဖို့ နွားကလေးတွေကို မွေးဖွားပြီးအုပ်စုထဲက အနည်းငယ်သော နွားတွေကလည်း နွားနို့ကို မုချပေးနိုင်မှ ဖြစ်မယ်၊ ဒါဟာ လုပ်ငန်းကြီးလုပ်ဆောင်နေရုံနဲ့ တင်းတိမ်မနေဘဲ လုပ်ငန်း ခွဲတွေမှာလည်း ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းတာဖြစ်တယ်၊ ငွေရဖို့အတွက်ပဲ ကြည့်မယ်ဆိုရင် ကြာရင် လုံးပါးပါးလာမှာဖြစ်တယ်၊ ဒါကြောင့် ရေရှည်အတွက် အရင်းအနှီးကို အမြဲလျာထားပေးနေရမှာ ဖြစ်တယ်' လို့ ဆိုလိုတာဖြစ်ပါတယ်။ Owen Jones စကားမှန်ကန်တယ်ဆို တာကို သက်သေအဖြစ် L'oreal ရဲ့ကုန်ပစ္စည်း အမျိုးအစားပေါင်း ၂၀မှာ ၁၄မျိုးဟာ အရောင်းစာရင်းမှာ ၉၂ ရာခိုင်နှုန်းရှိတာကို မြင်တွေ့ နိုင်တာ ဖြစ်တယ်။

Owen Jones ဟာ L'oreal အလှကုန်ပစ္စည်းတွေကို အမေရိကနဲ့ အာရှတိုက်တွေမှာပါ အကျိုးအမြတ်ရှိတဲ့ အလှကုန်လုပ်ငန်းအဖြစ် တိုးချဲ့လုပ်ကိုင်ဖို့ တွန်းအားပေးပါတယ်။ အခုဆိုရင် L'oreal ရဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု အစုစုမှာ Lacome, Maybelline New York , Redken, Helena Rubin stein , Ralph Lauren နဲ့ Giorgio Armani Perfumes ရေမွှေးကုမ္ပဏီတွေပါ ပါဝင်ပါတယ်။ နှစ်စဉ် ဥရောပ သာမက တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ ရောင်းရတဲ့စာရင်းဟာ ရောင်းရငွေတန်ဖိုးရဲ့ ၅၀ရာခိုင်နှုန်းကျော်ကျော် ရရှိအောင် ကြိုးပမ်းနိုင်ခဲ့ ပါတယ်။

ကုမ္ပဏီက သိပ္ပံပညာရှင် (scientists) တွေကလည်း အိုမင်းမှုကို တားဆီးနိုင်မယ့် သောက်ဆေး anti-aging pills, ဆံပင်ဖြူတာကို တားဆီးပေးတဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပေါက်ဆေး၊ ဆံပင်သန်ဆေးတွေကို ကြိုးစားဖော်စပ်နေကြပါတယ်။ ဒါဟာဈေးကွက်စီးပွားရေး အတွက် မဟာဗျူဟာ အကွက်ဆင်တဲ့ နည်းနဲ့တက်ကြွတဲ့ရောင်းအား နှစ်မျိုးပေါင်းပြီး တီထွင်ဆန်းသစ်မှုန်ဲက ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အလှအပဆိုင်ရာ လုပ်ငန်းရဲ့ ပြောင်းလဲမှုကို လုပ်ဆောင်ခြင်းပဲဖြစ်တယ်။ဒီအတွက်လည်း ကြော်ငြာအားကို ၀င်ငွေရဲ့၃၀ရာခိုင်နှုန်း အသုံး ပြုခဲ့တယ်။ ဒီလိုတွေ လုပ်လို့လည်း L'oreal ရဲ့ရောင်းအားဟာ နှစ်စဉ် ၅ရာခိုင်နှုန်း တက်နေတာပဲဖြစ်တယ်။ Owen Jones က 'L'oreal ကုမ္ပဏီကို အုပ်ချုပ်ရတာဟာ လောင်စာဆီ အပြည့်ထည့်ထားပြီး ပြေးအားကောင်းတဲ့ မော်တော်ဘုတ် (စပိဘုတ်)ကို ပဲ့ကိုင် ထိန်း ကျောင်းနေရသလိုပါပဲ' လို့ပြောပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူ့နေရာကို Jean Paul Agon ဆိုသူကို လွှဲပေးလိုက်ပါတယ်။

L'oreal ရဲ့ အရှင်သခင် Mr.Schueller က ၁၉၅၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့တစ်ဦးတည်းသောသမီး Liliane Bettencourt ကအမွေဆက်ခံပြီး ကမ္ဘာမှာ အချမ်းသာဆုံး အမျိုးသမီးစာရင်းဝင် တစ်ဦးဖြစ်ပါတယ်။ အခု သူမအသက်၈၀၀န်းကျင်အရွယ်မှာ L'oreal စီးပွားရေးအဖွဲ့အစည်းရဲ့ အမြတ်အစွန်း ၂၅ရာခိုင်နှုန်းကျော်ကျော်ကို ပိုင်ဆိုင်ထားပြီး ဒေါ်လာ ၁၇.၂သန်းလောက်ချမ်းသာ ကြွယ်ဝတယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ Bettencourt ဟာနှိမ့်ချစွာ နေထိုင်ပြီး ဖခင်ရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ပါတယ်။ Bettencourt မှာလည်း သမီး Francoise တစ်ဦးတည်းသာရှိပြီး L'oreal ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်။

Bettencourt မိသားစုမှာ စီးပွားရေးလုပ်ငန်းရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီး Nestle ရဲ့နောက်ကနေ ၂၆.၄ရာခိုင်နှုန်း ကပ်လိုက်နေ ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀လောက် L'oreal ကိုဦးပိုင် ကုမ္ပဏီနှစ်ခု ( L'oreal နဲ့ Nestle ) က လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ တရားဝင် ဖျက်သိမ်းခဲ့ပါပြီ။ စာချုပ်အသစ်မှာတော့ Bettencourt မိသားစုက L'oreal ကိုရောင်းမယ်ဆိုရင် ပထမ ဦးစားပေးအနေနဲ့ ၀ယ်ယူခွင့်ရရှိမယ့် ကုမ္ပဏီအဖြစ် Nestle ကို အခွင့်အရေးပေးထားပါတယ်။ L'oreal နဲ့ Nestle နှစ်ဦးနှစ်ဖက် အနေနဲ့ ရှယ်ယာတွေကို ငါးနှစ်အထိ ဒီအတိုင်းထားပြီး Liliane အသက်ထင်ရှားရှိနေစဉ်အတွင်း ဘယ်ကုမ္ပဏီဘက်ကမှ အစမှာ ပါဝင်တဲ့ ရင်းနှီး မြှုပ်နှံမှု ရှယ်ယာတွေကို မတိုးမြှင့်ကြဖို့လည်း သဘောတူထားခဲ့ကြပါတယ်။

သမီးဂျင်း

Ref: 100 Great Business and the Minds Behind Them

Resource: Tharapu Magazine, No.157 November 2010

Monday, November 15, 2010

ရေမွှေးအ၀ယ်ထွက်ရအောင်

Scent Shopping

'လူတစ်ယောက်ရဲ့ ရေမွှေးနံ့က သူ့လက်ရေးထက် သူ့အကြောင်းကို ဖော်ပြနေတယ်' လို့ Christan Dior ကပြောဖူးပါတယ်။ ရေမွှေးတံဆိပ်ပေါင်း ထောင်ချီရှိနေတဲ့အထဲက ကိုယ့်အတွက် သင့်တော်တဲ့၊ လိုက်ဖက်တဲ့ ရေမွှေးရှာဖို့ဆိုတာလည်း အင်မတန်ကို ခက်ပါတယ်။ အဲဒီအတွက် ရနံ့ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ရေမွှေးရှာရာမှာ သိထားသင့်တဲ့ အဓိကအချက်များကို အခုလိုမျှဝေထားပါတယ်။

၁။ ချင့်ချိန်ပါ။

ရေမွှေးအနံ့တွေကို တစ်ချိန်တည်းမှာ အများကြီး စမ်းရင်အနံ့တွေရောကုန်ပြီး ခေါင်းတောင် ကိုက်သွားပါလိမ့်မယ်။ ကောင်းတာက တစ်ခါစမ်းရင် ရေမွှေးလေးမျိုးလောက်ပဲ စမ်းသင့်ပါတယ်။ ဒါကြောင့် မစမ်းခင်မှာ ကိုယ်ဘယ်လိုအနံ့မျိုး ကြိုက်တာလည်းဆိုတာကို အရောင်းကောင်တာက Fragrance Advisor ကိုအရင်ပြောပြပါ။ ပန်းနံ့လား၊ သစ်သီနံ့လား၊ ဒါမှမဟုတ် သစ်မွှေးအနံ့မျိုးလားပေါ့။ ဒါမှလည်း ကိုယ်ကြိုက်တဲ့ အနံ့နဲ့ ဆင်တူတဲ့ ရေမွှေးအမျိုးအစားတွေကို ရွေးပေးနိုင်မှာကိုး။

၂။ အနံ့ကို ကိုယ်စားပြုတဲ့ ရေမွှေးပုလင်း

ကိုယ့်ကို အကြံပေးနိုင်တဲ့ အရောင်းစာရေး မရှိတဲ့အခါမျိုးဆိုရင် ရေမွှေးပုလင်းအရောင်ကို ကြည့်ပြီးရွေးနိုင်ပါတယ်။ များသောအားဖြင့် ရေမွှေးများကို သစ်သီးနံ့ဆိုရင် ပုလင်းအရောင်တောက်တောက်၊ ပန်းနံ့သင်းသင်းဆိုရင် အရောင်ဖျော့ဖျော့ပုလင်းနဲ့ အနံ့ပြင်းတဲ့ ရေမွှေးဆိုရင်တော့ အနီရင့်ရောင် သို့မဟုတ် အညိုရောင်ပုလင်းများနဲ့ ထုတ်လုပ်ထားတတ်ကြပါတယ်။

၃။ အနံ့ကို အရင်စမ်းပါ။

ရေမွှေးကို အရေပြားပေါ်တင်ပြီး မစမ်းခင် ရေမွှေးစမ်းတဲ့ Strip အပြားပေါ်ဖျန်းပြီး အရင်ရှူကြည့်ပါ။ ကြိုက်ပြီဆိုမှ လက်ကောက်ဝတ် ပေါ်ဖျန်း ပြီးစမ်းပါ။ ရေမွှေးက ကိုယ့်ရဲ့ Body temperature နဲ့ Chemistry ပေါ်မှာ ဘယ်လိုတုံ့ပြန်မှုရှိတယ်ဆိုတာ ကြည့်ပါ။ ဖျန်းပြီး မရှူကြည့်ခင် ရေမွှေးမှာပါဝင်တဲ့ alcohol အငွေ့ပြန်သွားသည်အထိ စက္ကန့်အနည်းငယ်ခန့်စောင့်ပါ။ ပြီးမှ ရှူကြည့်ပါ။

အကြံပြုချင်တာကတော့ အနံ့တစ်မျိုးရှူပြီးလို့ နောက်တစ်မျိုးထပ်မစမ်းခင် ရေသောက်တာ သို့မဟုတ် ကော်ဖီစေ့အနံ့လေး ရှူပေးနိုင်ရင် ပိုကောင်းပါတယ်။

၎။ ဆင့်ကဲဖြစ်စဉ် သီအိုရီ

မိမိရဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် ရေမွှေးအနံ့ ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် သွေးခုန်နှုန်း စမ်းလို့ရတဲ့နေရာများဖြစ်တဲ့ ကုပ်ပိုး၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်လိုနေရာတွေမှာ အရင်ဖျန်းကြည့်ပါ။ ၁၅မိနစ် သို့မဟုတ် နာရီအနည်းငယ်လောက်ထားပြီး ပြောင်းလာတဲ့အနံ့ပေါ်မှာ လိုက်ပြီးမှ ကြိုက်မကြိုက် ဆုံးဖြတ်ပါ။

၅။ ရေမွှေးတစ်မျိုးတည်း မသုံးပါနဲ့။

ရေမွှေးအသစ်ဝယ်တဲ့အခါ ခပ်ဆင်ဆင်အနံ့တွေကိုပဲ မ၀ယ်ပါနဲ့။ မိမိသွားမယ့် Occasion နဲ့လိုက်မယ့် အနံ့နဲ့ မိမိစိတ်အခြေအနေပေါ်လိုက်ပြီး ပြောင်းသုံးဖို့ ရေမွှေးများ ရှိသင့်ပါတယ်။ နေ့ဘက်အတွက် သုံးဖို့၊ ညဘက် သုံးဖို့ ဒါမှမဟုတ် နေ့စဉ်သုံးနဲ့ Special Occasion အတွက်ဆိုပြီး ပြောင်းလဲဆွတ်ဖျန်းသင့်ပါတယ်။

နေ့စဉ်သုံးအတွက် သင့်တော်တဲ့ရေမွှေးများ

ပန်းရနံ့

ပန်းရနံ့သင်းတဲ့ ရေမွှေးများဟာ မိန်းမသားဆန်ပြီး ဘယ်တော့မှ ရိုးမသွားပါဘူးလို့ မိန်းကလေးများအတွက်ဆိုထားပါတယ်။ ယောက်ျား သားများအတွက်ကတော့ ကြိုက်တဲ့သူကတော့ဆွတ်ပေါ့လေ။ နှင်းဆီ၊ လီလီ၊ အိုင်းရစ်နဲ့ စံပယ်ရနံ့များဟာ နွေဦးနဲ့ ဆောင်းဦးရာသီကို ကိုယ်စားပြုတဲ့အနံ့များဖြစ်ပါတယ်။ ပန်းနံ့သင်းသင်းလေးတွေကတော့ နေ့ဘက်တွေမှာ သုံးသင့်ပြီး အရှေ့တိုင်းဆန်တဲ့ ပန်းနံ့အီအီ လေးတွေကတော့ ညနေခင်းဘက်တွေမှာ ဆွတ်ဖျန်းဖို့ သင့်တော်ပါတယ်။

လတ်ဆတ်သော သစ်သီးနံ့

Lemon ၊သံပုရာ၊ bergamot လို ခပ်ချဉ်ချဉ်နဲ့ အနံ့မျိုးနဲ့ ပရုတ်၊လက်ဖက်စိမ်း ရနံ့များဟာ ဆွတ်ဖျန်းထားသူကို လတ်ဆတ်လန်းဆန်း စေပါတယ်။ ဒီအနံ့များကို ပူပြင်းတဲ့ ရာသီဥတုတွေမှာ သုံးသင့်ပါတယ်။

Special Occasion ညနေခင်းများအတွက် ရေမွှေးများ

သစ်မွှေး

စန္ဒကူးနဲ့ သစ်ကတိုးနံ့တွေဟာ စိတ်ကိုငြိမ်းချမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ထို့ပြင် အစားအသောက်ရနံ့များဖြစ်တဲ့ ဗနီလာ၊ ချောကလက်နှင့် ချယ်ရီနံ့များဟာလည်း ဆွဲဆောင်မှုရှိပြီး ညနေခင်းပွဲလမ်းသဘင်များအတွက် သင့်တော်ပါတယ်။

Perfume ရေမွှေးအကြောင်းသိကောင်းစရာ

မိမိအတွက် သင့်တော်တဲ့ ရေမွှေး ဘယ်လို ရွေးသင့်တယ်ဆိုတာကို ကြည့်ရအောင်။

အနံ့အုပ်စုဝင်များ

သီအိုရီအရ ရေမွှေးများကို အနံ့နဲ့ အုပ်စုခွဲလို့ မရဘူးဆိုပေမဲ့လည်း ရေမွှေးရွေးတဲ့အခါမှာတော့ ပန်းနံ့၊ သစ်မွှေးနံ့၊ အရှေ့တိုင်း ဆန်တဲ့အနံ့တွေကိုကြိုက်သလား။ သို့မဟုတ် သစ်သီးနံ့၊ green နဲ့ aquatic လို modernဆန်တဲ့အနံ့မျိုးကို ကြိုက်သလားဆိုတာ ကိုတော့ မိမိဘာသာ အရင်ဆန်းစစ်ရပါလိမ့်မယ်။

Notes များကို သဘောပေါက်နားလည်ထားရပါမယ်။

အနံ့ရဲ့ အငွေ့ပြန်မှုဖြစ်စဉ်ကို အခုလို သတ်မှတ်ထားပါတယ်။

Top Notes - ရေမွှေး ဆွတ်ဆွတ်ခြင်းမှာရတဲ့ အနံ့ကို ခေါ်ပါတယ်။ အနံ့က ပေါ့ပါးပြီး လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားကာ Middle Notes အနံ့အတွက် ပြင်ဆင်ပါတယ်။

Middle Notes - အနံ့အုပ်စုဝင်ကို ကိုယ်စားပြုတဲ့ အဓိကအနံ့ ဖြစ်ပါတယ်။ ဒီအနံ့ကို ရေမွှေးဆွတ်ဆွတ်ခြင်းမှာ အနည်းငယ်ရကောင်း ရပါမယ်။ ဒီ အဓိကအနံ့ကို အပြည့်အ၀ရဖို့အတွက် ရေမွှေးကိုဆွတ်ပြီးတဲ့နောက် အရေပြားရဲ့ တုံ့ပြန်မှုရဖို့ဟာ မိနစ် ၃၀ခန့် ကြာပါ တယ်။

Base Notes - အကြာရှည်ဆုံးခံပြီး အနံ့တွေရဲ့ အငွေ့ပြန်မှုကို နှေးကွေးသွားအောင် ကူညီပေးပါတယ်။

အရည်အသွေး ဆန်းစစ်ပါ။

အပေါစားရေမွှေးများဟာ Synthetic ပါဝင်ပစ္စည်းများ ထည့်သွင်းထုတ်လုပ်ထားတဲ့အတွက် အနံ့စူးရှပြီး ပြင်းတတ်ပါတယ်။ ၄င်းရေမွှေးများဟာ ကြာကြာမခံဘဲ အရေပြားနဲ့ ထိတွေ့ပြီးတဲ့အခါမှာလည်း အနံ့ပြောင်းသွားတတ်ပါတယ်။ အချို့ရေမွှေးတွေဆိုရင် artificial အရောင်များ သုံးထားတဲ့အတွက် ဆွတ်တဲ့အခါ အင်္ကျီမှာ အစွန်းကွက်ဖြစ်ပြီး ကျန်နေတတ်ပါသေးတယ်။

အမျိုးအစားကောင်းတဲ့ ရေမွှေးတွေကတော့ ဆွတ်ဖျန်းပြီး တစ်နေကုန် သင်းပျံ့မွှေးကြိုင်နေတာကိုတွေ့ရပါမယ်။ သံပရာနံ့၊ ပန်းရနံ့ကဲ့သို့ top notes အနံ့များဟာ ဆွတ်ပြီး ၁၀မိနစ်ခန့်အကြာမှာ အပြင်းဆုံးဖြစ်ပြီး၊ middle notes ဖြစ်တဲ့ ပန်းနံ့ပြင်းပြင်းက နာရီဝက်ကြာတဲ့အခါမှာ နောက်က လိုက်လာပါတယ်။ ကတိုးနံ့၊ စန္ဒကူးနံ့နှင့် ဗနီလာအနံ့များကတော့ ဆွတ်ပြီး ၂နာရီလောက်ကြာမှ သိသိသာသာကို ထွက်လာတာပါ။

ဒါတွေကတော့ ရေမွှေးရနံ့ရဲ့ သဘောတရားများပဲ ဖြစ်ပါတယ်။

ရေမွှေးပြင်းအား

ရေမွှေး Prefume ဟာ aromatic compound ၊ ရေနှင့် အယ်ကိုဟောများ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။

Eau de cologne မှာ aromatic compound (ရနံ့မွှေးသော ကွန်ပေါင်း) ၂ မှ ၅ရာခိုင်နှုန်း၊ Eau de toilette မှာဆိုလျှင် ၄ မှ ၈ရာခိုင် နှုန်းနှင့် Eau de perfume မှာတော့ ၈ မှ ၁၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ ၄င်း Compound ပါဝင်မှုနှုန်း အနည်းအများပေါ် မူတည်ပြီး ရေမွှေး များရဲ့ ပြင်းအားရဲ့ ကြာရှည်ခံမှုတို့ကလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး။

Ref: Online

Saturday, November 13, 2010

အနာဂတ်အတွက် မြှုပ်နှံခြင်း

-->
'စာကြည့်စားပွဲမှာ တစ်ယောက်တည်းထိုင်ပြီး ဘာတွေများတွေးနေတာတုံး ကိုဝင်းရဲ့'
'တခြားမဟုတ်ပါဘူးဗျာ၊ အသိပညာပေး ဆောင်းပါးလေးတစ်ပုဒ်ရေးမလားလို့ပါ'
'ခင်ဗျားက ဆရာကြီးလုပ်ဦးမလို့ပေါ့လေ'
'ဆရာကြီးလုပ်တာ မဟုတ်ရပါဘူးဗျာ၊ စာဖတ်ပရိတ်သတ်ထဲမှာ ကျွန်တော့်ထက်အဆများစွာ ဥာဏ်အမြော်အမြင် ကြီးမားသူတွေပါတယ် ဆိုတာ သိပြီးသားပါ။ ကိုယ်တွေးတောဆင်ခြင်မိတဲ့ အသိတရားလေးတစ်ခုကို မျှဝေဆွေးနွေးချင်တဲ့ သဘောပါဗျာ'
'စာမူခရတာချင်းအတူတူ ဦးနှောက်မစားဘဲ ပိုက်ဆံရလွယ်၊ လူမုန်းလည်းမများတဲ့ စာမျိုးတွေရေးစမ်းပါဗျာ'
'စာမူခရဖို့ တစ်ခုအတွက်နဲ့တော့ ဒီစာမျိုးတွေ ဘယ်ရေးပါ့မလဲဗျာ။ ကိုယ့်ဘ၀အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ ကြိုးစား နေတာပါ'
'ငွေကြေးလည်း မချမ်းသာ၊ စီးပွားရေးလည်း ဟုတ်တိပတ်တိမလုပ်တတ်တဲ့ ခင်ဗျားလိုလူကများ အခုခေတ်ကြီးမှာ ရင်းနှီးမြှုပ်နှံတယ် ဆိုတဲ့စကား မသုံးစမ်းပါနဲ့ဗျာ'
'လောကမှာ ငွေတို့၊ အတတ်ပညာတို့ထက် အရေးတကြီး တန်ဖိုးထားရမယ့် ရင်းနှီးမြှုပ်နှံစရာကိစ္စတွေ ရှိတယ်ဆိုတာ ကိုလင်း သတိ မမူမိလို့နေမှာပါ'
'ကဲ- ဒါဖြင့် ငွေတို့၊ အတတ်ပညာတို့ထက် အရေးကြီးတဲ့ အရင်းအနှီးအကြောင်း ရှင်းစမ်းပါဦး ကိုဝင်းရယ်'
'အသိပညာအရင်းအနှီးပဲပေါ့ဗျာ။ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ်ကို အဲဒီလူ့အဖွဲ့အစည်းထဲမှာပါဝင်တဲ့ လူသားတွေရဲ့အသိတရားက သာ အဆုံးအဖြတ်ပေးသွားမှာပဲဗျ'
'ခင်ဗျားရဲ့ အသိတရားက ရောင်းစားလို့ရတာမှ မဟုတ်ဘဲ'
'အပေါ်ယံရှပ်တွေးရင်တော့ အသိတရားက ရောင်းစားလို့မရဘူးပေါ့ဗျာ။ ရောင်းစားလို့ရမယ့် ထုတ်ကုန်တစ်ခု ဖြစ်လာဖို့ဆိုတာ ငွေ အရင်းအနှီး၊ အတတ်ပညာစတဲ့ သွင်းကုန်တွေ လိုအပ်တာပေါ့'
'အဓိကက အတတ်ပညာပဲဗျ။ အခုခေတ်က အတတ်ပညာချင်းယှဉ်ပြိုင်နေတဲ့ခေတ်။ ကွန်ပျူတာ အတတ်ပညာတွေဆိုရင် အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတာ ခင်ဗျားလည်းအသိပဲ မဟုတ်လား'
'ဟုတ်ပါတယ်ဗျာ။ စားပွဲပေါ်တင်ထားတဲ့ ကွန်ပျူတာ ဖန်သားပြင်ပေါ်ကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းအချက်အလက်တွေကို ချက် ချင်းလက်ငင်း ဆက်သွယ်ရယူနိုင်တဲ့ အင်တာနက်စနစ်အကြောင်း ကျွန်တော်လည်းဖတ်ဖူးပါတယ်၊ ဒါပေမဲ့ အဲဒီအတတ်ပညာတွေကို လူ့ကျင့်ဝတ်ဆိုတဲ့အသိတရားနဲ့ ထိန်းကွပ်ပေးနိုင်ပါမှ လူသားတွေအတွက် အမှန်တကယ် အကျိုးပြုနိုင်လိမ့်မယ်ဆိုတာကော ခင်ဗျား သတိပြုမိရဲ့လား'
'ဘာဆိုင်လို့လဲဗျာ၊ ကွန်ပျူတာနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဗဟုသုတ သတင်းအချက်အလက်တွေကို လေ့လာဆည်းပူး ရယူနိုင်မယ်။ ဒီနည်းနဲ့တင် လူသားအကျိုးပြုလုပ်ငန်းတစ်ခုကို ဖော်ဆောင်ပေးနေနိုင်ပြီပဲဗျ'
'မဟုတ်သေးဘူး ဆရာရေ့၊ အခုလို တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်လို့ရတဲ့ အခွင့်ကောင်းကိုယူ၊ တိုးတက်ထွန်းကားလာတဲ့ နောက်ဆုံး ပေါ်အတတ်ပညာတွေကိုသုံးပြီး မကောင်းမှုဒုစရိုက်တွေ ကျူးလွန်လာကြတာကိုလည်း ထည့်စဉ်းစားဦးလေ။ တချို့ဆိုရင် ကွန်ပျူတာ အတတ်ပညာကိုသုံးပြီး ကိုယ့်တိုင်းပြည်ရဲ့လျှို့ဝှက်ချက်တွေကို ဖောက်ထွင်း ရယူ၊ တစ်ဖက်ရန်သူနိုင်ငံကို သတင်းအချက်အလက် ရောင်းစားတာတို့၊ ဘဏ်ရဲ့ကွန်ပျူတာစနစ်ကို ချိုးဖျက်ပြီး သူများပိုင်ငွေကို သန်းနဲ့ချီခိုးယူသွားတာတို့၊ အင်တာနက်ထဲကနေတစ်ဆင့် လူတွေရဲ့အကျင့်စာရိတ္တကို ပျက်ပြားစေမယ့် ကာမရာဂနှိုးဆွတဲ့ရုပ်ရှင်တွေ၊ ရုပ်ပုံတွေထုတ်လွှင့်ပေးတာတို့ စတဲ့အတတ်ပညာကို အလွဲ သုံးစားပြုမှုတွေ ထုနဲ့ထေးပေါ်လာကြပြီဗျ'
'သူများရဲ့ ကွန်ပျူတာစနစ်နဲ့သိမ်းထားတဲ့ အချက်အလက်တွေကို ဖျက်ဆီးနိုင်တဲ့ ဗိုင်းရပ်(စ်)ပရိုဂရမ်တွေလည်း မနည်းဘူးဗျနော်'
'အဲဒီ ပရိုဂရမ်တွေကို အပြိုင်အဆိုင်ရေးနေတဲ့ လူတွေဟာ သာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူး ကိုလင်းရေ၊ တကယ့်ကို ကွန်ပျူတာပရိုဂရမ် ရေးသားမှုအတတ်ပညာမှာ ထိပ်ထိပ်ကြဲတော်တဲ့ လူတွေပဲဗျ'
'ဒီလိုတော်တဲ့ ပညာရှင်ကြီးတွေက မဟုတ်တာ လုပ်ပါ့မလားဗျာ'
'သြော် - ကိုလင်းရယ်၊ အတတ်ပညာရှင်ဆိုတိုင်း လူ့ကျင့်ဝတ်သိက္ခာ စောင့်စည်းရမယ်ဆိုတဲ့ အသိတရားရှိကြတာ မဟုတ်ဘူးဗျ။ လူသားတွေကို သန်းနဲ့ချီပြီး မိနစ်ပိုင်းအတွင်းသေစေနိုင်တဲ့ ဟိုက်ဒြိုဂျင်ဗုံးတို့၊ ရောဂါဘယတွေဖြစ်၊ ကပ်ဆိုက်ပြီးသေစေနိုင်တဲ့ ဇီဝလက်နက်တို့၊ ဓာတုလက်နက်တို့ဆိုတာတွေဟာ အတတ်ပညာရှင်တွေရဲ့ ဦးနှောက်က ထွက်လာတဲ့ ထုတ်ကုန်တွေပဲ'
'အေးဗျ၊ တိုးတက်လာတဲ့အတတ်ပညာကို အသိတရားချွန်းနဲ့ အုပ်ပြီးအသုံးချပါမှ လူသားတွေအတွက် အမှန်တကယ်အကျိုးပြုနိုင်မှာပဲ'
'ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ဖွံ့ဖြိုးလာဖို့ဆိုရင် အတတ်ပညာ တိုးတက်လာဖို့လိုသလို တစ်ဖက်ကလည်း လူသားတွေရဲ့ အသိတရား မြင့်မားလာအောင် ဟန်ချက်ညီညီ အားထုတ်သွားရမှာပဲဗျ။ အတတ်ပညာ တိုးတက်တာနဲ့အမျှ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာမှာပဲ၊ အဲဒီတိုးတက်လာတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို လူသားထုကောင်းကျိုး သယ်ပိုးတဲ့ဘက်ကို ဦးတည်သွားအောင် ထိန်းကွပ်လမ်းညွှန်ပေးသွားရမှာက အသိတရားရှိတဲ့ လူသားတွေပဲ မဟုတ်လား'
'ဟုတ်ပါ့ဗျာ၊ တိုးတက်တဲ့အတတ်ပညာဟာ လူ့ကျင့်ဝတ်သိက္ခာနဲ့ ညီညွတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာရှိနေဖို့ အရေးကြီးတာပေါ့'
'အမြော်အမြင်ကြီးမားတဲ့ ကမ္ဘာ့စီးပွားရေးပညာရှင်ကြီးတွေကလည်း လူ့အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့ အရေးအကြီးဆုံး သွင်းကုန်ဟာ လူသားအရင်းအမြစ် (Human Resources) ပဲဖြစ်တယ်လို့ ပြောကုန်ကြပြီလေ'
'ဟား....၊ လူသားအရင်းအမြစ်ကတော့ ကျုပ်တို့ဆီမှာ ကြွယ်ဝပါတယ်ဗျာ။ တစ်နှစ်တစ်နှစ် တိုးတက်လာတဲ့ ပါးစပ်ပေါက်တွေ..'
'လူသားအရင်းအမြစ်ဆိုတာ လူဦးရေ (Population) ပေါ်မှာ မူမတည်ဘူး ကိုလင်းရဲ့၊ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဆောင်ကြဉ်းပေးနိုင်မယ့် အရည်အသွေးရှိတဲ့ လူသားတွေကိုသာ လူသားအရင်းအမြစ်လို့ခေါ်တယ်'
'အတတ်ပညာလည်းရှိ၊ အသိတရားနဲ့လည်း ပြည့်စုံတဲ့ လူတွေကို ဆိုလိုတာပေါ့'
'မှန်ပါတယ်။ ဒီလို အရည်အသွေးပြည့် လူသားတွေ တိုးပွားသည်ထက် တိုးပွားလာတာနဲ့အမျှ ကျွန်တော်တို့နေထိုင်ရာ လူ့အဖွဲ့အစည်း လည်း ဖွံ့ဖြိုးလာမှာ မလွဲဧကန်ပါပဲ'
'ဒါပေမဲ့ ဒီကိစ္စက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးဗျနော်'
'ကျွန်တော်တို့မျိုးဆက်မှာ အခြေအနေအရ မဖြစ်လာနိုင်သေးရင်တောင် ကျွန်တော်တို့ သားသမီးမြေးမြစ်တွေရဲ့ခေတ်မှာ ဖြစ်လာအောင် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း ကြိုးပမ်းကြရမှာပေါ့ဗျာ'
'ခင်ဗျားဖြစ်ချင်တာကို ကျွန်တော် သဘောပေါက်ပါတယ်ဗျာ၊ အရည်အသွေးပြည့် လူသားတွေနဲ့ဖွဲ့စည်းထားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ အဖွဲ့အစည်းအသိုင်းအ၀ိုင်းထဲမှာ အဆင့်အတန်းမြင့်မြင့် နေချင်တဲ့ဆန္ဒနဲ့ အသိတရားရင်းနှီးမြှုပ်နှံမှု လုပ်သင့်တယ်ဆိုတာကိုလည်း နား လည်ပါပြီ။ ဒါပေမယ့် ခင်ဗျားအသက်ရှင်နေစဉ် ကာလအတွင်း မျှော်မှန်းသလို ဖြစ်မလာခဲ့ရင် ခင်ဗျားရဲ့ ကြိုးပမ်းမှုတွေရဲ့ ရလဒ်ကို ခံစား ရပါဦးမလား'
'အခုနပြောခဲ့သလိုပေါ့ဗျာ၊ ကျွန်တော်တို့မျိုးဆက်မှာ မအောင်မြင်သေးရင် နောင်လာမယ့်မျိုးဆက်အသစ်တွေက ကြိုးစားသွားရမှာပဲ။ တကယ်စဉ်းစားကြည့်ရင် ကျွန်တော်တို့ရဲ့ အမျိုးဗီဇ၊ ဇာတိသွေးတွေ စီးဆင်းနေတာနဲ့ အမျှ၊ လက်ဆင့်ကမ်း ခံယူသွားကြမယ့် မျိုးဆက် သစ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါပဲ'
'ပညာတတ်ပြီး အသိတရားပြည့်ဝတဲ့ လူ့ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့စေတနာကိုတော့ ကျွန်တော် လက်ခံ ပါတယ်၊ ဒါပေမယ့် ဒီအလုပ်မျိုးကို ခင်ဗျားတစ်ယောက်တည်း လုပ်လို့တော့ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူးဗျာ'
'ဟာ - ဒီအလုပ်ကို ကျွန်တော်တစ်ယောက်တည်း လုပ်နေတယ်လို့ ဘယ်တုန်းကမှ မပြောရပါလားဗျာ၊ ကျွန်တော်က စဉ်းစားခန်းဝင်နေ တုန်းရှိသေးတယ်။ ကျွန်တော်တို့ထက် ရှေးကျတဲ့မျိုးဆက်ပေါင်း များစွာကတည်းက အသိဥာဏ်အမျှော်အမြင်ပြည့်ဝတဲ့ ရဟန်းပညာရှိ၊ လူပညာရှိကြီးတွေက တတ်စွမ်းသမျှ လုပ်ခဲ့ပြီးပါပြီ။ ဥပမာတစ်ခုပဲ ပြောမယ်ဗျာ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသရဲ့ အဆို အမိန့်တစ်ခုကိုပဲ ကြည့်လေ၊ သူ့ကျောင်းရဲ့ဆောင်ပုဒ် လုပ်ငန်းစဉ် (၁၀)ရပ်ကို အများသိအောင် ရေးထားရာမှာ ထိပ်ဆုံးက "စိတ်ကောင်း ရှိဖို့ကပထမ" လို့အတိအလင်းကြေငြာခဲ့တာပဲ'
'အဲဒါတော့ဟုတ်တယ်ဗျို့၊ ဆရာတော်ကြီးက ပညာတွေ ဘယ်လောက်တတ်တတ်၊ စိတ်ထားမမြင့်မြတ်ရင် အလကားပဲဆိုတာသိအောင် ဆုံးမခဲ့တာပဲ။ စိတ်ကောင်းရှိဖို့ဆိုတာ အသိတရားလိုတယ်၊ အသိတရားရှိပြီး ပညာပြည့်ဝတဲ့ အရည်အသွေးပြည့် လူသားတွေသာ တန်ဖိုးရှိတယ်ဆိုတာ ဆရာတော်ကြီးက မျိုးဆက်သစ်တွေကို ပညာပေးသွားခဲ့တာပဲ။'
'အချုပ်ပြောရရင်ဗျာ၊ အတတ်ပညာဆိုတာ လွှဲပြောင်းရယူဖို့ လွယ်ပါတယ်။ အသိတရားနဲ့ပြည့်စုံဖို့ကတော့ သားစဉ်မြေးဆက် ပြုစုပျိုး ထောင် သွားရမယ့်ကိစ္စပဲ၊ ဒီကိစ္စဟာ တစ်ဦးတစ်ယောက်ချင်း လုပ်လို့ရမယ့်ကိစ္စလည်း မဟုတ်လေတော့ ကိုယ်နေထိုင်ရာ လူ့အဖွဲ့ အစည်းတိုးတက်မြင့်မားလာတာကို လိုလားတဲ့သူတိုင်း၊ ကိုယ့်ဘ၀ရဲ့ အနာဂတ်အတွက် အမွန်မြတ်ဆုံး ရင်းနှီးမြှုပ်နှံမှုကို ပြုကြပါစို့လို့ နှိုးဆော်လိုက်ချင်ပါတယ်ဗျာ'
ဝင်းသိန်းဦး
(၁၃-၉-၉၇)
ဓမ္မရံသီ၊ ၁၉၉၈ခုနှစ်၊ ဇန်န၀ါရီလ။

Friday, November 12, 2010

ဝထ္ထု အနုပညာ

ကဗျာ၊ ဂီတ၊ ပန်းချီနှင့် ပန်းပုတို့သည် လူ့ယဉ်ကျေးမှုတွင် အစောဆုံး ပေါ်ပေါက်ခဲ့သော အနုပညာ ပုံသဏ္ဌာန်များ ဖြစ်၏။
ထိုအနုပညာများနှင့် ၀တ္ထု အနုပညာကို နှိုင်းယှဉ်လိုက်လျှင် ၀တ္ထု ပေါ်ပေါက် လာသည်မှာ မကြာသေးပါ။ အထက် ဖော်ပြပါ အနုပညာများထက် အလွန် နောက်ကျပြီး ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ် ၀တ္ထုများသည် ၁၇ ရာစုနှစ် အလယ်ပိုင်းလောက်က ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ဂျွန်ဘန်ယန် (John Bunyan) ရေးသော ဘုရားဖူးခရီးThe Pilgrim's Progress မှာ ပထမဆုံး ပေါ်ထွက် လာခဲ့သော အင်္ဂလိပ် ၀တ္ထုဖြစ်သည်ဟု သတ်မှတ် ထားခဲ့ကြလေသည်။

စကားပြေ အရေးအသားသည် ကဗျာထက် နောက်ကျပြီး ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ ၀တ္ထုသည် စကားပြေ ဖြစ်သည်။ အလယ်ခေတ်က ၀တ္ထုနှင့် ပတ်သက်ပြီး အမြင် အမျိုးမျိုး၊ သဘောထား အမျိုးမျိုး ရှိကြသည်။ ရူပက အလင်္ကာများဖြင့် ရေးဖွဲ့ထားသော ၀တ္ထုများ ပေါ်ပေါက်ခဲ့ပါသည်။ ဒန်နီရယ်ဒီဖိုး (Daniel Defoe) ရေးခဲ့သော ၀တ္ထုများမှာ သတင်းအချက်အလက်ကို အခြေခံပြီး ရေးသားသော ၀တ္ထုများ ဖြစ်သည်ဟု ဆိုကြသလို ထိုဝတ္ထုများနှင့် ပတ်သက်ပြီး မတူသော အမြင်များ၊ ကွဲပြားသော ဝေဖန်ချက်များ ရှိခဲ့ပါသည်။ ၁၈ ရာစု အလယ်ပိုင်း ရောက်သောအခါ ၀တ္ထု၏ ရေစီးကြောင်းမှာ ပို၍ ပီပြင်လာပါသည်။ မြစ်တစ်စင်းမှ မြစ်ရေ စီးဆင်းသလို ၀တ္ထုများကိုလည်း အဆက်မပြတ် ရေးသားလာကြသည်။

ထိုကာလတွင် ၀တ္ထု ရေစီးကြောင်းမှာ အဓိက စာပေသစ် ပုံသဏ္ဌာန်ဖြင့် တွင်ကျယ်လာသည်။ အင်္ဂလိပ် ၀တ္ထုတွင် ဖီးလ်ဒင်းနှင့် ရစ်ချက်ဆင်(Fielding and Richardson) တို့၏ ၀တ္ထုများသည် လူအများ နားလည် သဘော ပေါက်နိုင်သည့် စကားပြေ အရေးအသားများ ဖြစ်၏။ ယနေ့ အထိလည်း နားလည်လက်ခံ နေဆဲဖြစ်သည်။ ယခုအချိန်ထိ ဆိုလျှင် ၀တ္ထု၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀၀ ခန့်သာရှိပါသေးသည်။ သို့သော် စကား ပြေဖြစ်သော ၀တ္ထုသည် စာပေပုံ သဏ္ဌာန် တွင် ယနေ့ ကာလ၌ အတွင်ကျယ်ဆုံး ဖြစ်လာလေသည်။

ဝတ္ထုကို လူသိများ လာသည်မှာ ကဗျာ သို့မဟုတ် ပြဇာတ်နှင့် ဆက်နွှယ်၍လည်း လူသိများ လာသည့် အကြောင်း အချက်တစ်ချက် ဖြစ်သည်။ စကားပြေဖြစ်သော ၀တ္ထုကို ဖတ်ရ သည်မှာ လွယ်ကူ ချောမွေ့သောကြောင့် ပိုပြီးနှစ်ခြိုက်လာခြင်း ဖြစ်သည်။ ယခင် က ပြဇာတ် ကြည့်ခြင်းနှင့် ကဗျာဖတ် ခြင်းကို စိတ်ဝင်စားကြသော်လည်း ၀တ္ထု ပေါ်လာသော အခါ ပိုပြီးသက်သာ လွယ်ကူ၍ ပိုပြီးအာရုံစိုက်လာကြသည်။ ကဗျာတွင် ရေးဖွဲ့မှုနှင့် ပတ်သက်ပြီး နည်းပညာရှိ၏။ ထို့ပြင် ကဗျာ၊ ဗဟု သုတနှင့် ရေးဖွဲ့ပုံကိုလည်း နားလည်ရမည် ဖြစ်သည်။ သံစဉ်၊ စိတ်ကူးယဉ်မှု စသည့် အချက်များမှာ ကဗျာထဲတွင် ရှိသည်။ ကဗျာ၏ အဖွဲ့အနွဲ့တွင် ဝေါဟာရကို သဘော ပေါက်နားလည်ဖို့နှင့် ထိုးထွင်းမြင်နိုင်သော အသိဥာဏ်လည်း ရှိဖို့လိုလေသည်။ ပြဇာတ်မှာမူ ဇာတ်စင်ပေါ်တွင် ကပြရန် ရည်ရွယ်လေသည်။ ပြဇာတ်တွင် ကြည်နူး စရာပါ၏။ ပြဇာတ်တွင် နည်းပညာပိုင်းလည်း လိုအပ်သည်။ ဇာတ်စင်ပေါ်တွင် ကပြရမည့်ဇာတ်ဆောင်များ၏ အရည်အချင်းလည်း လိုအပ်ပါသည်။

လူကြိုက်များသော ၀တ္ထုတွင် အလွန် အရေးကြီးသောအကြောင်း ရှိပါသည်။ ထိုအကြောင်းမှာ ၀တ္ထုသည် ဇာတ်လမ်းကို ပြောပြခြင်းဖြစ်သည်။ ဇာတ်လမ်းအစ၊ အလယ်၊ အဆုံးကို ၀တ္ထု၌ အစီအစဉ် လိုက်ဖော်ပြသွားလေသည်။ ၀တ္ထုသည် ဇာတ်လမ်း ဆင်ထားသော စကားပြေဖြစ်၏။ ထို့ကြောင့် အမှန်ဖြစ်ပေါ်နေသော ဇာတ်လမ်းကို ပြန်ဖော်ပြခြင်းမှာ ၀တ္ထုဖြစ်ပါသည်။

ထို့သို အဖြစ်မှန် တစ်ခုကို တင်ပြရာတွင် နာမည်များ၊ နေ့စွဲများနှင့် အဖြစ်အပျက်များကို လွှဲပြောင်း၍ဖော်ပြခြင်းဖြစ်၏။ ၀တ္ထု ထဲမှ ဇာတ်ကောင်များမှာ အမှန်တကယ် ဖြစ်နိုင်ခြေ ရှိသူများ အကြောင်းကို စာရေးဆရာက သူ၏ စိတ်ကူးဖြင့် တင်ပြခြင်းဖြစ်သည်။ စာပေ ဝေဖန်ရေးဆရာ တစ်ယောက်က ရေးသားထားသည်မှာ “အင်နာက ရီနီနာ ၀တ္ထုကို အနုပညာ လက်ရာ တစ်ခုပဲလို့ မယူဆနဲ့။ လူ့ဘ၀ ဖြစ်စဉ်ကြီးရဲ့ ဘ၀တစ်ခု ဖြစ်တယ်လို့ နားလည်ရမယ်။ စာရေးဆရာဟာ တကယ်ဖြစ်ပျက် နေတာတွေကို သူ မြင်တဲ့အတိုင်း ရေးချတာပဲ။ သူ့ရဲ့ဝတ္ထုမှာ အနုပညာပိုင်းက အားနည်း သွားတာလည်း ပါချင်ပါမယ်။ တကယ့် အဖြစ်အပျက်ကို အခြေခံပြီး ရေးသားတာလည်း ဖြစ်မယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ရ လိမ့်မယ်”ဟု ရေးထားခဲ့ပါသည်။

ဝတ္ထုရေး ဆရာများသည် ဘ၀ကို သရုပ်ဖော်ခြင်း ဖြစ်၏။ ဘ၀၏အဖြစ်အပျက်ကို စိတ်ကူးဖြင့်ရေးသားခြင်းလည်း ဖြစ်သည်။ စာရေး ဆရာ၏အတွေ့အကြုံ၊ စာရေးဆရာ၏ မျက်မြင်များကို စိတ်ကူးပြီး ဖွဲ့နွဲ့ခြင်းလည်း ဖြစ်သည်။ သူ့ဝတ္ထုထဲမှာ ဇာတ်လမ်းများသည် တကယ့်အဖြစ်အပျက်ကို အခြေခံ ထားသည်။ သူ ကြုံခဲ့ရသော ဘ၀များကို အခြေပြုရန် ၀တ္ထုအဖြစ် ရေးဖွဲ့ထားပါသည်။ ၀တ္ထုသည် စာဖတ်သူကို သွယ်ဝိုက်၍ စာရေး ဆရာ၏ အတွေ့အကြုံအား သိစေသည်။ စာဖတ်သူအား စာရေးဆရာ သိရှိထားသော အကြောင်းအရာကို ပြန်လည် ခံစားစေသည်။ အမှန်တကယ် တွေ့ကြုံခဲ့သော အဖြစ်အပျက်နှင့် စိတ်ကူးထားသော ဇာတ်လမ်း တို့ကိုလည်း စာဖတ်သူအား လွှမ်းမိုး စေလေသည်။ ၀တ္ထုက သာမန် ကိစ္စလေးများကို အလေးထား ဖော်ပြသည်ထက် စိတ်ဝင်စားစရာ ကောင်းသော အဖြစ်အပျက်များကို ရိုးရိုးရှင်းရှင်း ဖွဲ့နွဲ့တင်ပြခြင်းလည်း ဖြစ်ပါသည်။

လူအများ သဘောကျ နှစ်ခြိုက်သော ၀တ္ထုသည် အချက်အလက်ပေါ် အမှီပြုပြီး ရေးဖွဲ့ထား၏။ စာရေးဆရာက ဖန်တီးလိုက်သော ကမ္ဘာလေးထဲသို့ ကျွန်တော် တို့ကို ဆွဲခေါ်သွားသည်။ ၀တ္ထုပါ ဇာတ်ကောင်များ အကြောင်းနှင့် ၀တ္ထု ဇာတ်လမ်းကို သိချင်၊ နားလည်ချင် စိတ်ဖြင့် ၀တ္ထုနောက်ကို ပါသွားလေသည်။ ၁၇ ရာစုနှစ်က ဖီးလ်ဒင်းနှင့် ရစ်ချက်ဆင်တို့၏ ၀တ္ထုများမှာ လူကြိုက်များပြီး ထင်ရှားသလို ၁၉ ရာစုနှစ်တွင် ဂျိန်းအော်စတင် (Jane Austen) နှင့် တခြား စာရေး ဆရာများ၏ ၀တ္ထုများမှာလည်း လူကြိုက်များသည်။ ၂၀ ရာစုနှစ် စာရေး ဆရာများ၏ ၀တ္ထုများမှာ ဇာတ်ကောင်၏ စိတ်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရေးသားလာကြသည်။ လက်မှု ပညာရှင် တစ်ယောက်က လက်ရာမြောက်သော ပန်းပု လက်ရာ တစ်ခုကို ထုလုပ်သကဲ့သို့ ၂၀ ရာစုနှစ် ၀တ္ထုရေး ဆရာများ၏ ၀တ္ထုများမှာ ဇာတ်ကောင်များကို ပီပီပြင်ပြင် ပုံဖော်နိုင်ခဲ့လေသည်။ ၀တ္ထုရေး ဆရာသည် သူ၏ ၀တ္ထုဇာတ်လမ်းနှင့် ဇာတ်ကောင်များမှ တစ်ဆင့် ခေတ်၏ ၀ိညာဉ်နှင့် လူသား၏ ယဉ်ကျေးမှုကို ကမ္ဘာကြီးကို တင်ပြနိုင်ခဲ့သည်။ ၀တ္ထုသည် ခေတ်ကို ကိုယ်စားပြုနိုင်ခဲ့လေသည်။

လူသား၏ ကမ္ဘာသည် လူသား၏ ချစ်ခြင်း မေတ္တာဖြင့် ယှက်နွယ်ရစ် လိမ်နေပုံကိုလည်း ၀တ္ထုက ဖော်ပြနိုင်သည်။ ထာဝရ တည်မြဲ နေသော မေတ္တာတရား၊ ဖြေဖျောက်၍ မရနိုင်သော ကြေကွဲမှု၊ မချေဖျက်နိုင်သည့် လက်စားချေမှု စသည်တို့ဖြင့် ၀တ္ထုထဲတွင် ၀တ္ထုရေး ဆရာက စာဖတ်သူကို သိမ်းကျုံး ဆွဲငင်သွားသည်။ ၀တ္ထု ရေးသူသည် သူဖန်တီးလိုက်သော ကမ္ဘာကြီးကို စာဖတ်သူ၏ ရင်ထဲသို့ ထည့်ပေးလိုက်သည်။ စာရေးဆရာ၏ ယဉ်ကျေးမှု၊ လူများ၏ ဘ၀လမ်းများ စသည်တို့မှာ စာဖတ်သူထံ ရောက်ရှိ သွားသလို လောကတွင် ဖြစ်ပျက်နေသော ဘ၀များနှင့် လှုပ်ရှားမှုများကလည်း စာရေး ဆရာ၏ ဘ၀ကို လွှမ်း မိုးရိုက်ခတ်ပြီး ၀တ္ထုများ ဖန်တီးလာ နိုင်သည်။

ထို့ကြောင့် ၀တ္ထုရေး ဆရာက ဖန်တီးဖွဲ့နွဲ့လိုက်သည့် ၀တ္ထုသည် လူ့ဘ၀၏ အဖြစ်မှန်များနှင့် ဆက်နွှယ် နေသောကြောင့် လူအများက ၀တ္ထုကို နှစ်သက် သဘောကျခြင်း ဖြစ်ပါသည်။ တော်စတွိုင်း (Tolstoy), ဒေါ်စတော် ယက်ဗ်စကီး (Dostoyevsky), ဘောရစ် ပါစတာနက်(Boris Pasternack), ချားစ် ဒစ်ကင်း (Charles Dickens), သော မတ်ဟာဒီ (Thomas Hardy), ဂရေဟမ် ဂရင်း (Graham Greene), နော်မန်မေလာ (Norman Mailer), ဆောလ်ဘဲလိုး(Saul Bellow) စသည့် စာရေး ဆရာများသည် လူ့ဘ၀ အကြောင်းကို ထိုးဖောက်ရေး သားနိုင်ခဲ့သော စာရေးဆရာများ ဖြစ်သည်။ ရုရှား လူမျိုးများနှင့် သူတို့၏ ဘ၀များ အကြောင်းကို ထိုးဖောက်ပြီး ရေးသားနိုင်စွမ်း ရှိလေသည်။

ဝတ္ထုတစ်ပုဒ်တွင် ၀တ္ထုနှင့်ပတ် သက်သော အင်္ဂါရပ်များ ရှိသည်။ ထိုအင်္ဂါရပ်များမှ ဇာတ်လမ်း၊ ဇာတ်ကောင်၊ စကားပြောခြင်း၊ ပတ်ဝန်းကျင်၊ နောက်ခံ အခြေအနေ၊ အရေးအသားနှင့် ဘ၀ အဘိဓမ္မာ တို့ဖြစ်ပါသည်။ (Plot, Character, Dialogue, Setting, Style and Philosophy of Life) ဇာတ်လမ်းကို ကျွန်တော်တို့ အားလုံး စိတ်ဝင်စားကြသည်။ ရင်တထိတ်ထိတ်ဖြင့် ကျွန်တော်တို့ စိတ်ကို ဆွဲခေါ်သွားသော ဖန်တီးမှုမျိုး ရှိလျှင် ဇာတ်လမ်းကောင်း ဖြစ်ပေ သည်။ ဇာတ်ကောင် စရိုက်ကို ဖော်ပြမှုမှာလည်း အလွန်ကို ထိရောက်သည်။ ပီပြင်လှသော ဇာတ်ကောင်စရိုက်က ကျွန်တော်တို့ရင်ကို ထိမှန်စေပြီး ရင်ထဲခံစားရအောင် ဇာတ်ကောင်က ဆွဲခေါ်သွားပါသည်။ စာဖတ်သူသည် ၀တ္ထုထဲမှ ဇာတ်ကောင်နှင့်အတူ ၀တ္ထုထဲ မျောပါသွားလေသည်။

တချို့ဝတ္ထုများ ဆိုလျှင် ကျွန်တော်တို့ ကိုယ်တိုင် ကြုံ တွေ့ရသော ဇာတ်လမ်းများနှင့် တူညီနေသဖြင့် ကျွန်တော်တို့ ကိုယ်တိုင် ဇာတ်ကောင်နှင့် အတူ ခံစားရလေသည်။ ၀တ္ထု တစ်ပုဒ်တွင် စကားပြောခြင်းမှာ အရေးပါလှသည်။ စာရေးဆရာက ဇာတ်ကောင်များ စကားပြောမှုကို ဖန်တီးထားရာတွင် ထိုစကား ပြောထဲ ဇာတ်လမ်းက ပါသွားသည်။ စကားပြောခန်းက ဇာတ်ကောင်၏ စရိုက်ကို လည်း ဖော်ပြသည်။ ဒေါသထွက်ခြင်း၊ သည်းခံခြင်း၊ မေတ္တာကြီးခြင်း၊ ပူဆွေးသောက ရောက်ခြင်းတို့ကို စကားပြောခန်းထဲ၌ ဖန်တီးသွားသည်။ ကျွန်တော်တို့ စာဖတ်သူ များမှာလည်း စကားပြောခန်းထဲ မျောပါသွားသည်။ ၀တ္ထု၏ နောက်ခံ အခြေအနေမှာလည်း မပါမဖြစ်သော အချက်ဖြစ်ပါသည်။ တိုင်းပြည်၊ မြို့ရွာ၊ ရပ်ကွက် စသည့် နေထိုင်သည့် နေရာများကို ဖော်ပြသလို တောထဲမှာ၊ ပင်လယ် ကမ်းစပ်မှာ စသဖြင့် ဇာတ်လမ်း ဖြစ်ပေါ်လာရသည့် နေရာထိုင်ခင်းနှင့် ဒေသ ပတ်ဝန်းကျင်ကို ဖော်ပြရာတွင် စာဖတ်သူ ကိုယ်တိုင် ထိုပတ်ဝန်းကျင် ဒေသကို မျက်စိထဲ ၀င်လာစေပါသည်။ အရေး အသားမှာလည်း ၀တ္ထု တစ်ပုဒ်တွင် အရေးကြီး၏။

စာရေးဆရာက ၀တ္ထု ဇာတ်ကြောင်းကို ပြောနေသူ ဖြစ်ပါသည်။ ရှေ့ကို ဘာဖြစ်မည်။ ဘာလုပ်မည်များကို စာဖတ်သူ ရင်ထဲ စွဲငြိအောင် ရေးနိုင်ရန် လိုအပ်လှသည်။ ဖော်ပြနိုင်စွမ်း ရှိလျှင် ရှိသလောက် အရေးအသား ကောင်းလျှင် ကောင်းသလောက် ၀တ္ထုမှာ ပေါ်လွင်စေပါသည်။ နောက်ဆုံး အချက်ဖြစ် သော ဘ၀ အဘိဓမ္မာမှာ ၀တ္ထု၏ အသည်းနှလုံး ဖြစ်၏။ ၀တ္ထု၏ အာဘော် (Theme) မှာ ၀တ္ထု၏ ဘ၀ အဘိဓမ္မာ ဖြစ်၏။ ထိုဝတ္ထုသည် ဘ၀အပေါ် ဘယ်လို မြင်သလဲ။ ကမ္ဘာ့ အမြင်ကို ဘယ်လို နားလည်သလဲ။ ခံစား ဖော်ထုတ်သလဲ ဆိုသည်မှာ စာရေးဆရာ၏ ဘ၀အမြင်၊ အဘိဓမ္မာတို့ ဖြစ်ပါသည်။

ထိုသို့အင်္ဂါရပ်များကို ပေါင်းစပ်လိုက်သည့် အခါ ၀တ္ထုတစ်ပုဒ် ဖြစ်လာပါသည်။ ထိုအင်္ဂါရပ်များမှ တစ်ခုချင်းစီကို ပီပြင်အောင် ဖော်ပြနိုင်လျှင် အနုပညာမြောက်သော ၀တ္ထုတစ်ပုဒ် ဖြစ်လာပေတော့သည်။ ၀တ္ထုတစ် ပုဒ်ကို သဘောကျခြင်း၊ ကဗျာတစ်ပုဒ်၊ ပြဇာတ် တစ်ပုဒ်ကို သဘောကျခြင်းမှာ ထိုဝတ္ထု၏ ဂုဏ်အင်္ဂါရပ်များကို ပီပြင်အောင် ဖော်ပြနိုင်စွမ်း ရှိသဖြင့် ရသမြောက်သော ၀တ္ထုတစ်ပုဒ် အဖြစ် စာဖတ်သူများက သတ်မှတ်ခြင်းဖြစ်သည်။ ၀တ္ထု သို့မဟုတ် ကဗျာ သို့မဟုတ် ပြဇာတ်တစ်ပုဒ်ကို ကာလ တစ်ခုတွင် ဖတ်လိုက်ပြီး နှစ်ခြိုက် သဘောကျခဲ့ပါလျှင် ထိုအနုပညာသည် ပြောင်မြောက်သည်ဟု ဆိုရမည်။

ဝတ္ထုရေး ဆရာ၏ ရည်ရွယ်ချက်များမှာ လက်တွေ့ကျပြီး ဘ၀၏ အဖြစ်မှန်ကို ဖော်ပြခြင်းဖြစ် သည်။ သူ၏ဖန်တီးမှုသည် ဇာတ်လမ်းဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီးကို ဖန်တီးခြင်းလည်း ဖြစ်သည်။ ကမ္ဘာကြီးထဲမှ အဖြစ်အပျက်များအား အရောင်စုံ၊ အသွေးစုံဖြင့်ခြယ်သပြီး စိတ်လှုပ်ရှားစရာ ရှိလျှင် စိတ်လှုပ်ရှား သွားရန်၊ ကြေကွဲစရာ ရှိလျှင် ကြေကွဲ သွားစေရန်၊ ဒေါသ ဖြစ်စရာရှိလျှင်လည်း ဒေါသ ဖြစ်သွားစေရန် စာရေး ဆရာက ဖန်တီးမှုရှိရမည်။ ဖော်ပြပါ အင်္ဂါရပ်များမှာ ၀တ္ထုတစ်ပုဒ်၊ ပြဇာတ် တစ်ပုဒ်တွင် ပါရှိရမည့် အချက်များ ဖြစ်ပါသည်။ ပြဇာတ် တစ်ပုဒ်မှာ ၀တ္ထု တစ်ပုဒ်ကဲ့သို့ ထိုအချက် များ ပြည့်စုံရန် မလိုပါ။ ၀တ္ထု တစ်ပုဒ်မှာမူ ပြဇာတ်ထက် ပိုပြီး အင်္ဂါရပ်များပါ ရှိရန် လိုအပ်ပါသည်။

ဝတ္ထုသည် နှောင်းမှ ပေါ်ပေါက်ခဲ့သော်လည်း စာဖတ်သူများ ကို လွှမ်းမိုးနိုင်စွမ်း ရှိသည်မှာ ယခင်က ပေါ်ခဲ့သော ပြဇာတ်၏ အင်္ဂါရပ်များကို ထပ်မံတိုးချဲ့ ယူငင်ပြီး ဖန်တီးနိုင်၊ ဖော်ပြ နိုင်စွမ်း ရှိသဖြင့် ၀တ္ထု၏ ပရိသတ်မှာ ပိုမို အားကောင်းလာခြင်း ဖြစ်သည်။ စာပေ အနုပညာတွင် ၀တ္ထုသည် အကျယ် ပြန့်ဆုံးဖြစ်၏။ စာဖတ်ပရိသတ်က လည်း ပြဇာတ်ထက် ၀တ္ထုကို ပိုစိတ် ၀င်စားကြသည်။ ၀တ္ထုသည် ဘောင် ခတ်ထားခြင်းမရှိဘဲ စိတ်ကူးလျှင် ကူးသလောက် စာဖတ်သူက လိုက်သွားနိုင်စွမ်း ရှိသည်။ ၀တ္ထုကို အိပ်ရာပေါ်လှဲရင်း ဖတ်၍ရသည်။ လက်တင်ကုလားထိုင် ပေါ်ထိုင်ရင်း ဖတ်၍ရသည်။ ထိုနေရာ ကျဉ်းကျဉ်းလေးမှနေ ၀တ္ထု ခေါ်ဆောင်ရာ ကမ္ဘာကြီးအနှံ့ စာဖတ်သူက လိုက် သွားနိုင်သည်။ ပြဇာတ်မှာမူ နေရာကျဉ်း ကျဉ်းလေးတွင် မရ။ ဇာတ်ခုံရှိမှသာ ပြဇာတ်ဖန်တီး၍ ရလေသည်။

ဝတ္ထု၏ ကျယ်ပြန့်မှုနှင့် ပျော့ပျောင်းမှုကို ၀တ္ထုရေးဆရာက ဖန်တီး နိုင်သည်။ ၀တ္ထု၏ ဇာတ်လမ်း၊ ၀တ္ထု၏ စာကြောင်း စာပိုဒ်များကို သရုပ်ဖော် ရာတွင် ၀တ္ထုရေးဆရာ၏ ဖန်တီးမှုအရ သာ အလျော့အတင်း ရှိနိုင်လေသည်။ အဘိဓမ္မာ၏ လေးနက်မှု၊ ကြီးမားကျယ် ပြန့်မှုကို ၀တ္ထုရေးဆရာက စာဖတ်သူ နားထဲ ၀င်သွားအောင်၊ စာဖတ်သူပြစ် တင်ရှုတ်ချလာအောင် ရေးသားဖန်တီး နိုင်ရမည်။ ဆွေးနွေးမှုများ၊ အငြင်းပွား မှုများ၊ မင်းသားမင်းသမီးတို့၏ ရင်းနှီး ဆက်နွှယ်မှုများ စသည်တို့ဖြင့် စာဖတ် သူကို ဆွဲခေါ်သွားနိုင်အောင် ၀တ္ထုရေး ဆရာက ဖန်တီးနိုင်သည်။ ၀တ္ထုရေး ဆရာက သူ့ဇာတ်ကောင်ကို စာဖတ်သူ မုန်းတီး စေလိုလျှင် မုန်းတီးအောင် ရေးပြနိုင်သည်။ ကြေကွဲစရာကောင်း သော ဇာတ်ကောင်၏ အဖြစ်အပျက်ဖြင့် လည်း စာဖတ်သူကိုမျက်ရည်ကျအောင် လုပ်နိုင်သည်။

ဝတ္ထု ရေးသူက သူ့ဇာတ်ကောင်များကို ဖန်တီးရာတွင် တချို့ ဇာတ်ကောင်များကို နိုင်နိုင်နင်းနင်း ဖန်တီး နိုင်သလို တချို့ဇာတ်ကောင်ကို မနိုင်ဘဲ စာရေးဆရာက အတင်းလိုက် ဆွဲခေါ်ရသည်မျိုးလည်း ရှိသည်။ စာ ဖတ်သူအများစုမှာ ၀တ္ထု၏ ထင်ရှားမှုနှင့် စာရေးဆရာ၏ ကျော်ကြားမှု အပေါ် လိုက်၍ ဖတ်ကြခြင်းဖြစ်သည်။ ၀တ္ထု တစ်ပုဒ်၏ အကောင်း၊ အဆိုးကို စာဖတ် သူကသာ ရွေးချယ်သွားပါသည်။ စာဖတ်သူ သတ်မှတ်သည့် အတိုင်း စာအေရး ဆရာနှင့် ၀တ္ထုမှာလည်း အောင်မြင်မှု၊ ရှုံးနိမ့်မှုများ ဖြစ်ပေါ်လာရလေသည်။ စာဖတ်သူ အများအပြားသည် ၀တ္ထုနှင့် ပတ်သက်သော လူသားတို့၏ ဆက်ဆံ ရေး၊ ၀တ္ထုထဲတွင် ပါဝင်သော လူ့သဘာ ၀နှင့် သိမ်မွေ့နက်နဲမှုများကို မိမိတို့ ဘ၀နှင့် နှိုင်းယှဉ်၍ သဘောကျခြင်း၊ မကျ ခြင်းများ ဖြစ်ပေါ်လာသည်။ ထိုသဘော တရားများကို ဝေဖန် ဆန်းစစ်လိုခြင်း မရှိ။ ဝေဖန် ဆန်းစစ်စရာလည်း မလို။ ၀တ္ထုထဲပါသော ဇာတ်ကောင်များ၏ ၀မ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပျော်ရွှင်မှု စသည်တို့ကို ဇာတ်ကောင်နှင့် အတူ ခံစားကြသည်။ ၀တ္ထုများတွင် ရေးဟန် အမျိုးမျိုး၊ တင်ပြပုံအမျိုးမျိုး ရှိပါသည်။

ထိုအကြောင်း အရာများမှာ အဓိက မကျဘဲ ဖော်ပြခဲ့သော ၀တ္ထု အင်္ဂါရပ်များ အတိုင်း ၀တ္ထုရေးဆရာက ဖန်တီးနိုင်ပြီး ထိုအင်္ဂါရပ်များကို သဟဇာတ ဖြစ်အောင် ဖော်ပြနိုင်လျှင် စာဖတ်သူက ထိုဝတ္ထုကို သဘောကျ လက်ခံနိုင်လေသည်။ စာဖတ်သူသည် ဇာတ်လမ်းကို စိတ်ဝင်စား၏။ ဖန်တီးလိုက်သော ဇာတ်လမ်း၏ ရင်တုန်စရာ ကောင်းလောက်သော ဖန်တီးမှုကိုလည်း နှစ်ခြိုက်လေသည်။ ထိုသို့ စာဖတ်သူကို ဆွဲခေါ်သွား နိုင်သော ၀တ္ထုမျိုးနှင့် ၀တ္ထုရေး ဆရာမှာ အောင်မြင်ကြပါသည်။

ဝတ္ထုရေး ဆရာမှာ အနုပညာရှင် တစ်ယောက်သာ မဟုတ် စိတ်ပညာရှင် တစ်ယောက်၊ လူမှုဗေဒပ ညာရှင်တစ် ယောက်လည်း ဖြစ်ပါသည်။ သမိုင်း ပညာရှင်၊ နိုင်ငံရေးလေ့လာ ဆန်းစစ်သူလည်း ဖြစ်ပါသည်။ ၀တ္ထုရေးဆရာ သည် ကိုယ်ကျွမ်းဝင်သော အဘိဓမ္မာ၊ နိုင်ငံရေး၊ လူမှုရေး၊ သမိုင်း၊ စိတ်ပညာ စသည်တို့ကို ထဲထဲဝင်ဝင် သူလေ့လာလျှင် လေ့လာမှု ရှိသလောက် သူ့ဝတ္ထု မှာ အားကောင်းနိုင်သည်။ သူ့ဝတ္ထုထဲတွင် သူသန်သော အဘိဓမ္မာ၊ အတွေး အခေါ်၊ အယူအဆတို့ကို ဖော်ပြနိုင်လျှင်၊ သူ့အရေးအသား အားကောင်းလျှင် ကောင်းသလောက် ပီပြင်နိုင်ပါသည်။

လူတို့၏ သဘော သဘာဝများ၊ လူတို့၏ ပြဿနာရပ်များ၊ ဘ၀များကို ၀တ္ထုရေး ဆရာ ဖန်တီးချင်၊ ဖော်ပြချင်သော ရှုထောင့်မှ နေ၍ စာဖတ်သူကို သိသာ စေပါသည်။ မဒမ်ဘို ဗာဒီ (Madame Bovary), လောလီတာ (Lolita), ဟာ ဇော့(Herzog) စသည့် ၀တ္ထုများမှာ စာရေး ဆရာများက သူတို့ ကျွမ်းဝင်သော ဘ၀၊ ဖြတ်သန်းခဲ့သော ဘ၀၊ သူတို့ နားလည်ခဲ့သော ဘ၀များနှင့် ရေးသားခဲ့ ခြင်းဖြစ်၏။ ထိုသို့ဘ၀များကို နက်နက်ရှိုင်းရှိုင်း ဖြတ်သန်းခဲ့သလို ပြောင် မြောက်သော အရေးအသားများနှင့် ဖော်ပြ နိုင်သဖြင့် ထိုဝတ္ထုများ ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ ၀တ္ထုသည် ကောင်းလျှင် ကောင်းသလောက်၊ အဆင့် အတန်း မြင့်လျှင် မြင့်သလောက်၊ စာဖတ်သူကို သတင်းပေးပို့ နိုင်စွမ်း ရှိပါသည်။ ၀တ္ထု၏ အနီးကပ်ဆုံးမှာ ဘ၀ ဖြစ်ပြီး ထိုဘ၀မှာ အားရှိဖို့ လိုပါသည်။

လူ့သဘာဝ အသိဥာဏ်ပညာနှင့် ပါရမီ ရှိမှုတို့ကို ၀တ္ထုက ဖော်ပြပေးသည်။ ထို့ကြောင့် ၀တ္ထုသည် ဘ၀၏ အမှန်တရား ဖြစ်သည်။ ဘ၀ကို မှန်မှန်ကန်ကန် ရှုမြင် သုံးသပ်နိုင်ဖို့ အတွက် ၀တ္ထုရေး ဆရာက ဖန်တီးရမည်ဖြစ်သည်။

ထက်မြက်
REF: Essays, General Paper
By Thomas Pilo,B.A.
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ၊၂၀၁၀)