Saturday, October 31, 2009

Arnold Schwarzenegger Body Building - What Is His Secret?

အာနိုးရဲ့ ကြွက်သားတက်နည်း လျှို့ဝှက်ချက်

အာနိုးဆိုတာ တစ်ခါက စင်္ကြာဝဠာမောင်ပါ။ အခုတော့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်သူဖြစ်နေပါပြီ။ သူရဲ့ တစ်ချိန်တစ်ခါတုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့ အောင်မြင်မှု၊ကြွက်သားတွေရဲ့ လျှို့ဝှက်ချက်နည်းအကြောင်း စာဖတ်ပရိတ်သတ်များ သိအောင်ဝေငှလိုက်ရပါတယ်

အာနိုးရဲ့ ဖလော်ဆိုဖီ

အာနိုးက သူ့ရဲ့ဘော်ဒီလျှို့ဝှက်ချက်နဲ့ပတ်သက်ပြီး ဒီလိုဆိုဖူးတယ်။ ‘ ခင်ဗျားရဲ့ စိတ်ဆန္ဒလှုံ့ဆော်မှု အတွက် အားကတော့ ခင်ဗျားကိုယ်တိုင် ဖန်တီးရမှာ။ သူများဖန်တီးပေးမှာမဟုတ်ဘူး’။ နောက်တစ်ခုကတော့ ‘ကာယလေ့ကျင့်ခန်းပြုလုပ်တာဟာ ကိုယ့်ခန္ဓာကိုယ်ကို သုတေသနပြုလုပ်တာနဲ့အတူတူပဲ’ဟုဆိုပါတယ်။

အာနိုးဟာ ရုပ်ပိုင်းဆိုင်ရာကြွက်သားတက်ဖို့ လေ့ကျင့်တာတောင်မှ စိတ်ပိုင်းဆိုင်ရာချဉ်းကပ်မှုနဲ့ ချဉ်းကပ်တာကို တွေ့ရတယ်။

အာနိုးရဲ့လေ့ကျင့်ပုံ

အာနိုးဟာ လေ့ကျင့်ခန်းတစ်မျိုးနဲ့တစ်မျိုး ရောစပ်ပြီးလေ့ကျင့်လေ့ရှိတယ်။ တစ်ခါတစ်ရံမှာ တစ်နေ့တည်းနဲ့ နှစ်ခါလေ့  ကျင့်ခန်းလုပ်တာရှိတယ်။ တစ်ခါလုပ်ရင်လည်း အကြိမ်ရေများများလုပ်လေ့ရှိတယ်။ အနည်းဆုံးခြောက်ကြိမ်ကနေ ၁၀ကြိမ်အထိ ပြုလုပ်လေ့ရှိတယ်။ တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုတည်းအတွက် အကြိမ်ရေ၂၀ ထိတောင် လေ့ကျင့်တဲ့နေ့တွေရှိတယ်လို့ သိရတယ်။ ဒါက အာနိုးရဲ့စတိုင်လ်ပါ။ သူ့ရဲ့လေ့ကျင့်ဟန်ပါ။ သူ့ရဲ့လေ့ကျင့်ဟန်အတိုင်း စဦး ကာယသမားတွေလေ့ကျင့်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒီတော့ခုမှစပြီး ကစားမလို့ပါဆိုတဲ့ ယောက်ျားလေးများအတွက် ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကတော့....။

စဦးလေ့ကျင့်သူများအတွက် အာနိုးက လေ့ကျင့်စလူငယ်တွေကို အမြဲသတိပေးတဲ့စကားတစ်ခွန်းရှိတယ်။ မြန်ဖို့မလိုဘူး။ နှေးနှေးနဲ့စပြီးလေ့ကျင့်တာက ပိုပြီးတာထွက်ကောင်းတယ်တဲ့။ လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ အသေအချာဖြည်းဖြည်း နှေးနှေးနဲ့ မှန်မှန်ကန်ကန်လေ့ကျင့်ပေးသွားဖို့ အာနိုးက တိုက်တွန်းထားတယ်။ နောက်ပြီး သတိပေးထားတဲ့အချက်တစ်ခုက စဦးလေ့ကျင့်တဲ့သူတိုင်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို လေ့ကျင့်ပါဆိုပြီးပြောထားပါတယ်။

အာနိုးစိတ်သဘောထား

ပြိုင်ပွဲတစ်ခုအတွက် ၀င်ပြိုင်ဖို့ကြိုးစားတဲ့အခါမှာ အာနိုးဟာ သူ့စိတ်ကို ဘယ်လိုသွင်းပြီး အလုပ်လုပ်လည်းဆိုတော့ သူ့ရဲ့ကြွက်သားတွေထဲမှာ အာရုံအားလုံးကို စိတ်နှစ်ထားပြီး သူလေ့ကျင့်တဲ့လေ့ကျင့်ခန်းကိုပဲ အာရုံနှစ်ထားတယ်လို့ သိရတယ်။ ဒါဟာ ဦးတည်ရာကို ပစ်မှတ်သဖွယ်သဘောထားတဲ့ မစ်ရှင်စိတ်ဓာတ်ပဲဖြစ်တယ်။ ဥပမာ – လက်မောင်း ကြွက်သား (Biceps) အတွက်လေ့ကျင့်တယ်ဆိုပါစို့။ သူ့လက်မောင်းကြွက်သားဟာ ကြီးထွားလာပြီ၊ ကြီးထွားနေပြီလို့ စိတ်ကူးထဲထည့်ရင်း လေ့ကျင့်တာလို့ဆိုတယ်။

အစားအသောက်အပေါ် အာနိုးအမြင်

ကာယကစားသမားတစ်ယောက်ဟာ အစားအသောက်နဲ့ပတ်သက်ပြီးတော့ သတိပြုရွေးချယ်စားသောက်နေထိုင် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အာနိုးတို့ခေတ်တုန်းက ကစားသမားတွေဟာ အဲဒီလိုအတွေးမ၀င်ခဲ့ကြဘူး။ သိပ်လည်း မသိခဲ့ကြ ဘူးဆိုပဲ။ အခုခေတ်လို အားဆေးတွေလည်းမရှိဘူးတဲ့။ အခုတော့ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် စားသောက်နေ ထိုင်ခြင်း ဟာ တစ်နှစ်တာပတ်လုံး ကျန်းမာကြံ့ခိုင်စွာနဲ့ နေနိုင်တယ်ဆိုတဲ့အကြောင်းကို ၀န်ခံလိုက်တယ်။ အမှန်တော့ အစားအသောက်စားသောက်တဲ့ပုံစံဟာ ခန္ဓာကိုယ်ကြွက်သားတက်အောင် လေ့ကျင့်ရာမှာ အရေးအကြီးဆုံး အချက်ဖြစ် တယ်။ လူပေါင်းများစွာဟာ သူ့ဆီလာပြီး ‘ခင်ဗျားလို ကြွက်သားရှိအောင် ဘယ်လိုလေ့ကျင့်ရမလဲ အကောင်းဆုံး နည်းလမ်း ကို ညွှန်ပြပါ’ဆိုပြီးမေးကြတယ်။အဲဒီ့အခါမှာ အာနိုးက သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်ပါလို့ဆိုပြီး အဖြေပြန်ပေးခဲ့တယ်။ ကိုယ်လေ့ကျင့်နေတဲ့ လေ့ကျင့်ခန်းကာလတစ်လျှောက် သင့်တော်ကောင်းမွန်တဲ့ အဟာရများကို မှီဝဲသုံးဆောင်သင့်တယ်လို့ ဖြေကြားခဲ့တယ်။ အသေးစိတ်ကတော့.......။

အာနိုးရဲ့ အစားအသောက်နှင့် အနားယူနည်း

၁။ တစ်နေ့ကို နည်းနည်းနဲ့ များများစားပေးပါ။(ငါးကြိမ်)

၂။ တစ်ပတ်မှာ အနည်းဆုံးသုံးရက်အနားယူပေးရပါမယ်။

၃။ တစ်နေ့ကို ရှစ်နာရီအထက် ပိုအိပ်ပေးပါ။

၎။ သုံးနာရီတိုင်းမှာ ပရိုတင်း ၃၀ မှ ၅၀ ဂရမ်အထိ စားသုံးပေးပါ။

၅။ အမဲသားနဲ့ ၀က်သားအစား ကြက်သားနဲ့ ငါးစားပေးပါ။

၆။ သကြားကို ရှောင်ပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များစားသုံးပေးပါ။

တစ်ပတ်တာ လေ့ကျင့်ပုံဇယား

(တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)

ရင်အုပ်လေ့ကျင့်ခန်း

(၁) ခုံပေါ်ပက်လက်လှန်ပြီး အလေးမ – ငါးကျော့။ တစ်ကျော့လျှင် ခြောက်ကြိမ်ကနေ ၁၀ကြိမ်အထိ။

(၂) ရင်အုံရှေ့လက်စုဖြန့် (Flat Bench Fly) – ငါးကျော့။ တစ်ကျော့လျှင် ခြောက်ကြိမ်မှ ၁၀ကြိမ်အထိ။

(၃) Incline bench press ခြောက်ကျော့၊ တစ်ကျော့လျှင် ခြောက်ကြိမ်မှ ၁၀ကြိမ်အထိ။

(၄) ကြိုးဆွဲ (Cable crossovers) ။ ခြောက်ကျော့၊ တစ်ကျော့လျှင် ခြောက်ကြိမ်မှ ၁၀ကြိမ်အထိ။

(၅) Dips ငါးကျော့။

(၆) Dumbbell pullovers ငါးကျော့၊ တစ်ကျော့လျှင် ၁၀ကြိမ်မှ ၁၂ကြိမ်အထိ

နောက်ကျောအတွက်

(၁) Front wide-grip chin-ups ခြောက်ကျော့၊

(၂) T-bar rows ငါးကျော့၊ တစ်ကျော့လျှင် ခြောက်ကြိမ်မှ ၁၀ကြိမ်အထိ

(၃) Seated pulley rows ခြောက်ကျော့၊ တစ်ကျော့လျှင် ခြောက်ကြိမ်မှ ၁၀ကြိမ်

(၄) One-arm Dumbbell rows ငါးကျော့၊ တစ်ကျော့လျှင် ခြောက်ကြိမ်မှ ၁၀ကြိမ်အထိ၊

(၅) Straight-leg Dead lifts ခြောက်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅ကြိမ်။

ခြောက်ထောက်ပိုင်း

(၁) ထိုင်ထ ခြောက်ကျော့၊ တစ်ကျော့လျှင် ရှစ်ကြိမ်မှ ၁၂ကြိမ်။

(၂) Leg presses ခြောက်ကျော့၊ ရှစ်ကြိမ်မှ ၁၂ကြိမ်အထိ၊

(၃) Leg Extensions ခြောက်ကျော့၊ ၁၂ကြိမ်မှ ၁၅ကြိမ်အထိ၊

(၄) Leg curls ခြောက်ကျော့၊ ၁၀ကြိမ်မှ ၁၂ကြိမ်အထိ၊

(၅) Barbell Lunges ငါးကျော့၊ ၁၅ကြိမ်။

ကဲကဲ.....တဲ့၊ မိမိခန္ဓာကိုယ်ကို ကြံ့ခိုင်ကျန်းမာအောင်လုပ်ပြီး စိတ်ပျော်ရွှင်အောင်ကြိုးစားကြဖို့ သူငယ်ချင်းတို့ကို ပြန်လည်ဝေမျှလိုက်တာပါ။ မူရင်းမှာမပါတာလေးတွေ နှမ်းဖြူးရရင်တော့ အိပ်ရေးမ၀တာရယ်၊ အစားအသောက်မမှန်တာတွေဟာ ကာယအားကစားသမားတွေအတွက် တိုးတက်မှု ဆုတ်ယုတ်စေတာအမှန်ပါ။ ဒီတော့ အစားအသောက်မှန်မှန်စား၊ အိပ်ရေးဝအောင်အိပ်၊ ခွန်အားဆုံးရှုံးစေမယ့် အမူအကျင့်တွေကိုပြင်ပြီး ပျော်ရွှင်ကျန်းမာကြံ့ခိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

ဇာနည်။

Ref: 8 Days A week Journal Vol.1, No (33), Oct 30 to Nov 6, 2009

You can search some of words from articles at http://www.shapefit.com

Wednesday, October 28, 2009

သံတူကြောင်းကွဲ သတိပြုပါ

'ဟေး......ကိုဝင်းတစ်ယောက် ဘယ်ရောက်နေပါလိမ့်၊ အလုပ်နားရက်ဆိုပြီး အိပ်ရာထဲဝင်ကွေးနေပြီထင့်ပါ့'

'ကိုလင်းလား၊ လာဗျို့လာ၊ အိပ်ရာထဲဝင်ကွေးဖို့ နေနေသာသာဗျာ။ တစ်ပတ်စာအ၀တ်တွေ လျှော်ရဖွတ်ရ၊ ကလေးတွေစာပြရ၊ ထိန်းရ ကျောင်းရနဲ့ ပိုတောင်ပင်ပန်းသေးတယ်ဗျာ'

'ဒီအိုးဒီအိမ်၊ ဒီပုဆိုးဒီထဘီကို မစွန့်နိုင်သရွေ့ခံပေဦးပေါ့ဗျာ'

'မေ့အဖြစ်နဲ့မေသာ ရှိပါစေတော့မောင်ရေ ဆိုသလိုပေါ့ ကိုလင်းရယ်'

'ဟာ.....ဘယ့်နှယ် မေ့အဖြစ်ရမှာလဲကိုဝင်းရ၊ ဒီသီချင်းကို အဆိုတော်ကိုလွှမ်းမိုးက မောင့်အဖြစ်နဲ့မောင်သာ ရှိပါစေတော့မေရေလို့ ပြောင်းဆိုထားခဲ့ပြီးပြီဗျ'

'ဟုတ်လား၊ ဒီလိုဆိုတော့ ကျုပ်တို့ အားနွဲ့သူယောက်ျားသားတွေအတွက် ပိုပြီးထိမိသွားတာပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျားကတော့ အိမ်ထောင့် တာဝန်တွေပစ်ပြီး တစ်ကိုယ်တည်းလူပျိုကြီးစတိုင်နဲ့ ဘယ်ကနေဘယ်ကို လှည့်လာတာတုံး'

'အိမ်က ဇနီးမယားနဲ့ သမီးသားတွေက မယ်တော်ကြီးဘုရားကျောင်း လိုက်ပို့ပါဆိုတာနဲ့ သူတို့သားအမိကို အဲဒီမှာထားခဲ့ပြီး ခင်ဗျား ဆီထွက်လာခဲ့တာ ကိုဝင်းရေ့'
'နေစမ်းပါဦး၊ ဘယ်က မယ်တော်ကြီးဘုရားကျောင်းတုံးဗျ'

'ဒီနားက ရှရီကာလီတမ်ပဲလ်လေဗျာ'

'သြော်....သိပြီ၊ သီပြီ။ ဒါနဲ့ .......ခင်ဗျာ့ဇနီးက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘယ့်နှယ် အဲဒီဟိန္ဒူဗြာဟ္မဏ ဘုရားကျောင်းကို သွားရတာလဲဗျ'
'ခင်ဗျား အတော်ခေတ်နောက်ကျနေပြီပဲ၊ အခုကျွန်တော်တို့ မိရိုးဖလာဗုဒ္ဓဘာသာဝင် အတော်များများက ဟိန္ဒူဗြာဟ္မဏနတ်ဘုရားတွေကိုပါ ရှိခိုးနေကြတာ မသိဘူးထင်တယ်'

'အင်း....ပညာရေးအတွက် သူရဿတီမယ်တော်၊ စီးပွားတက်ဖို့လက်ခ်ျမီးမယ်တော်ဆိုတဲ့ ဟိန္ဒူဗြဟ္မဏ နတ်သမီးကြီးတွေကို အိမ်မှာ ဓာတ်ပုံချိတ်၊ ပန်းအိုးနဲ့ စင်နဲ့ကိုးကွယ်ထားကြတာတွေတော့ တွေ့မိပါရဲ့'

'ဒီလို အိမ်မှာစင်ထိုး ပန်းအိုးနဲ့ကိုးကွယ်ရတာမ၀နိုင်လို့ အဲဒီသူရဿတီ၊ လက်ချမီး၊ ကာလီစတဲ့မယ်တော်ကြီးတွေ စံပယ်တော်မူနေတဲ့ ဟိန္ဒူဗြာဟ္မဏ ဘုရားကျောင်းတွေကိုပါသွားပြီး ပန်း၊ဆီမီးကပ်လှူပူဇော်နေကြပြီဗျ၊ တချို့များဆို အဓိဋ္ဌာန်ဝင်ပြီး တစ်ကိုယ်လုံးနနွင်းတွေ ၀ါထိန်နေအောင်လူး၊ နံငယ်ပိုင်းလေးတွေဝတ်၊ လျှာနဲ့ခန္ဓာအနှံ့မှာ အပ်တွေ စိုက်ပြီး အလှူခံထွက်တဲ့လူက ထွက်နေကြပြီ၊ ဟိန္ဒူဘာသာ ၀င်တွေရဲ့ မီးနင်းပွဲမှာလည်း ၀င်နွှဲတဲ့လူတွေကနွှဲနေကြပြီ'

'အင်း.....ဟိန္ဒူဗြာဟ္မဏသာသနာအတွက်တော့ အားတက်စရာပေါ့ဗျာ၊ ကျွန်တော်တို့နိုင်ငံမှာ ဘယ်သူမဆို လူမျိုး၊ ကျား/မ မရွေး ကိုယ်ကြိုက်နှစ်သက်ရာဘာသာတရားကို လွတ်လပ်စွာကိုးကွယ် ယုံကြည်ပိုင်ခွင့်ရှိနေတာမို့ ဗုဒ္ဓဘာသာ ကို မယုံကြည်လို့ စွန့်လွှတ်ပြီး ဟိန္ဒူဗြာဟ္မဏဘာသာဝင်အဖြစ် ခံယူသွားကြတာကို ဘာမှအပြစ်ပြောစရာမရှိပါဘူးဗျာ'

'ဒီလိုလည်းမဟုတ်သေးဘူး ကိုဝင်းရဲ့၊ ဒီပုဂ္ဂိုလ်တွေက ဟိန္ဒူဗြာဟ္မဏတွေရဲ့ ဘာသာရေးကျင့်ထုံးတွေကို လိုက်နာ ဆောင်ရွက်နေကြ ပေမယ့် သူတို့ကိုယ်သူတို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေပါလို့ ခံယူထားတဲ့သူတွေချည့်ပဲဗျ၊ တကယ် တော့ ဗုဒ္ဓ၀ါဒနဲ့ ဟိန္ဒူဗြာဟ္မဏ၀ါဒ တို့ဆိုတာ ရေခံမြေခံတစ်ခုတည်းက ဆင်းသက်ပေါက်ဖွားလာတဲ့ ညီရင်းအစ်ကို အယူဝါဒတွေပဲမဟုတ်လား၊ ကျွန်တော်တို့က ဂေါတမဗုဒ္ဓကို ကိုးကွယ်သလို သူတို့လည်းပဲ ဂေါတမဗုဒ္ဓကို ကိုးကွယ် ကြတာပဲ။ ခင်ဗျားမယုံရင် ဟိန္ဒူဗြာဟ္မဏဘုရားကျောင်းတွေကို သွားကြည့်ပါလား၊ ဗုဒ္မဆင်းတုတော်တွေကို ပူဇော် ထားတာတွေ့ရလိမ့်မယ်၊ သူတို့ဘုရားပွဲလှည့်တဲ့အခါမှာလည်း နွားလှည်းယာဉ်ကြီးတွေပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်ကို ကျောင်းဆောင်ကြီးနဲ့တင်ပြီး တခမ်းတနားလှည့်လည် အပူဇော်ခံကြတာပဲမဟုတ်လား'

'ဟာ.....ဒီလိုအပေါ်ယံလုပ်ဆောင်မှု ပုံသဏ္ဌာန်လောက်ကိုကြည့်ပြီးပြောလို့ဘယ်ဖြစ်ပါ့မလဲ ကိုလင်းရဲ့။ ဗုဒ္ဓဆင်းတု တော်ကိုပူဇော်တိုင်း ဗုဒ္ဓရဲ့ဓမ္မဒေသနာကို လိုက်နာကျင့်ကြံသူတွေလို့ အတပ်မပြောနိုင်သေးဘူးဗျ၊ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်တာချင်းတူပေမယ့် ပူဇော်ရတဲ့ ရည်ရွယ်ချက်၊ ဗုဒ္ဓမြတ်စွာအပေါ်ထားရှိတဲ့ သဘောထားအနှစ်သာရချင်းမှာတော့ ဗုဒ္ဓ၀ါဒီတွေနဲ့ ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေအကြား အခြားနားကြီးခြားနားနေတယ်ဆိုတာကို သတိပြုသင့်တယ်ဗျ'

'ကိုင်း...... ဒါဖြင့် ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေဟာ ဗုဒ္ဓ၀ါဒီတွေရဲ့ ကိုးကွယ်အားထားရာ သရဏဂုံသုံးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတို့အပေါ် ဘယ်လို သဘောထားတယ်ဆိုတာ ဆက်ရှင်းစမ်းပါဦး'

'ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံး ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်ပြီးတော့ပေါ့ဗျာ၊ ဗုဒ္ဓ၀ါဒီတွေက ဗုဒ္ဓမြတ်စွာဟာ သဗ္ဗညုတ ရွှေဥာဏ်တော် ကိုရဖို့အတွက် အနည်းဆု့းလေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရပြီးမှ လောကရဲ့ဓမ္မအလုံးစုံကို မခြွင်းမချန်ဆရာမကူ သိမြင် ဟောကြားတော်မူနိုင်ခဲ့သူအဖြစ်ယုံကြည်ကြတယ်လေ'

'ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေကတော့ရောဗျာ'

'သူတို့အယူအဆကတော့ ဗုဒ္ဓမြတ်စွာဟာ ပါရမီဖြည့်ကျင့်ပြီးမှဘုရားဖြစ်လာတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဗျ၊ လောကရဲ့ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင် မဟာဗြဟ္မာ(ခေါ်) အတ္တမန် (ခေါ်) မဟာအတ္တကြီးရဲ့ ကိုယ်ပွားဗိဿနိုးနတ်ဘုရားရဲ့ လူဝင်စားတစ်ဦးဖြစ်တယ်လို့ သတ်မှတ် ကြတယ်လေ'

'ဟာ....ဒါဖြင့်ဟိန္ဒူဗြာဟ္မဏအယူအဆအရဆိုရင် ဗုဒ္ဓမြတ်စွာဟာ ဗိဿနိုးနတ်မင်းကြီးပဲ ဖြစ်နေတော့တာပေါ့'

'ဒါပေါ့ဗျာ၊ ဗိဿနိုးနတ်မင်းဟာ လောကကြီးထဲကို ဘ၀အဖုံဖုံအသွင်အမျိုးမျိုးဆောင်ပြီး လူသားတွေကိုကယ်တင်ဖို့ ရောက်ရှိလာ ခဲ့တယ်ဆိုပဲ၊ အဲဒီလို လူ့လောကထဲကိုရောက်ရှိလာတဲ့ ဗိဿနိုးနတ်မင်းဝင်စားသူတွေကို ဟိန္ဒူဗြာဟ္မဏ ၀ါဒီတွေက အ၀တာရ (Avatara) လို့ ခေါ်တယ်ဗျ၊ ကယ်တင်ရှင်တွေပေါ့ဗျာ၊ အဲဒီလို ဗိဿနိုးနတ်မင်းဝင်စားတဲ့ ကယ်တင်ရှင်ဆယ်ဦးရှိတဲ့အထဲက ကာလ်ကိအ၀တာရ ကလွဲရင် ကျန်ကိုးဦးကပွင့်ပေါ်ခဲ့ပြီးပြီဆိုပဲ'

'သူတို့အလိုအရဆိုရင် ဗုဒ္ဓမြတ်စွာက ဘယ်နှစ်ဦးမြောက်လဲဗျ'

'ကိုးဦးမြောက်အ၀တာရလို့ ယူဆကြတယ်လေ'

'အရင်ပေါ်ခဲ့တဲ့ အ၀တာရတွေကရောဗျာ'

'အင်း......ဘာသာရေးဗဟုသုတအနေနဲ့ အကျဉ်းချုံးပြောရရင် (၁) ကမ္ဘာဦးရေလွှမ်းမိုးစဉ်က ဟိန္ဒူဗြာဟ္မဏတို့ရဲ့ ဝေဒ လေးကျမ်းကို ဆယ်ယူပေးခဲ့တဲ့ငါးကြီး မစ္ဆအ၀တာရ၊ (၂) အဲဒီလိုရေကြီးစဉ်က လူသားတွေရေနစ်မသေအောင် ကျောက်ကုန်းပေါ်တင်ပြီးကယ်တင်ခဲ့တဲ့ လိပ်ကြီး ကုမ္မအ၀တာရ၊ (၃) ရေထဲမြှုပ်သွားတဲ့ကမ္ဘာကြီးကို အစွယ်နဲ့ကော်ပြီး ကယ်တင်ခဲ့တဲ့ ၀က်ကြီး ၀ရာဟအ၀တာရ၊ (၄) လူတကာ ကိုညှဉ်းပန်းနှိပ်စက်နေတဲ့ လူဆိုးကြီးဟိရညကသိပုကို ကုတ်ဖဲ့သတ်ဖြတ်ပြီး လူသားတွေကိုကယ်တင်ခဲ့တဲ့ လူ့ကိုယ်နဲ့ ခြင်္သေ့ခေါင်းတွဲစပ် ထားသူ နရသီဟအ၀တာရ၊ (၅) မာန်မာနကြီးလွန်းတဲ့ အ၀လိဘုရင်ရဲ့ဦးခေါင်းကို နင်းသတ်ခဲ့တဲ့ရသေ့ပုကွလေးဆိုတဲ့ ၀ါမနအ၀တာရ၊ (၆) ရသေ့ ရဟန်းတွေကိုနှောင့်ယှက်တဲ့ ဘီလူးသရဲတွေကို ပုဆိန်နဲ့ခုတ်သတ်ခဲ့တယ်ဆိုတဲ့ ဖရသုရာမအ၀တာရ.....'

'အဲဒီဖရသုရာမဆိုတာ ရာမလက္ခဏဇာတ်ထဲက ရာမမင်းသားကိုပြောတာလား'

'မဟုတ်ဘူး ကိုလင်းရဲ့၊ သူကပုဏ္ဏားရသေ့အသွင် ဆောင်ထားပြီး ပုဆိန်လက်နက်ကိုင်စွဲတဲ့ ပုဆိန်ထမ်းရာမဗျ၊ ပသျှူး ရာမလို့လည်း ခေါ်ကြတယ်လေ၊ ရာမ လက္ခဏာဇာတ်ထဲက ရာမမင်းသားကလည်း သတ္တမမြောက် နံပါတ်ခုနှစ် အ၀တာရပဲဗျ၊ ရာမစန္ဒြလို့လည်းခေါ် တယ်၊ အဋ္ဌမမြောက် နံပါတ်ရှစ် အ၀တာရကတော့ အဇ္ဇုနနဲ့ယုဓိဋ္ဌိလတို့ စစ်ပွဲမှာ အဇ္ဇုနဘက်က စစ်ရထားမောင်းပေးခဲ့သူ ခရစ်ရှနား ပေါ့ဗျာ'

'သြော်.... ကမ္ဘာကျော်ဘဂ၀ါဂီတကျမ်းကြီးကို ဟောကြားခဲ့တယ်ဆိုတဲ့ ပုဂ္ဂိုလ်ထင်ပါ့'

'ဟုတ်ပါ့ဗျာ၊ သူ့ရဲ့အချစ်ဆုံးမိဖုရားရာဓဟာ လက်ရှိခင်ပွန်းကိုစွန့်ပြီး ခရစ်ရှနားရဲ့အလုပ်အကျွေးပြု ဇနီးမယားအဖြစ် ခံယူခဲ့လို့ ဘုရားသခင် ကိုချစ်တဲ့နေရာမှာ စံနမူနာဆိုပဲကိုလင်းရဲ့'

'အင်း....လူသားတွေကို ဗိဿနိုးနတ်မင်းကြီး ကယ်တင်ပုံတွေကလည်း ထူးထွေတည့်အံ့ရာပါလားနော်၊ လူဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ လူတစ်ပိုင်းခြင်္သေ့တစ်ပိုင်းဖြစ်လိုက်နဲ့ စုံလို့ပါလား၊ ဒီထက်ပိုဆန်းတာက ရာမလက္ခဏာ ဇာတ်ထဲ မှာတင် ရာမစန္ဒြရော၊ ပုဆိန်ထမ်းပသျှူး ရာမပါ ဗိဿနိုး နှစ်ကိုယ်ခွဲပါနေတာပဲဗျ'

'ဒါတွေက ကျွန်တော်တို့ သေသေချာချာ မလေ့လာထားတဲ့ကိစ္စတွေမို့ မဝေဖန်သင့်ပါဘူးဗျာ၊ အဲ....ခက်သွားတာက ဗုဒ္ဓ၀ါဒီတွေက အတုလံအတုမရှိတဲ့ မြတ်စွာဘုရားသခင်လို့ ယုံကြည်ကိုးကွယ်ဆည်းကပ်ကြတဲ့ ဗုဒ္ဓမြတ်စွာကို အဲဒီ ဗိဿနိုးနတ်မင်းကြီးရဲ့ လူဝင်စား ကယ်တင်ရှင် ငါး၊ လိပ် စတဲ့တိရစ္ဆာန် အ၀တာရတွေနဲ့ တန်းတူထားလိုက်တာပဲဗျ'

'အေးဗျ၊ ဗုဒ္ဓမြတ်စွာရဲ့ ဆင်းတုတော်ကို ထားရှိပူဇော်တာခြင်းတူပေမယ့်၊ သူတို့ကဗုဒ္ဓကို ထာဝရဘုရားသခင်ရဲ့ ကိုယ်ပွား ဗိဿနိုး နတ်မင်းရဲ့ လူဝင်စားအဖြစ် တစ်ဆင့်နှိမ့်ပြီးသဘောထားတာဆိုတော့ အနှစ်သာရချင်းက တခြားစီ ဖြစ်နေတာပေါ့နော်။'

'ပြောမယ်ဆိုရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်ပါပဲ ကိုလင်းရာ၊ ဒီတော့ ဗုဒ္ဓအပေါ်ထားရှိတဲ့သဘောထားကို အကျဉ်းခြုံးဆွေးနွေး ပြီးတဲ့အခါ ဗုဒ္ဓရဲ့ဓမ္မနဲ့ ဟိန္ဒူဗြာဟ္မဏတို့ရဲ့ ဓမ္မ ကွာခြားပုံကိုလည်း အကျဉ်းအားဖြင့် ဆက်လေ့ လာ ကြဦးစို့ဗျာ'

'ဗုဒ္ဓ၀ါဒီနဲ့ ဗြာဟ္မဏ၀ါဒီတို့အကြား ရှေးဘ၀နောက်ဘ၀ရှိတယ်ဆိုတဲ့ သံသရာလည်ပတ်ပုံ၊ ကံကြမ္မာကိုယုံကြည်ပုံချင်း တော့ အတူတူပဲ မဟုတ်လားကိုဝင်းရဲ့'
'အပေါ်ယံရှပ်ကြည့်ရင်တော့ ကိုလင်းပြောတာဟုတ်သလိုလို ပါပဲ၊ ဒါပေမယ့် ဗုဒ္ဓ၀ါဒက ဘ၀သံသရာလည်ပတ် ကူးပြောင်းမှုကို လက်ခံ ထားတယ်ဆိုရာမှာ ရုပ်ခန္ဓာတစ်ခုကနေ တခြားရုပ်ခန္ဓာတစ်ခုကို ကူးပြောင်းသွားတဲ့ အသက်ဝိညာဉ် (ခေါ်) ဇီဝအတ္တကောင်ရယ်လို့မရှိ ဘူးဗျ။ ဒီဘ၀၊ ဒီရုပ် ၊ ဒီနာမ်က ပြုခဲ့တဲ့စေတနာကံရဲ့ စွမ်းအင် အပေါ်မူတည်ပြီး ဒီဘ၀ချုပ်ငြိမ်းသွားပြီဆိုတာနဲ့ တစ်ချိန်တည်းမှာ အဲဒီ ကံရဲ့စွမ်းအင်ကြောင့် ရုပ်အသစ်၊ နာမ်အသစ် တွေ ဖြစ်ပေါ်လာတယ်လို့ပဲခံယူထားတယ်။ ဘာလို့လဲဆိုတော့ လောကမှာဘယ်သူမှ ထုခွဲဖျက်ဆီးလို့မရအောင် မဖောက်မပြန်ထာဝရ တည်မြဲနေတဲ့တရားရယ်လို့မရှိဘူး။ "သဗ္ဗေဓမ္မာ အနတ္တာ"လို့ ဗုဒ္ဓက ဟောကြားတော် မူခဲ့တယ် လေ'

'ဒါဆိုရင် ဗုဒ္ဓ၀ါဒအရ ဘ၀ကူးပြောင်းတယ်ဆိုရာမှာ မူလခန္ဓာကိုယ်ထဲက ၀ိညာဉ်ကောင်လေးထွက်သွားပြီး နောက်ခန္ဓာ ကိုယ်တစ်ခုထဲကူး ပြောင်း ၀င်ရောက်သွားတာမဟုတ်ဘူးပေါ့။'

'မှန်တာပေါ့ဗျာ၊ အဲ...ဗြာဟ္မဏ၀ါဒအလိုအရကတော့ လောကကြီးတစ်ခုလုံးဟာ ဖန်ဆင်းရှင် ထာဝရဘုရားသခင်လို့ ဆိုနိုင်တဲ့ မဟာဗြဟ္မာ ကြီးရဲ့ အတ္တ၀ိညာဉ်နဲ့ ဖွဲ့တည်ထားတာဖြစ်လို့ လောကမှာ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာမှန် သမျှရဲ့ အတွင်းအဇ္ဈတ္တမှာ ဘယ်လိုမှချေဖျက် လို့မရနိုင်အောင် ထာဝရတည်မြဲနေတဲ့ အမာခံအနှစ်သာရ အတ္တကိုယ်စီ ဟာ စိမ့်ဝင်ပျံ့နှံ့ တည်ရှိနေတယ်ဆိုပဲဗျ'

'ဟာ....ဒါဆို ဗြာဟ္မဏတို့ရဲ့တရားက "သဗ္ဗေဓမ္မာ အတ္တာ"လို့ ပြောရမှာပေါ့နော်'

'ဆိုနိုင်ပါတယ်ဗျာ၊ ဒါကြောင့် လောကမှာအစဉ်မဖောက်မပြန်တည်တံ့နေတဲ့ မဟာအတ္တကြီး (ခေါ်) မဟာဗြဟ္မာကြီး ဆိုတာလည်း မရှိ ဘူးဆိုပြီး ဗြာဟ္မဏတို့ရဲ့ အတ္တ၀ါဒကိုငြင်းပယ်ပြီး အနတ္တ၀ါဒကိုထူထောင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာရဲ့တရား ဓမ္မနဲ့ ဗြာဟ္မဏ တို့ရဲ့တရားဓမ္မဟာ ဘယ်တူနိုင်ပါတော့မလဲ ကိုလင်းရာ'

'ဒီလို တရားဓမ္မအနှစ်သာရချင်း ကွဲပြားခြားနားခဲ့လို့လည်း ဗြာဟ္မဏ၀ါဒီတွေအားကောင်းတဲ့ အိန္ဒိယနိုင်ငံမှာ စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓ သာသနာ တိမ်ကောခဲ့ရတာထင်ပါရဲ့၊ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မနဲ့ဘုရားသားတော်တွေလည်းဖြစ်၊ ရတနာမြတ် သုံးပါးမှာ တစ်ပါးအပါအ၀င်လည်း ဖြစ်တဲ့ ရဟန်းသံဃာတွေခမျာ ဗြာဟ္မဏတွေရဲ့ ရှုတ်ချတိုက်ခိုက်မှုကို ခံကြရမှာ ပေါ့နော်'

'ခံရပြီလားဗျာ၊ အတ္တ၀ါဒအပေါ်အခြေခံပြီး အပူဇော်ခံပုဏ္ဏားမျိုး(ဗြာဟ္မဏ)၊ မင်းမှူးမတ်စစ်သူရဲမျိုး(ခတ္တိယ)၊ ကုန်သည် လယ်လုပ်မျိုး (ဝေဿ)၊ အပယ်ခံသူဆင်းရဲမျိုး (သုဒ္ဒ) ဆိုပြီး အမျိုးဇာတ်ခွဲခြားခွင့်မရှိဘဲ ၀ါစဉ်အလိုက်သာ အရိုအသေ ပေးကြရတဲ့ ဗုဒ္ဓရဲ့သံဃိကအဖွဲ့ အစည်းကိုလည်း အလွန်မုန်းတီးခဲ့ကြတယ်ဗျ'

'ဗုဒ္ဓရဲ့သံဃိကအဖွဲ့အစည်းဟာ အမျိုးဇာတ်ခွဲခြားမှုစနစ်ကိုပစ်ပယ်ထားတာဆိုတော့ ဒီဇာတ်ခွဲခြားမှုအပေါ် အခွင့် ကောင်းယူ၊ အမျိုးအနွယ် လိုက်ပြီး အခွင့်ထူးခံနေသူတွေက ဘယ်မှာလာလိုလားကြပါ့မလဲ'

'ဒါကြောင့် ဗုဒ္ဓနဲ့တကွ တပည့်သားသံဃာတွေကို ဗြာဟ္မဏပုဏ္ဏားတွေက ဦးပြည်းကတုံးယုတ်တွေလို့ နှိမ့်ချဆဲဆို ခဲ့ကြသေးတယ်ဗျ၊ သူတို့က "ဘယ်လောက်ပဲ အကျင့်သီလနဲ့ပြည့်စုံတဲ့ ရဟန်းဖြစ်ပါစေ၊ မြင့်မြတ်တဲ့ ဗြာဟ္မဏပုဏ္ဏား မျိုးနွယ်ကမဟုတ်ရင် အဲဒီရဟန်းထက် အသက်ငယ်ပြီး အကျင့်သီလမဲ့သူ ဗြာဟ္မဏပုဏ္ဏားတစ်ဦးက အရိုအသေပေး စရာမလိုတဲ့အပြင် နှိမ့်ချပြီးတောင်ဆက်ဆံသင့်တယ်"လို့ ယူဆကြတယ်ဗျ'

'၀ါဒချင်းကအရှေ့နဲ့အနောက်လို ကွာခြားနေတော့လည်း အငြိုးကြီးရှာမှာပေါ့ဗျာ'

'အငြိုးကြီးခဲ့ပုံကတော့ ရှံကရဆိုတဲ့ ဗြာဟ္မဏရဟန်းမင်းကြီးလက်ထက်ကဆိုရင် ဗုဒ္ဓ၀ါဒီရဟန်းတော်တွေကို မေးခွန်း အမျိုးမျိုးထုတ်၊ ၀ါဒ ချင်းပြိုင်ပြီး သူမေးတာမဖြေနိုင်ရင် ဗုဒ္ဓ၀ါဒကိုစွန့်လွှတ်စေပြီး ဗြာဟ္မဏဘာသာထဲ ၀င်စေခဲ့တယ်၊ အဲဒါကို လက်မခံဘူးဆိုရင်တော့ ပွက် ပွက်ဆူနေတဲ့ဆီပူအိုးထဲကို ပစ်ထည့်သတ်ဖြတ်ခဲ့တယ်ဆိုတာ တိကျတဲ့သမိုင်း အထောက်အထားတွေမှာ ဖတ်ခဲ့ရဖူးတယ် ကိုလင်းရဲ့'

'ဟာ......၊ ဒါဆို ဗုဒ္ဓ၀ါဒီတစ်ယောက်နဲ့ ဗြာဟ္မဏ၀ါဒီတစ်ယောက်တို့ရဲ့ ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါး အပေါ်ထားရှိတဲ့ သဘောထားချင်းဟာ တခြားစီပါလားနော်'

'အဲဒါကို နားလည်သဘောပေါက်ပြီးမှ ဗုဒ္ဓ၀ါဒကိုစွန့်လွှတ်လို့ ဟိန္ဒူဗြာဟ္မဏဘာသာဝင်အဖြစ် ခံယူသွားကြသူတွေကို ဘာမှအပြစ် ဆိုစရာမရှိပါဘူးဗျာ၊ လူတိုင်းမှာ လွတ်လပ်စွာရွေးချယ် ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိကြတာပဲ၊ ဒါပေမဲ့ ခင်ဗျားပြောသလို ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဗြာဟ္မဏဘာသာဆိုတာ သိပ်မကွာပါဘူး၊ အတူတူပါပဲ၊ သူတို့လည်း ဗုဒ္ဓကို ပူဇော်ကြတာပဲ၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဆိုပေမဲ့ ဟိန္ဒူဗြာဟ္မ၀ါဒကိုလည်း လက်ခံကျင့်သုံးနိုင်တယ်လို့ ထင်မြင် ယူဆလုပ်ကိုင်နေသူတွေအတွက်တော့ ကရုဏာဒေါသောဖြစ်မိတာ အမှန်ပဲဗျာ'

'အေးဗျ၊ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသား အများစုကလည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေဖြစ်နေတော့ ဒီလို ကွဲပြားခြား နားချက်တွေကို သတိမပြုမိကြဘူးဗျ'

'သတိပြုရတော့မယ် ကိုလင်းရေ၊ အခုလိုအချိန်အခါမျိုးမှာ အမှုမဲ့အမှတ်မဲ့နေခဲ့ကြရင် စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓသာသနာ တော် အဓွန့်ရှည် ရေးအတွက် ရင်လေးစရာဖြစ်နေတော့မှာပေါ့ဗျာ၊ ဆက်ပြီး အမှုမဲ့အမှတ်မဲ့နေ၊ အမှုမဲ့အမှတ်မဲ့လုပ်ကြ မယ်ဆိုရင် ကျွန်တော်ကြားဖူးတဲ့ ပုံပြင်ထဲက ဘုရင်ကြီးလို ဇာတ်သိမ်းမလှဖြစ်ကြရလိမ့်မယ်'

'ခင်ဗျာ့ ပုံပြင်ထဲကဘုရင်ကြီးအကြောင်း လုပ်စမ်းပါဦးဗျာ'

'ဒီလိုဗျ၊ တစ်ခါတုန်းက အမှုမဲ့အမှတ်မဲ့နမော်နမဲ့နေတတ်ပြီး ကိုယ်ခန္ဓာကြုံလှီသေးကွေးတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့၊ အဲဒီဘုရင်ကြီးမှာ တောင့်တင်းသန်မာလှတဲ့ မြင်းဖြူကြီး အထီး၊အမ တစ်စုံရှိတယ်။ ဘုရင်ကြီး တောကစားထွက်တဲ့ အခါ မြင်းထီးကြီးကိုစီး ပြီးထွက်လေ့ရှိ သတဲ့၊ အဲ တစ်နေ့ ဘုရင်ကြီးတောအလည်လွန်လို့ တစ်ယောက်တည်း မျက်စိလည် လမ်းမှားနေတုန်း ဗြုန်းဆို သူ့ရဲ့ ခုနှစ်ဘ၀က ဖခင် တော်စပ်ခဲ့ဖူးသူ ရုက္ခစိုးနတ်မင်းကြီးပေါ်လာသတဲ့'
'ကယ်တင်ရှင် ရောက်လာတယ်ဆိုပါစို့'

'ဒါပေါ့ဗျာ၊ အဲဒါနဲ့နတ်မင်းကြီးက "ငါ့သားဘုရင်ကြီး လိုရာဆုနှစ်ခုတောင်းစေ"ဆိုပြီးပြောတော့ ဘုရင်ကြီးက ပထမဆုံး အနေနဲ့ သူ့ရဲ့ အိပ်ခန်းဆောင်ထဲကို အခုချက်ချင်း ရောက်သွားအောင်လုပ်ပေးဖို့ တောင်းဆိုသတဲ့'

'တစ်နေကုန် တောကစားထွက်လာတာဆိုတော့ ဘုရင်ကြီးခမျာ မောမောနဲ့ ပစ်အိပ်လိုက်ချင်တယ်ထင်ပါ့၊ ဒါနဲ့ ဒုတိယတောင်းတဲ့ ဆုကရောဗျာ'

'အဲ.....နောက်တောင်းတဲ့ဆုတစ်ခုကတော့ သူအခုစီးလာတဲ့ မြင်းဖြူကြီးလို သန်မာထွားကျိုင်းတဲ့ လူသားတစ်ဦးအဖြစ် ဖန်ဆင်းပေးဖို့ပဲဗျ'

'အင်း......ကြုံလှီတဲ့ဘုရင်ကြီးဆိုတော့ သူလည်းအခုခေတ် အာနိုးတို့လို လူသန်ကြီးဖြစ်ချင်ပုံရတယ်နော်'

'ဆိုပါတော့ဗျာ၊ ဒါနဲ့ရုက္ခစိုးနတ်မင်းက သူ့တန်ခိုးနဲ့ဘုရင်ကြီးအလိုကျဖြစ်စေဆိုပြီး အဓိဋ္ဌာန်ပြုလိုက်တာ ဘုရင်ကြီးဟာ တောကြီးမျက် မည်းထဲကနေ သူ့ရွှေနန်းတော်က ကျိန်းစက်ရာအိပ်ခန်းဆီကို တန်းခနဲရောက်ပြီး အိပ်မောကျသွားတော့ သတဲ့ဗျာ'

'ဟန်သဗျို့၊ ကျုပ်တောင်အဲဒီရုက္ခစိုးနတ်နဲ့ တွေ့ချင်လာပြီ'

'ဒါက သူ့ရဲ့ခုနှစ်ဘ၀ကတော်စပ်ခဲ့တဲ့သားမို့ လုပ်ပေးတာဗျ၊ ခင်ဗျားတို့ကျွန်တော်တို့ဆို အနားတောင် ဘယ်အကပ် ခံပါ့မလဲ'

'ထားပါတော့ဗျာ၊ ဘုရင်ကြီးအိပ်ရာကလည်းနိုးရော အခုခေတ် လူသန်ကြီးတွေလို "ကြွက်သားအဖုဖု ထုထုလို့ခရာ ချင်စရာ ကွယ်"ဖြစ်သွားရောတဲ့လား'

'အင်း.....ဘုရင်ကြီး အိပ်ရာကနိုးလို့ ညီလာခံလည်းထွက်လာရော မှူးမတ်ရဲမက်ဗိုလ်ပါတွေခမျာ တအံတသြနဲ့ဝိုင်း ကြည့်ကြသတဲ့၊ ဘုရင်ကြီးကလည်း ငါ့ရဲ့ယောက်ျားပီသ တောင့်တင်းသန်မာတဲ့ ကိုယ်ခန္ဓာကိုကြည့်ပြီး ဒီကောင်တွေ အံ့သြကုန်ကြပြီလို့တွေးမိပြီး သူတောထဲမှာ ရုက္ခစိုးနဲ့တွေ့လို့ ဆုတောင်းပြည့်ခဲ့တဲ့အကြောင်း အားပါးတရပြောချ လိုက်တာပေါ့'

'ဒီတော့.......'

'ဒီတော့.....ဘုရင်ကြီးနဲ့အတူ တောကစားလိုက်ထွက်ခဲ့ကြတဲ့ ရဲမက်တွေက "အရှင်မင်းကြီး ဒီကနေ့စီးသွားတဲ့ မြင်းဖြူကြီးဟာ မြင်းမကြီး ပါဘုရား"လို့ မ၀ံ့မရဲလျှောက်တင် လိုက်ကြပါလေရောတဲ့ဗျာ'

'ဟိုက်.....သေလိုက်ပါတော့၊ ကိုယ်စီးလာတဲ့မြင်းကို အထီးမှန် အမမှန်းသိအောင် မလေ့လာ၊ မစူးစမ်း၊ သတိမထားဘဲ ဆုတောင်းမှားမိတဲ့ ဘုရင်ကြီးခမျာ ဘုန်းကညာတစ်ပါး လုံးရာကပြားရပါပေါ့လားနော်'

'ပုံပြင်လေးကတော့ ဒါပါပဲဗျာ၊ ဟာသပုံပြင်လေးဆိုပေမယ့် အသေအချာတွေးကြည့်ရင် လူတွေဟာကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အဓိပ္ပာယ် အနှစ်သာရကို အကောင်အဆိုး၊ အကြောင်းအကျိုးမခွဲခြား မဝေဖန်ဘဲ သတိလက်လွတ်ပြုမူကြ မယ်ဆိုရင် လိုချင်တာကတစ်ခု၊ ရလာတာ ကတစ်ခု၊ တလွဲတချော်ဖြစ်တတ်တယ်ဆိုတဲ့ သင်ခန်းစာရနိုင်တာပေါ့ ကိုလင်းရာ'

'အင်း.......ဒါကြောင့်လည်း ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့တပည့်သာဝကတွေကို သတိလက်လွတ်မပြုကြဖို့၊ အစဉ်သတိ ရှိကြဖို့ ဆိုဆုံးမတော် မူခဲ့တာကိုး'

'မှန်တာပေါ့ဗျာ၊ ဘယ်အလုပ်ပဲလုပ်လုပ် အရာရာကိုအပေါ်ယံ အသွင်သဏ္ဌာန်လောက်သာရှပ်မကြည့်ကြဘဲ သတိ တရားလက်ကိုင် ထားပြီး လုပ်ဆောင်ချက်တိုင်းရဲ့ အနှစ်သာရသဘောအဓိပ္ပာယ်ကို ရေရေရာရာနားလည်အောင် လေ့လာသုံးသပ်သင့်တယ်။ ပြီးမှ ဆုံး ဖြတ်ချက်ချမှတ် လုပ်ကိုင်သင့်တယ်ဗျ၊ နို့မဟုတ်ရင်တော့ အသံမှာတူသယောင် ရှိနေပေမယ့် အကြောင်းအရာချင်း တလွဲစီဖြစ်နေတဲ့ သံတူကြောင်းကွဲတွေကို မခွဲခြားတတ်ရင် မနစ်နာသင့်ဘဲနစ်နာ တတ်ကြရတယ်'

'ကိုင်း..... စကားပြောလို့တော့ကောင်းပါရဲ့ ကိုဝင်းရယ်၊ အခုလောက်ဆို ဟိုသားအမိတွေလည်း ကိစ္စပြီးလောက် ရောပေါ့၊ သူတို့ကိုလည်း အိမ်ရောက်မှ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ပါတယ်ဆိုတဲ့ အသံချင်းတူပေမယ့် ရည်ရွယ်ချက် သဘောအဓိပ္ပာယ်ဆိုတဲ့ အကြောင်းအရာချင်း ဆန့်ကျင်ကွဲလွဲပုံတွေကို တရားပြပြီးနားချဦးမယ်၊ အခုတော့ ဇနီးမယား နဲ့သမီး သားတွေကို သွားကြိုရဦးမှာမို့ ဒီမှာတင်ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲလေးတစ်ခန်းရပ်ပြီး နောက်တစ်ပတ်မှ ဆက်ကြဦးစို့ ကိုဝင်းရေ'

'ကောင်းပါပြီဗျာ'

ဝင်းသိန်းဦး
(၃၁-၁-၉၂)
ဓမ္မရံသီ၊ ၁၉၉၂ခုနှစ်၊ မေလနှင့် ဇွန်လ။

Tuesday, October 27, 2009

Myths about blood donation'

'သွေးသည်အသက် ၊ အသက်သည်သွေး' တဲ့ သွေးကိုလှူဒါန်းခြင်းသည် မိမိအသက်ကိုလှူဒါန်းခြင်းနှင့် သဘောညီသည်။ သွေးလှူဒါန်းတာနဲ့ပတ်သက်ပြီး အယူအဆအမှားတွေ၊ အတွေးအမှားတွေ အများကြီး ကြုံဖူးကြားဖူးခဲ့ပါသည်။ ကျွန်တော် ကိုယ်၌လည်း အတွေးမှား၊ အမြင်မှားတွေ ဟိုတစ်ချိန်တုန်းက ရှိခဲ့ဖူးပါသည်။ အဲဒီလို အယူအဆအမှား၊ အမြင်အမှားတွေ ကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါ။ မွန်မြတ်ဖြူစင်လှသည့် လှူဒါန်းမှုတစ်ခုကို လူတွေက ပြုလုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။ အောက်ပါအချက်တွေက သွေးလှူဒါန်းချင်တဲ့စိတ်ကို အဟန့်အတားဖြစ်နေတာတွေပါပဲ။ လက်ဆင့်ကမ်းမျှဝေပြီး မွန်မြတ်တဲ့ဒါနပြုကြဖို့ တိုက်တွန်းပေးကြပါလို့။

(၁) သွေးလှူပြီးရင် ၀လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးလာပြီး ၀လာတာမျိုး မရှိပါဘူး။ အသားအရည်စိုပြည်ပြီး အလှတိုးတာပဲရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန်စားသောက်တာထက် ပိုပြီးစားဖို့သောက်ဖို့ လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက်ပိုပြီး ၀လာစရာမရှိပါဘူး။

(၂) သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံးစနစ်တကျရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

(၃) သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့်၊ မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေးကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမဲ့ သွေးလှူပြီးရင်တော့ ခုတင်ပေါ်မှာ မိနစ်အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။

(၄) သွေးဖောက်တဲ့အခါ အပ်ကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာမဟုတ်ပါဘူး။ နားဖောက်တာလောက် ၊ သွားနုတ်တာလောက်မနာပါဘူး။ ပုရွက်ဆိတ်ကိုက်ရင်တော့ ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့လူနာရဲ့ သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူးဆိုတာပါပဲ။

(၅) သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီပတ်ဝန်းကျင်ပဲကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေဖြည့်ရတာတွေ၊ မေးခွန်းတွေဖြေရတာတွေ၊ ကျန်းမာရေးစစ်ဆေးမှုခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ်ပတ်ဝန်းကျင်ပဲရှိပါတယ်။

(၆) သွေးလှူတဲ့အခါ သွေးအများကြီးဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ်မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြည်လည်ဖြည့်ဆည်းပေးပါတယ်။

(၇) ကျွန်တော်သွေးလှူဖို့ မလိုဘူး၊ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင်လိုနေပါတယ်။ သွေးလှူလို့ ရနိုင်တဲ့လူဦးရေစုစုပေါင်းရဲ့ ၅ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီးလိုနေပါတယ်။

(၈) သွေးဆိုတာ အကြာကြီးအထားခံတယ်။ တစ်ခါလှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့သွေးရည်ကြည်ဟာ တစ်နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမန်အခြေအနေမှာ ၄၂ရက်တိတိသိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ငါးရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရဘဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာများပါတယ်။ ဒါကြောင့် သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီးမမြင်ရပါဘူး။

(၉) ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြူစင်ဇီဝိတဒါနလှူဒါန်းမှုတစ်ခုပါ။
အခုပြောသွားတဲ့အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေကစပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံးပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

ကိုဇူလိုင် (RAVEN BDC)
Ref: The Voice weekly Journal – Vol.5/No.50 (Oct. 19-25, 2009)


ပြန်လည်တင်ပြသူ ကျွန်တော် ဇာနည် ပြောပြချင်တာလေးကို ဖြည့်စွက်လိုက်ပါရစေ - လူငယ်များ ဦးဆောင်ဖွဲ့ စည်းထား သော ရင်ခုန်သံသွေးလှူရှင်အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲလေးတွေဟာ (၁၅) ကြိမ်မြောက်တောင် ဖြစ်သွားပါပြီ။ သွေးလိုအပ်လို့ပဲဖြစ်ဖြစ် သွေးလှူဒါန်းဖို့စိတ်ဝင်စားရင်ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင် သူတို့ဖုန်းနံပါတ်တွေကို ဆက်သွယ် လို့ရပါတယ်နော်။ ၀၁-၃၈၉၈၂၇၊ ၇၂၁၅၇၈၊ ၂၄၃၅၄၂ တို့ပဲဖြစ်ပါတယ်။ အတွင်းရေးမှူးက ဦးမျိုးမင်းပါ။

ပြည်သူ့ဆေးရုံကြီးတွေမှာလည်း သွေးဌာနတွေရှိပြီး အဲဒီမှာလည်း သွေးလှူဒါန်းနိုင် သွေးလှူဒါန်းဖို့ စုံစမ်းစာရင်းပေး သွင်းနိုင်ကြပါတယ်။ ကျွန်တော်တို့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာဆိုလည်း အလားတူ ဌာနရှိပြီး သွားရောက်လှူဒါန်း နိုင်ကြပါကြောင်း ပြောပြချင်ပါတယ်။

Saturday, October 24, 2009

We can speech look like Obama

အိုဘားမားလေဟန်အတိုင်း ပြောနည်း (၅)နည်း
လောလောလတ်လတ် နိုဗယ်ဆုရသွားတဲ့ ဘားရက်အိုဘားမားကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဘားရက် အိုဘားမားလို မပြောသင့်ဘူး။ ဆိုလိုချင်တာဟာ သင်ဟာသင့်ပုံစံအတိုင်းပဲ ပြောသင့်တယ်။ သင်မဟုတ်တဲ့ တခြားသူ တစ်ယောက်ရဲ့ လေဟန်အတိုင်းမပြောသင့်ဘူးလို့ ဆိုလိုတာဖြစ်တယ်။ ဒီတော့ဘာလို့ အိုဘားမားလိုပြောနည်း ဆိုနေရ တုန်းလို့ မေးမယ်ဆိုရင်တော့ စု၊တု၊ပြု လမ်းစဉ်အတိုင်းပြုလုပ်စေချင်လို့ ဖြစ်တယ်။ သူဘယ်လိုပြောလဲဆိုတာ ကြည့်လိုက် ကြရအောင်....။


(၁) ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုအကြောင်းပြောဆိုခြင်း
ကွန်ကရက်ရဲ့ ဌာနခွဲတစ်ခုအတွက် ပထမဆုံးအကြိမ်ဟောပြောတဲ့အကြိမ်ကို စာဖတ်သူ သတိပြုမိရဲ့လား။ သတိမဆ အသိမဟမိရင်လည်း ရပါတယ်။ အဲဒီ့တုန်းက အိုဘားမားက သူပြောချင်တဲ့အကြောင်းမပြောခင် ကျွန်တော်တို့နဲ့ ပတ် သက်ဆက်နွယ်နေတဲ့အကြောင်းကို ဦးစွာစကားခင်းသွားခဲ့တယ်။ ကျွန်တော်တို့ရဲ့အိပ်မပျော်တဲ့ညတွေ၊ အိပ်မရတဲ့ည တွေအကြောင်း အရင်ပြောသွားခဲ့တယ်။ ပြီးတော့မှ သူပြောချင်တဲ့စကားလမ်းကြောင်းကို လမ်းလွှဲသွားခဲ့တယ်။ အဲဒီ့နည်း ဟာ မဆိုးဘူး၊အလုပ်ဖြစ်တယ်။ စာဖတ်သူတို့လည်း အဲသလို အသုံးပြုနိုင်တယ်။

ကိုယ့်စကားကိုနားထောင်ပေးနေတဲ့ ပုဂ္ဂိုလ်ရဲ့ လက်ငင်းရင်ဆိုင်နေရတဲ့ ပြဿနာကို အရင်ဆုံးပြောပါ။ ဒီလိုပြောတဲ့အတွက် နားထောင်သူရဲ့ ခေါင်းတဆတ်ဆတ်ညိတ်မှုကို လက်ခံရရှိလာမှာဖြစ်တယ်။ ဆက်ပြီး သူတို့ရင်ထဲမှာ တအုံ့နွေးနွေး အစိုင် အခဲတည်နေတဲ့ ပြဿနာ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဆက်ရှင်းသွားပါ။ နားထောင်သူရဲ့ အာရုံစိုက်မှုကို ရရှိလာတဲ့ နောက်ပိုင်းမှာ ကိုယ်ပြောချင်တဲ့အပိုင်းကို ဆက်လက်ဦးပြောင်းကာ ဆွေးနွေးသွားပါ။

(၂) ရိုးရှင်းပါစေ
အရိုးဆုံးသည် အကောင်းဆုံးလို့ဆိုကြသည်။ ယင်းစကားသည် အခြေအနေအတော်များများ၌ မှန်ကန်လေသည်။ ဤသို့ သော ဟောပြောပွဲအခြေအနေ၌လည်း မှန်ကန်လေသည်။ အိုဘားမားလည်း ယင်းအဆိုအား ထောက်ခံသောအားဖြင့် လို့ဆိုခဲ့တာ အားလုံးအသိပဲဖြစ်တယ်။ သူသုံးသွားတဲ့ စကားလုံးတွေကရိုးတယ်။ရှင်းတယ်။မျက်စိထဲတန်းခနဲ မြင်လွယ် တယ်။မှတ်မိလွယ်တယ်။ ဒီအတိုင်းပဲ တစ်ဖက်သားကို ကိုယ်ဖြစ်ချင်တာ၊ ပြောချင်တာကို အမြန်အဆန်နဲ့အလွယ် တကူနားလည်လွယ်အောင် စကားလုံးသုံးစွဲမှုပြတ်သားရှင်းလင်းလွယ်ကူဖို့ အရေးကြီးပါတယ်။

(၃) ပရိတ်သတ်တွေးတောနေသော အကြောင်းအရာအား မျှော်လင့်ချက်ပေးထားပါ။
အိုဘားမားနဲ့ သူ့မိန့်ခွန်းရေးပုဂ္ဂိုလ်တွေဟာ ဂိုသယ်ရဲ့စာတွေ တော်တော်ဖတ်ထားပုံရတယ်။ ဘာကြောင့်လည်းဆိုတော့ စကားလုံးတိုင်းဟာ ယင်းစကားလုံးရဲ့ဖုံးကွယ်နေတဲ့အတွေးတွေကို ထိုးဆွနိုင်စွမ်းရှိရမယ်လို့ ဆိုထားတဲ့အတွက်ဖြစ်ပါ တယ်။ ဒါမှ ပရိတ်သတ်ရင်ထဲမှာ သို့လော သို့လောတွေနဲ့ ကျန်ရှိပြီး မေးခွန်းတွေနဲ့ ရစ်ပတ်လုံးထွေးနေမှာဖြစ်တယ်။ ဆန့်ကျင်ဘက်တွေကို မရှာဖွေ မထိုးဆွနိုင်ရင် ပရိသတ်ရဲ့ အာရုံဝင်စားမှုကို ရရှိနိုင်မှာ မဟုတ်ဘူး။ ကိုယ်ခင်းလာတဲ့ အခက်တစ်ခုကို ပရိတ်သတ်များ အမေးထုတ်ရင်း အာရုံကိုသယ်လာပြီးမှ နောက်ဆုံး ပြန်ဖြည်ပေးလိုက်ရပါမယ်။

(၄) အဖြတ်အတောက်
စကားပြောတဲ့အခါမှာ အဖြတ်အတောက်ဟာ အရမ်းကို အရေးကြီးပါတယ်။ တကယ်လို့ကျွန်တော်တို့ပြောနေတဲ့ စကားသံ တွေကို အဖြတ်အတောက်မရှိ တညီတည်းပြောလိုက်မယ်ဆိုရင် စကားသံဟာ ဘယ်လိုမှကို ထားထဲရှောရှောရှူရှူဝင်မှာ မဟုတ်ပါဘူး။ တောင့်တောင့်ကြီးနဲ့ အတောင့်လိုက် နားထဲဝင်သွားမှာဖြစ်ပါတယ်။ နားဝင်မကောင်းတဲ့အတွက် နားဝင်နိုင် ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ နားမ၀င်နိုင်တဲ့အတွက် စိတ်အာရုံကို မဖမ်းဆုပ်နိုင်တော့ပါဘူး။ စိတ်အာရုံဝင်စားမှုကို မဖမ်းဆုပ်နိုင်ရင် ကိုယ်ပြောချင်တဲ့အကြောင်းအရာဟာလည်း ကျွဲပါးမယ်ဒလင်တီးသလို ဖြစ်သွားပါလိမ့်မယ်။

အိုဘားမားကတော့ အဖြတ်အတောက်နေရာမှာ ဆရာကျလှတဲ့သူပါ။ ဒီလိုဆရာကျလို့လည်း ဒီနေရာကို ရောက်လာ တာဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လည်း စကားပြောတာ အဖြစ်အတောက်ကောင်း ကောင်းလေးနဲ့ ပြောမယ် ဆိုရင် အလိုလိုနေရင်း ကိုယ့်စကားနားဆင်နေသူရဲ့ အာရုံဖမ်းဆုပ်လို့ရပြီပေါ့။ အဖြတ်အတောက် ဘယ်လိုလုပ်ရမလဲ ဆိုတော့ အခြေခံကတော့ ၀ါကျတစ်ခုမှာ ပြုလုပ်သူ၊ ခံရသူ၊ ကတ္တား စသည်တို့ပါတာမို့ အဲဒီ့အတိုင်းဖြတ်တောက်သွားမှာ၊ နာမ၀ိသေသနစကားစုတွေဆိုရင် အဲဒီ့အပိုင်းတွေကို သတ်သတ်ဖြတ်ပြီးနားပြီးမှ တဖန်ရှေ့ဆက်ပြော။ အဲဒီလိုဖြစ်ပါတယ်။

စကားအဖြတ်အတောက်ပြုလုပ်တဲ့နေရာမှာ ကိုယ်ဆိုလိုချင်တဲ့အပိုင်းသဘောကို ပရိတ်သတ်မျက်စိ၊ နားထဲ ထင်းထင်း ၀င်လာအောင် ကိုယ်ပြချင်တဲ့နေရာတွေရောက်ရင် အဖြတ်အတောက်ပြုလုပ်ပေးသွားရမှာဖြစ် ပါတယ်။ ဒါကို နည်းမှီပြီး မိမိဘာသာဆက်လက်တွေးခေါ်ကြံဆသွားရမှာ ဖြစ်ပါတယ်။

(၅) ကိုယ်ဟန်အမူအယာ
Rapper တွေပဲ ကိုယ်ဟန်အမူအယာလုပ်ခွင့်ရှိတာ မဟုတ်ပါဘူး။ အောင်မြင်ကျွမ်းကျင်တဲ့စကားပြောကျွမ်းသူ တစ် ယောက်ဖြစ်ချင် တယ်ဆိုရင် ကိုယ်ပြောချင်တဲ့ စကားအတိုင်း ကိုယ်ဟန်အမူအယာက အလိုက်သင့် ပရိတ်သတ်ကို တင်ဆက်ပေးသွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဟန်အမူအယာက အရမ်းအကဲဆတ်ပါတယ်။ များလို့မဖြစ်ပါဘူး။ များရင် လူအမြင်ကပ်စေပါတယ်။ နောက်ပြီး ဟောင်းနွမ်းရိဆွေးနေတဲ့ ကိုယ်ဟန်အမူအယာတွေ မသုံးပါနဲ့။ ကိုယ်ပိုင် ကိုယ်ဟန် အမူအယာတွေသာ ထွင်သုံးပါ။ ကိုယ်လုပ်တဲ့ ကိုယ်ဟန်အမူအယာဟာ သက်သောင့်သက်သာအနေအထားရှိရပါမယ်။ ပျောင့်ပျောင်းတဲ့သဘောရှိရပါမယ်။ အခါအချိန်သင့်ရပါမယ်။ ဒီလိုဆိုရင် ကိုယ်သုံးတဲ့ ကိုယ်ဟန်အမူအယာဟာ ပရိတ် သတ်အတွက် ဘယ်တော့မှ မမေ့မပျောက်နိုင်တဲ့ ကိုယ်ဟန်အမူအယာအဖြစ် အကြောင်းတိုက်ဆိုင်လာတိုင်း မြင်ယောင် သွားစေမှာ ဖြစ်ပါတယ်။

နောက်ပြီး ကိုယ်ဟန်အမူအယာတစ်ခုဟာ ချက်ခြင်းစိတ်ကူရပြီး ထလုပ်တဲ့ဟာမျိုးမဖြစ်စေရပါဘူး။ အဲဒါဆိုရင် သဘာဝ မကျတော့ဘဲ ကိုးယို့ကားယားဖြစ်သွားစေပါတယ်။ ကိုယ်ဟန်အမူအယာလုပ်ချင်တဲ့သူတစ်ယောက်အနေနဲ့ ကိုယ်ထုတ် ချင်တဲ့ ကိုယ်ဟန်အမူအယာကို မှန်ရှေ့မှာ ကျင့်ရပါလိမ့်မယ်။ သဘာဝကျတဲ့အထိ ကျင့်သွားရပါမယ်။ ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ကိုယ်ထုတ်လိုက်တဲ့ကိုယ်ဟန်အမူအယာဟာ တစ်ထပ်တည်း တူညီနေရပါမယ်။

ကဲ..ဒီလောက်ဆို အိုဘားမားနည်းတွေသိပြီး ကိုယ်လိုချင်တဲ့အပိုင်းကို ကိုယ်ကြိုက်သလို စီရင်နိုင်ကြပြီပေါ့။
သူငယ်ချင်းတို့အဆင်ပြေပါစေကြောင်း......။

ဇာနည်
Ref: 8 Days A week Journal Vol. 1 No. (31) – Oct. 23 – 30 2009

Tuesday, October 20, 2009

သဏ္ဌာန်လှစ်၍ အနှစ်ကိုရှာပါ

'ဟော..ကိုဝင်းပါလား။ ထိုင်ဗျာ၊ ခင်ဗျားနဲ့ အေးအေးဆေးဆေး စကားမပြောရတာတောင် အတော်ကြာပြီ'

'အေးဗျာ...ဒီနေ့အလုပ်အားရက်လည်းဖြစ်၊ ခင်ဗျားဆီမရောက်တာလည်းကြာပြီမို့ မြို့ထဲဝင်လာရင်းဝင်ခဲ့တာပဲ ကိုလင်းရေ'

'ဒါနဲ့ ခရီးရောက်မဆိုက် ခင်ဗျားကို မကျေနပ်တာ ပြောရဦးမယ်'

'ဘာများလဲကိုလင်းရ'

'ဘာဟုတ်ရမလဲဗျာ၊ ဟိုးတစ်ပတ်က ကျွန်တော့်အိမ်ကို ဘုရားဖူးကြွလှည့်ပါလို့ ခင်ဗျားဆီဖုန်းနှစ်ခါတောင်ဆက်ပြီး သေသေချာချာ ဖိတ်ပါ ရက်နဲ့ ဘာလို့မလာတာလဲဗျ'

'အင်း...အဲဒါက မအားလို့ပါဗျာ'

'အံမယ်.....ဒီလိုတော့ လွယ်လွယ်မဖြီးနဲ့လေဗျာ၊ ခင်ဗျားကို အလုပ်အားရက်လာခိုင်းတာပဲ၊ အခုဟာက ကြုံတောင့်ကြုံခဲ ဆုတောင်းပြည့် မုနိရုပ်ပွားတော်ကို ဖူးစေချင်လွန်းလို့ တကူးတကဖိတ်တာတောင် မလာတာက ဘာသဘောလဲဗျ'

'အင်း...ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော့်အနေနဲ့ လာစရာ မလိုဘူးထင်လို့ပဲဗျာ'

'ဘယ်လိုဗျ...၊ ဘုရားဖူးလာစရာမလိုလို့ ဟုတ်လား၊ ခင်ဗျား ဗုဒ္ဓဘာသာဝင်မှဟုတ်သေးရဲ့လား'

'ဒါကတော့ ခင်ဗျားက ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်တာနဲ့ ဆင်းတုရုပ်တုတွေ ကိုးကွယ်ဆည်းကပ်တာကို ခွဲခြားနားမလည်လို့ ပြောတာပဲဗျ'

'ကျုပ်တို့က ရုပ်တုဆင်းတုတွေကို ကိုးကွယ်ဆည်းကပ်တာမှမဟုတ်ဘဲ၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ဗုဒ္ဓရှင်တော်မြတ်ဘုရား သက်တော် ထင်ရှားရှိဘိအလား စိတ်အာရုံဝင်စားပြီး ကိုးကွယ်ပူဇော်ကြတာပဲဗျ'

'ဒါဆိုရင် ကိုလင်းအိမ်က ဘုရားစင်မှာ ရုပ်ပွားတော်တစ်ဆူရှိပြီးသားပဲဗျာ၊ အဲဒီ...မုနိရုပ်ပွားတော်ကို ထပ်ပြီးပင့်ဆောင် ပူဇော်နေစရာ လိုသေးသလားဗျ'

'ဟာ ဒါကတော့ ဘယ်တူပါ့မလဲ ကိုဝင်းရဲ့၊ အဲဒီ...မုနိဆိုတာက ဆရာတော်၊ သမားတော်ကြီးများက ၀ိဇ္ဇာနည်းကျ ဓာတ်ပေါင်းစုံရောစပ်ပြီး ဖိုဝင် သိဒ္ဓိတင်၊ စမ ခံထားတဲ့ ရုပ်ပွားတော်ဗျ၊ သူ့ကိုပင့်ဆောင်ပူဇော်ရင် စီးပွားတိုးတယ်၊ ရာထူးဂုဏ်သိန်တက်တယ်၊ အနာရောဂါကင်း တယ်တဲ့ဗျ၊ တလောကဆို သူဌေးတစ်ယောက်က ကြည်ညိုလွန်းလို့ဆိုပြီး စိန်ဘယက်ကြီးတောင် ဆက်ကပ်ဆင်ယင်ပေးသွားသေးတယ်၊ လှူလိုက်ကြတာများဗျာ၊ မကိုဋ်တော်ဆိုလည်း ပတ္တမြားရောင်၊ မြရောင်၊ ရွှေရောင် တဖိတ်ဖိတ်နဲ့ အလွန်ကြည်ညိုစရာ ကောင်းပါတယ်၊ ခင်ဗျားသာ မာရ်နတ်မှောင့်ပြီး လာမဖူးတာ ကိုဝင်းရ'

'ဟား..ဟား၊ အဲဒါကြောင့်ပြောတာပေါ့ ကိုလင်းရ၊ ကိုယ့်အိမ်က ရုပ်ပွားတော်ကိုကိုယ် ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပြီး သက်ရှိထင်ရှား မြတ်ဘုရားကို အာရုံပြုပူဇော်ရင်လည်း ရရဲ့သားနဲ့၊ ဒီ...မုနိရုပ်ပွားတော်ကိုမှ အထွတ်အမြတ်ထား ကိုးကွယ်ပူဇော်ကြတယ်ဆိုတော့ ခင်ဗျားတို့က ဗုဒ္ဓမြတ်ဘုရားကို ကိုးကွယ်ဆည်းကပ်တာမှမဟုတ်တော့ဘဲ၊ ဒီ..မုနိလို့ အမည်သညာ သတ်မှတ်ထားတဲ့ သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းတစ်ခုကို မိမိရဲ့ အားထားရာအဖြစ် ကိုးကွယ်ဆည်းကပ်နေကြတာပဲ မဟုတ်လားဗျ'

'ဒါကတော့ ကိုဝင်းက ရုပ်ဝါဒီဆန်ဆန်တွေးပြီး ပြောတာပဲ'

'ကိုလင်းကလည်း မဟုတ်တာပြောရော့မယ်၊ တကယ်တမ်း ရုပ်ဝါဒီဖြစ်နေတာက ခင်ဗျားတို့ပဲဗျ'
'ဟား.....၊ ဒီလောက် ဘုရားနဲ့တရားနဲ့နေတဲ့ လူတွေကိုများ ရုပ်ဝါဒီလို့ပြောရင် ခင်ဗျားကိုလူတွေက အရူးလို့ပြောကြမှာပေါ့'

'ကျွန်တော်ပြောတာ နားထောင်ပါဦးလေ၊ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်အခါကတော့ သူ့ကိုကိုးကွယ်ဆည်းကပ်မယ်ဆိုရင် ကိုးကွယ်ဆည်းကပ်ပူဇော်သူတွေကို စီးပွားတိုးအောင်၊ ရာထူးဂုဏ်သိန်တက်အောင်၊ အနာရောဂါကင်းအောင်လုပ်ပေးမယ်လို့ ဟောကြားခဲ့ဘူးသလား'
'ဒီလိုတော့မဟောခဲ့ဘူးပေါ့ဗျာ'

'ဟုတ်ပြီ၊ ဗုဒ္ဓက သူ့ကိုကိုးကွယ်ဆည်းကပ်ပူဇော်ရာ ဘုရားရှင်အဖြစ်လက်ခံတယ်ဆိုရင် သူဟောကြားခဲ့တဲ့ ဓမ္မလမ်းစဉ်အတိုင်း လျှောက် လှမ်းကြဖို့ကိုသာ လမ်းညွှန်ခဲ့တာဗျ။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာရတာကလည်း လူတွေစီးပွားတိုးဖို့၊ ရာထူးဂုဏ်သိန်တက်ဖို့၊ အနာရောဂါ ကင်းဖို့စတဲ့ လောကီရေးရာလိုအင်တွေကို ဖြတ်လမ်းနည်းနဲ့ ဖြည့်ဆည်းပေးဖို့ မဟုတ်ဘူးဗျ၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ငြိမ်း ချမ်းသာရာကျင့်စဉ်နည်းလမ်းမှန်တွေကို ညွှန်ကြားသွန်သင်ဖို့၊ တစ်နည်းပြောရရင် လောကီအကျိုးစီးပွားတွေထက် အဆပေါင်းများစွာ သာလွန်မြင့်မြတ်တဲ့ လောကုတ္တရာ အကျိုးစီးပွားအတွက် ပွင့်တော်မူခဲ့ခြင်းသာဖြစ်တယ်ဗျ'

'ဒါဆို လောကီအကျိုးစီးပွားတွေ တိုးတက်ဖို့ကျတော့ ဘယ်သူ့သွားအားကိုးရမှာလဲဗျ'

'လွယ်ပါတယ် ကိုလင်းရာ၊ ကိုယ့်အားကိုယ်ကိုးပေါ့ဗျာ၊ ကိုယ့်အားကိုယ်ကိုးပြီးကြိုးစားရင် လောကရဲ့အမြင့်ဆုံး အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရားရှင်ဗုဒ္ဓအဖြစ်ကိုတောင် ရနိုင်သေးတာပဲ၊ ကိုယ့်ရဲ့ ကံ၊ဥာဏ်၊ ၀ီရိယအစွမ်းကိုလိုက်ပြီး အကျိုးကျေးဇူးခံစားကြရတာဟာ လောကရဲ့ ဓမ္မတာသဘာဝရဲ့ နိယာမပဲ ကိုလင်းရ'

'အင်း.......ဒါလည်းဟုတ်တာပဲ'

'ဒါကြောင့် ကိုယ့်ဖာသာကိုယ်မကြိုးစားဘဲနဲ့တော့ အခုအခါခေတ်စားနေတဲ့ ဘာမုနိ၊ ညာမုနိ၊ တိဗက်ပြန်၊ ရခိုင်ပြန်၊ ယိုးဒယားပြန်၊ ဘာပြန်၊ ညာပြန် စမ ခံတဲ့ ၀ိဇ္ဇာဓိုရ်၊ သိဒ္ဓိတင် ဓာတ်ဆင်းတုတော်ဆိုတာတွေက လာပြီးစောင်မပေးနိုင် မှာမဟုတ်ဘူးဗျ၊ ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်အခါကတောင် သတ္တ၀ါတွေရဲ့ ကံ၊ဥာဏ်၊၀ီရိယအလိုက် ခံစား၊ စံစား နေကြရတဲ့ လောကီအမှုကိစ္စတွေကို ၀င်ရောက်စွက် ဖက်မှု မပြုခဲ့တဲ့ဟာကို ဒီသက်မဲ့ ရုပ်ပွားတော်တွေကျမှ လောကီကိစ္စတွေမှာဝင်ပြီး ကယ်တင်စောင်မနိုင်ပါ့မလားဗျာ'

'အေးဗျာ.....ကိုဝင်းပြောမှပဲ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ကိုမကိုးကွယ်မိဘဲ ရုပ်တု၊ ဆင်းတုကိုးကွယ်တဲ့လူတွေ ဖြစ်မှန်းမသိဖြစ်ခဲ့ရတာကို သဘောပေါက်လာတော့တယ်။'

'အဲဒီလို ဗုဒ္ဓမြတ်စွာကိုမကိုးကွယ်ဘဲ ရုပ်တုဆင်းတုကိုသာ ကိုးကွယ်နေမိသူတွေကြောင့် တချို့နိုင်ငံခြားသား ဘာသာခြားတွေက မင်းတို့ ဗုဒ္ဓဘာသာဆိုတာ ရုပ်တုကိုးကွယ်တဲ့ဘာသာပါကွာလို့ ဝေဖန်ပြစ်တင်ကြတာပဲဗျ၊ ဒါပေမယ့် တကယ်တမ်းကျတော့ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းငါးရာလောက်ကြာမှ အိန္ဒိယမှာ ဂရိကျောက်ဆစ်ပညာ ထွန်းကားလာမှုနဲ့အတူ ဗြာဟ္မဏအယူဝါဒ ရော ယှက်ထားတဲ့ မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဆီက စတင်လာခဲ့တယ်လို့ သမိုင်းအထောက်အထားတွေမှာ တွေ့ရသဗျ၊ မဟာ ယာနတွေရဲ့ ဗုဒ္ဓရုပ်ပွားတော်ထုလုပ်ပူဇော်မှုကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေက အစပိုင်းမှာ လက်မခံခဲ့ပေမယ့် နောက်ပိုင်းကျတော့ လူများစုရဲ့အလိုကို လိုက်လျောခဲ့ရတယ်လို့ ဆိုတယ်ဗျ'

'အင်း.....ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပြီး ဒါတွေကို စောစောက မစဉ်းစားခဲ့မိလို့ ကိုယ့်ကိုယ်ကို ရှက်မိပါသေးတော့တယ်ဗျာ'

'ဒါကတော့ သတိမမူဂူမမြင်ဆိုသလိုပေါ့ဗျာ၊ လူတွေဟာ လောဘစိတ်မွှန်လာပြီဆိုရင် ဘယ်လောက်ပဲ ပညာဗဟုသုတနဲ့ ပြည့်စုံတဲ့ လူဖြစ်ပါစေ၊ အမှားမှားအယွင်းယွင်းတွေ လုပ်မိကြတာ ဓမ္မတာပဲဗျ။ မိမိကံ၊ ဥာဏ်၊ ၀ီရိယနဲ့ ထိုက်တန်တာထက်လွန်ကဲပြီး စီးပွား တိုးချင်တယ်၊ ရာထူးတက်ချင်တယ်စတဲ့ လောဘစိတ်တွေက လွှမ်းမိုးသွားတော့ အားကိုးရာရှာရင်းနဲ့ အလိမ်ခံရမှန်းမသိ ခံကြရ တော့တာပဲ ကိုလင်းရေ...'

'ဟုတ်ပါ့ဗျာ၊ ကိုယ့်အားကိုယ်မကိုးမိဘဲ သက်မဲ့ပစ္စည်းတွေကို ကိုယ့်ဘ၀ရဲ့ကယ်တင်ရှင်၊ ကံကြမ္မာကိုဖန်တီးပေးနိုင်သူအဖြစ် စွဲလမ်း တာဟာ ရုပ်ဝတ္ထုပစ္စည်းတွေကို တန်ခိုးရှိသူ အစိုးရသူ အတ္တအဖြစ် စွဲလမ်းမှုတစ်မျိုးလို့တောင် ဆိုရမလားပဲဗျနော......'

"ဒါကြောင့်မို့ တကယ်တမ်း ရုပ်ဝါဒီတွေဖြစ်နေတာက ခင်ဗျားတို့ပါလို့ပြောတာပေါ့ ကိုလင်းရ။ အမှန်တော့ ရုပ်ပွားတော်၊ ဆင်းတုတော် တွေကို ပုံသဏ္ဍာန်အမျိုးမျိုး၊ မုဒြ(လက်အနေအထား)အဖုံဖုံနဲ့ ထုလုပ်ကိုးကွယ်ခြင်းဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေရဲ့ ပဓာနအလုပ် မဟုတ်ဘူးဗျ။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ကဆိုရင် 'ဗုဒ္ဓဘာသာဝင် အတော်များများဟာ လေးသင်္ချေ နဲ့ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီဖြည့်ပြီးမှ ဖြစ်တော်မူလာရတဲ့ဘုရား၊ ပါရမီတော်အဟုန် တစ်ကိုယ်လုံးထုံပြီး အလွန် သပ္ပာယ်တော် မူတဲ့ဘုရား၊ ထိုသပ္ပာယ်သော ရုပ်တော်ဝယ် မေတ္တာတော် ကရုဏာတော် ဥာဏ်တော်ကြီးဖြင့် အလွန်တင့်တယ်သော ဘုရား၊ သတ္တ၀ါ တို့တရားထူးရ အောင် ပရိနိဗ္ဗာန်စံတော်မူခါနီး စက္ကန့်ပိုင်းအထိမနားမနေ တရားဟောတော်မူ တဲ့ဘုရား၊ ဒီလိုသက် တော်ထင်ရှားဘုရား ကိုမမှန်းနိုင်မမျှော်နိုင်ကြဘဲ ရုပ်ပုံ၊ရုပ်ပွားဆင်းတု စေတီတော်များကိုသာ အများစုကိုးကွယ်ရာ ဘုရားလို့ထင်နေခြင်း ဟာ ဘုရားအစစ်ကို ရုပ်ပုံ၊ရုပ်ပွားတော် စသည်က(မမြင်အောင်) ကွယ်ထားသလိုဖြစ်နေမှာပေါ့ ' လို့သူ့ရဲ့ ကိုယ်ရေး ထေရုပ္ပတ္တိဖြစ်တဲ့ 'တစ်ဘ၀သံသရာ' ကျမ်းမှာ ထည့်သွင်းရေးသားသွားခဲ့တာပဲဗျ"

'အင်း....ဆရာတော်ကြီးကတော့ ကျွန်တော်တို့လို လူမိုက်တွေအတွက် ကြိုတင်မြင်ယောင် ရေးသားထားခဲ့သလားတောင် အောက်မေ့ ရတယ် ကိုဝင်းရေ.......'

'ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းဆိုတာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အသွင်သဏ္ဍာန်(Phenomenon) တစ်ခုလောက် ပဲဖြစ်တယ်။ ဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြော်လိုက်ရတာနဲ့ ဗုဒ္ဓသက်တော်ထင်ရှားရှိနေသလို စိတ်အာရုံမှာမြင်ယောင် ကြည်ညို သဒ္ဓါပွားလာပြီး ဗုဒ္ဓရဲ့ဓမ္မဒေသနာအဆုံးအမတွေကို ယုံကြည်လိုက်နာလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာတာနဲ့အမျှ လက်တွေ့ဘ၀မှာ လိုက်နာ ကျင့်သုံးလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်သည်သာ အနှစ်သာရ (Essence) အစစ်အမှန်ဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် ဗုဒ္ဓမြတ်စွာ ကို ဓမ္မပူဇာနဲ့ ပူဇော်ကြဖို့ပဲ ကိုလင်းရ'

'ဓမ္မပူဇာရဲ့ အဓိပ္ပာယ်လေးလည်း လင်းစမ်းပါဦး'

'ဓမ္မပူဇာဆိုတာက ဗုဒ္ဓရဲ့ ဓမ္မတရားတော်များနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းလို့ အဓိပ္ပာယ်ရတယ်ဗျ။ အဲ...ဗုဒ္ဓကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သင်္ကန်းစတဲ့ပစ္စည်းဝတ္ထု ဆက်ကပ်ပူဇော်ခြင်းကိုတော့ အာမိသပူဇာလို့ခေါ်သဗျ။ ဗုဒ္ဓရှင်တော်မြတ်ဘုရားကတော့ ငါဘုရားအား ဓမ္မပူဇာဖြင့် ပူဇော်ခြင်းသည်သာ မြတ်သောပူဇော်ခြင်းမည်၏လို့ ဟောကြားခဲ့ပါတယ်'

'ကိုဝင်းပြောမှ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရုပ်ပွားတော်များထုလုပ်ပူဇော်ခြင်းရဲ့ ရည်ရွယ်ချက်ကို ဘာသာ ခြားတွေနားလည်အောင် ရှင်းပြနိုင်တဲ့ အနီးစပ်ဆုံးဥပမာတစ်ခုကို သွားသတိရမိတယ်ဗျ'

'ဆိုစမ်းပါဦး ကိုလင်းရ'

'ဒီလိုလေဗျာ၊ ကျွန်တော်တို့ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို အစဉ်သတိရပြီး ဗိုလ်ချုပ်ရဲ့တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ကို အားကျဂုဏ်ယူအတုယူချင်လာအောင်၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို လိုက်နာပါ့မယ်လို့ သံန္နိဌာန်ပြုပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေ ထုလုပ်အလေးပြုကြတဲ့သဘောမျိုးပဲပေါ့၊ မဟုတ်ဘူးလား'

'သိပ်ဟုတ်တာပေါ့ ကိုလင်းရာ၊ ဒါနဲ့ခင်ဗျားက ဗိုလ်ချုပ်ကြေးရုပ်အကြောင်းပြောမှ ကျွန်တော်လည်း ကာတွန်းဆရာကြီးတစ်ဦးရေးဆွဲခဲ့တဲ့ အာဇာနည်နေ့ကာတွန်းလေးကို သတိရမိပြန်သဗျ'

'ဘယ်လိုများတုံး ကိုဝင်းရ'

"ကာတွန်းလေးက ဒီလိုဗျ၊ အာဇာနည်နေ့အထိမ်းအမှတ် ချီတက်အလေးပြုဖို့လာကြတဲ့လူအုပ်ကြီးကို ဦးဆောင်တဲ့လူကရှေ့ကနေ 'အာ ဇာနည် ခေါင်းဆောင်ကြီးများကို အလေး......ပြု'လို့လည်း အမိန့်ပေးလိုက်ရော လူအုပ်ကြီးက တညီတညွတ်တည်း အလေးပြုလိုက်ကြ တယ်ဗျ၊ အဲ....သတ်မှတ်တဲ့ မိနစ်ပိုင်းလည်းစေ့ရော ဦးဆောင်တဲ့လူက 'နေမြဲ'လို့ တစ်ခွန်းတည်း အမိန့်ပေးရမယ့်အစား သူက - 'နေမြဲ၊ စားမြဲ၊ခိုမြဲ၊ ကပ်မြဲ ခါတိုင်းလိုပဲ ဆက်လုပ်ကြ' ဆိုပြီးအမိန့်ပေးသွားပုံကို ရေးဆွဲထားတယ်လေ၊ စာသားအတိအကျတော့မဟုတ်ဘူးပေါ့ဗျာ၊ အဲဒီသဘောအတိုင်းပေါ့'

'ဟား....ဟား....ဟား ကာတွန်းဆရာကြီးက လူတွေရဲ့ လုပ်ရိုးလုပ်စဉ်လိုသဘောထားပြီး ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ စရိုက်ကို သရော်ထားတာပေါ့နော'

'မှန်တာပေါ့ ကိုလင်းရာ၊ အခုလည်း ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓရုပ်ပွားတော်ရှေ့ကိုသွား၊ ကိုယ်ရတတ်သမျှ ဘုရားရှိခိုး စာတွေတသီကြီး ရွတ်ဖတ်ပူဇော်ကန်တော့လို့လည်းပြီးရော အခုနကလိုပဲ နေမြဲ၊ ခိုးမြဲ၊ လိမ်မြဲ၊ကောက်မြဲ၊ သတ်မြဲ၊ ညစ်ပတ် မြဲဆိုရင်တော့ ဗုဒ္ဓရုပ်ပွားတော်တွေကို ၀တ်ပြုကိုးကွယ်ခြင်းဆိုတဲ့ အသွင်သဏ္ဌာန်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ဗုဒ္ဓရဲ့ဓမ္မဒေသနာ တော်တွေကို လက်တွေ့ ဘ၀မှာ လိုက်နာကျင့်သုံးခြင်းဆိုတဲ့ အနှစ်သာရ ပျောက်ကွယ်သွားတော့မှာပေါ့ဗျာ။ ကဲ....စကားကောင်းနေလိုက်ကြတာ အချိန်လည်း အတော်လင့်ပြီမို့ ပြန်ခွင့်ပြုပါဦး ကိုလင်းရေ'

'ကောင်းပါပြီဗျာ၊ နောက်တစ်ပတ်ကျ ပြန်ဆုံကြသေးတာပေါ့'

ဝင်းသိန်းဦး
(၁၃-၂-၉၁)
ဓမ္မရံသီ၊ ၁၉၉၁ခုနှစ်၊ ဧပြီလ။

Sex and Health

'Sex' အမည်ရှိ ဝေါဟာရသည် ၂၁ရာစုတွင် အလွန်ရေပန်းစားလာသည်ဟု ယူဆပါသည်။ Sex, Have Sex ဆိုသည်မှာ ဖိုနှင့်မ လိင်ဆက်ဆံရေးဖြစ်သည်။ ယင်းသည် ဖိုနှင့်မတို့ သွေးသားချင်းထိတွေ့မှု ခံစားမှုသက်သက် ဟုသာ မဟုတ်တော့ဘဲ Sex သည်လူသားတို့အတွက် အရေးပါ အရာရောက်သော ကိစ္စတစ်ခုအဖြစ် ကျယ်ကျယ် ပြန့်ပြန့် သိရှိလာကြပါသည်။ ဖိုနှင့်မတို့ လိင်ဆက်ဆံကြမှုသည် Reproduction ခေါ် လူသားမျိုးဆက် ပြန့်ပွားရေး လုပ်ငန်း သို့မဟုတ် ကလေးရရှိရေး ဦးတည်ချက်တစ်ခုတည်းအတွက်သာ မဟုတ်။ Sex of Love အချစ်နှင့် Sex သည်လည်းခွဲခြားမရတော့။ Sex for Power ယခင်က အယူအဆဟောင်းတစ်ခုအဖြစ် အားအင် ကြီးမားသော ယောက်ျားများက သူတို့၏မိန်းမတို့ကို အဖျော်ဖြေခံသာသာ သဘောထားပြီး အင်အားပြသည့် သဘော ဖြစ်သည်။ ထို့ပြင် Sex for money ငွေကြေးအတွက်၊ Sex for abuse/violence/psycho ယင်းတို့မှာ အလို မတူဘဲ အတင်း အဓမ္မကျူးလွန်မှု၊ စိတ်ဖောက်ပြန်မှု စသည်များဖြစ်သည်။ Sex for recreation/fun ကိုယ်စိတ်အပန်း ဖြေရန်၊ သာယာမှုရစေရန် Sex ကိုအသုံးချမှုဖြစ်သည်။

ပိုမိုကျယ်ပြန့်လာသည်မှာ Sex for health ဖြစ်သည်။ Sex ကြောင့် လူ၏ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်စေ ခြင်း၊ ကောင်းကျိုးပြုခြင်း စသည်များဖြစ်စေနိုင်သည်။ ထို့ကြောင့် Sexual Medicine, Sexual Therapy စသည်ဖြင့် နှင့်ပတ်သက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေါ်ထွန်းလာလျက်ရှိသည်။ ဖိုမ လိင်ဆက်ဆံမှုသည် သာမန် သဘာဝတစ်ခုသာမဟုတ်။ Biochemical Events အလွန်ရှုပ်ထွေး နက်နဲလှသော ဇီဝဓာတုဖြစ်စဉ်ဖြစ်ကြောင်း တွေ့ရှိလာရပါသည်။ ထိုဖြစ်စဉ်တွင် အောက်ပါ ဟော်မုန်း၊ ကိုယ်တွင်းအင်္ဂါ စသည်များပါဝင်သည်။

၁။ Central and Midbrain ဗဟိုဦးနှောက်နှင့် အလယ်ပိုင်းဦးနှောက်ရှိ အင်္ဂါအဖွဲ့အစည်းများ။
၂။ Brain Stem ဦးနှောက်အောက်ခြေ ပင်မအစိတ်အပိုင်း။
၃။ Pituitary Gland ပီကျူထရီဂလင်းမှ ဟော်မုန်းများထုတ်ပေးရသည်။
၎။ Heart and blood system နှလုံးနှင့် သွေးအဖွဲ့အစည်းများ။
၅။ Armpit ချိုင်းကြားနေရာ။
၆။ Adrenal Glands ကျောက်ကပ်တို့ရှိ အဒရီနယ်ဂလင်းများ။
၇။ Intestines အူလမ်းကြောင်းအဖွဲ့။
၈။ Ovaries မသားဥများ။
၉။ Testes ယောက်ျား၏ ဝှေးစေ့များ။
၁၀။ Dopamine ယင်းသည် Neurotransmitter ခေါ် အာရုံသယ်ပို့ ပစ္စည်းတစ်မျိုးဖြစ်ပြီး ဖိုမဆက်ဆံရန် ဆန္ဒဖြစ်မှု Desire တွင် အဓိကပါဝင်သည်။ လိင်စိတ်ဖြစ်ပေါ်မှုနှင့်အတူ ဒိုပါမင်းတို့ မြင့်တက်နေလေ့ရှိသည်။
၁၁။ Serotonin ယင်းသည်လည်း ဒိုပါမင်းကဲ့သို့ အာရုံသယ်ပို့ပစ္စည်းဖြစ်ပြီး Satisfaction ကျေနပ်အားရခြင်း၊ ဆက်ဆံ အပြီး အားရနှစ်သက်ခြင်းအပြင် စိတ်ဖြစ်ပေါ်မှု Desire ကိုပါအားပေးသည်။
၁၂။ Alpha Melanocyte Polypeptide အယ်လ်ဖာပေါ်လီပက် ပတိုက်ဟော်မုန်း။ ယင်းကို ပီကျူထရီဂလင်းမှ ထုတ်ပေးပြီး အာရုံသယ်ပို့ပစ္စည်းအဖြစ်ဆောင်ရွက်သည်။ လက်တွေ့ စမ်းသပ်မှုများတွင် အမျိုးသားအင်္ဂါတောင့် တင်းမှု Erection ဖြစ်ကြောင်းတွေ့ရသည်။
၁၃။ Oxytocin အောက်စီတိုစင်ဟော်မုန်း။ ယင်းကို ပီကျူထရီဂလင်း၊ မသားဥများ၊ အမျိုးသားတို့၏ ဝှေးစေ့များမှ ထုတ်ပေးပြီး မိခင်နို့ထွက်စေမှု၊ သားအိမ် ညှစ်စေမှုတို့အပြင် ဆီးခုံကြွက်သားများ လှုပ်ရှားမှုတို့ကို အထောက်အကူ ပြုသည်။

၁၄။ Testosterone တက်စတိုစတီးရုန်းဟော်မုန်းကို အမျိုးသားတို့၏ ဝှေးစေ့၊ မမျိုးဥတို့က ထုတ်လုပ်သည်။ ဦးနှောက်ကလည်း အနည်းငယ်ထုတ်ပေးသည်။ ထိုဟော်မုန်းသည် အမျိုးသမီးတို့တွင် အက်စ်ထရိုဂျင် (Oestrogen) ဟော်မုန်းအဖြစ် ပြောင်းသွားသည်။ အမျိုးသားတို့တွင် လိင်စိတ်ဖြစ်ပေါ်မှု Desire, ယောက်ျားစွမ်းအားနှင့် ကြံ့ခိုင်မှု Energy and Well-being တို့ကိုထောက်ကူသည်။ထိုဟော်မုန်းများစွာ လျော့နည်းပါက အမျိုးသားရော၊ အမျိုးသမီး မှာပါ လိင်စိတ်နည်းပါးမှု Low Libido ဖြစ်စေသည်။

၁၅။ Nitric Oxide နိုက်ထရစ်အောက်ဆိုက်၊ ယင်းသည် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး လိင်အင်္ဂါရှိ သွေးကြောများ ပိုမိုပွင့်ကားစေကာ သွေးစီးဆင်းမှု ပိုမိုများပြားလာစေသည်။ Viagra ဗီရာဂရာအမည်ရှိ ယောက်ျားလိင်အားဆေး တစ်မျိုးမှာ ခန္ဓာကိုယ်က မထုတ်ပေးသည့် ထိုဓာတုပစ္စည်းကို ဆေးဖြင့်ထုတ်ပေးခြင်း ဖြစ်သည်။

၁၆။ Vasoactive Intestinal Polypeptide ယင်းသည် ပရိုတင်းဓာတ်ဖြစ်ပြီး အစာလမ်းကြောင်းနှင့် ဦးနှောက် တို့တွင်တွေ့ရသည်။ နိုက်ထရစ်အောက်ဆိုက်ကဲ့သို့ အာနိသင်ရှိသည်။
၁၇။ Pheromones ဖာရိုမုန်းတို့က လိင်စိတ်ဆွဲဆောင်စေသည့် ရနံ့ဓာတုပစ္စည်းဖြစ်သည်။ ယင်းကို ချိုင်းကြား (armpit) တို့တွင် ထုတ်လုပ်သည်။ Sexually Stimulated Signals ဖိုမတို့ကို နှစ်သက်မှု အပြန်အလှန်ဖြစ်စေရန် နှိုးဆွအချက်ပေးသည်။ ထိုစနစ်သည် တိရစ္ဆာန်တို့တွင် ကောင်းစွာဖွံ့ဖြိုးသည်။

၁၈။ Epinephrine/ Norepinephrine အက်ပီနက်ဖရင်း၊ နော်အက်ပီနက်ဖရင်း အာရုံသယ်ပို့ပစ္စည်းတို့ကို အဒရီနယ် ကလင်းများမှ ထုတ်ပေးပြီး ဆက်ဆံရာတွင် စိတ်တက်ကြွမှု Arougal နှင့် ပြင်းပြမှု (Orgasm) တို့တွင် အဓိကပါဝင် သည်။ နှလုံးခုန်မြန်စေခြင်း၊ သွေးပေါင်ချိန်မြင့်တက်စေခြင်းတို့ကိုလည်း ဖြစ်စေသည်။

၁၉။ Oestrogen အက်စထရိုဟော်မုန်းကို မဟော်မုန်းအဖြစ် လူသိများပြီး သားဥကြွေခြင်း Ovulation ပုံမှန်စေခြင်း၊ making woman အမျိုးသမီးပုံစံ ပီပြင်စေခြင်းတို့အပြင် အမျိုးသားတို့တွင် ဒိုပါမင်းဓာတ်ထုတ်လုပ်ရန် လှုံ့ဆော်ပေး သည့် မသားဥနှင့် ဦးနှောက်တို့က ထုတ်လုပ်ပေးပါသည်။

အဆိုပါ Biochemical Events များအရ လူ့ခန္ဓာကိုယ်အင်္ဂါများဖြစ်သော နှလုံး၊အဆုတ်များ၊ ကြွက်သားများသာမက အထက်ပါ အချက်များကလည်း သူ့နေရာနှင့်သူ အံဝင်ခွင်ကျပါဝင်ရကြောင်းသိရသည်။ ထို့ကြောင့်ပင် Sex သည် Exercise တစ်မျိုးကဲ့သို့ လူ့ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရသည်။ 'The Latest Wonder Drug' နောက်ဆုံးပေါ် အံ့ဖွယ်ဆေးတစ်ပါးဟုပင် ကင်ပွန်းတပ်ပါသည်။
'အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တယ်။ သွေးစီးဆင်းလှည့်ပတ်မှုကို ကောင်းစေတယ်။ နာကျင်ကိုက်ခဲမှုကို သက် သာစေတယ်။ ကြွက်သားတွေကို သန်မာစေတယ်။ စိတ်ကျမှုကို တန်ပြန်တိုက်ခိုက်တယ်။ လူကိုနုပျိုစေတယ်။ အား ကစားပစ္စည်းတစ်ခုခု သုံးရန်မလိုဘဲ အခမဲ့ ကိုယ်ပိုင်သုံးစွဲနိုင်တဲ့ လှုပ်ရှားမှုကိုပြောပါ'
အဖြေမှာ Sex ပင်ဖြစ်သည်ဟု ဆိုပါသည်။ စိတ်ပညာရှင်တစ်ဦးဖြစ်သူ Kristina Towill က Sex ဟာအမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ စိတ်ဆေး၊ စိတ်နိုးကြားမှုတွေကို ကောင်းမွန်စေရုံသာမက လေ့လာမှုများအရ ဖိုမဆက်ဆံမှု အဆင် ပြေတဲ့ စုံတွဲတွေဟာ ပျော်ရွှင်ကြည်နူးမှုရကြတယ်။ ကျန်းမာရေးကောင်းကြတာတွေ့ရပါတယ်ဟု ပြောကြားပါသည်။

မိနစ် ၂၀ လှုပ်ရှားမှု
Urologist Whit Training in Sexual Medicine for men, women and couples လိင်ဆိုင်ရာ ကျန်းမာရေးနှင့် ဆီးလမ်းကြောင်းဆရာဝန် Dr.Jay Fee က 'ယောက်ျားတစ်ယောက် အဲဒီအချိန်မှာသုံးတဲ့ စွမ်းအားဟာ ဂေါက်သီး တစ်ပွဲစာ ကစားတာနဲ့တူတယ်' ဟုပြောပါသည်။ အမျိုးသမီးတို့အတွက်မူ ၆၆ကီလိုအလေးချိန်ရှိသည့် အမျိုးသမီး တစ်ဦးအတွက် မိနစ် ၂၀မျှ ပုံမှန်ဆက်ဆံမှုသည် အဆီဓာတ် ၀ ဒဿမ ၄ ကီလိုဂျိုးလ်မျှ လောင်ကျွမ်း စေသည်။ ယင်းသည် ၂၀မိနစ်ကျော် လမ်းလျှောက်ခြင်း သို့မဟုတ် အပျော်စက်ဘီးစီးခြင်းထက်ပင် ပိုသေးသည်။ တင်းနစ် နှစ်ကြိမ် ကစားသည်ထက်ပင်လည်း ပိုသည်ဟုဆိုပါသည်။ အခြားအားကစားခြင်းများကဲ့သို့ အသက်ရှူနှုန်း မြန်စေခြင်း၊ ကြွက်သားများ သန်မာစေခြင်း၊ သွေးလှည့်ပတ်မှုကောင်း စေခြင်းတို့အပြင် ကိုလက်စထရော အဆီဓာတ်အခြေအနေကောင်းစေကြောင်းလည်း သိရသည်။

ပါရဂူတစ်ဦးဖြစ်သော Dr. Richard Casey က 'Journal of Sexual and Reproductive Medicine' တွင် ပုံမှန် ဆက်ဆံမှုရှိသည်ဟု ရေးသားထားပါသည်။ ဝေလနယ်တွင် အသက်၄၅ မှ ၅၉နှစ်ကြား အမျိုးသား၉၀၀ခန့်ကို ၁၀နှစ် ကြာလေ့လာခဲ့ရာ ရက်သတ္တပတ်တစ်ပတ်လျှင် နှစ်ကြိမ်နှင့်အထက် တက်ကြွစွာ ဆက်ဆံနိုင်သူတို့သည် ထို့ထက်နည်း သူတို့ထက် နှလုံးနှင့် အခြားရောဂါတို့ကြောင့် သေဆုံးရမှုတွင် နှစ်ဆမျှ လျော့နည်းကြောင်းတွေ့ရသည်။

ခေါင်းကိုက်ရောဂါ သက်သာစေခြင်း
အီလီနွိုက်စ်တက္ကသိုလ် လေ့လာမှုအရ လူ၅၈ဦးကို လေ့လာရာ Migraine မီဂရိန်းခေါ် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားနေရသူတို့သည် တက်ကြွသောဆက်ဆံမှုကြောင့် ရောဂါလုံးဝ သို့မဟုတ် တစ်ချို့တစ်ဝက် သက်သာပျောက်ကင်း ကြောင်းတွေ့ရသည်။ အခြားလေ့လာမှုများအရ မီးယပ်ကိုက်ခဲခြင်း၊ အဆစ်အမျက်ကိုက်ခဲခြင်းတို့ကိုလည်း သက်သာ စေကြောင်းတွေ့ရသည်။ Sex ကြောင့် ဦးနှောက်အတွင်း အင်ဒေါဖင် Endrophn ဓာတ်ထွက်လာသည်။ ယင်းသည် နာကျင်မှုကို တားဆီးသည့်အပြင် Migraine ရောဂါကြောင့် ကျယ်နေသော သွေးကြောများကို ရှုံ့ပေးလိုက်သဖြင့် ယင်း သို့ဖြစ်နိုင်ကြောင်း ယူဆကြသည်။အင်ဒိုဖင်များမြင့်တက်နေမှုသည် တစ်နာရီမှ သုံးနာရီကြာသည်ဟု လည်းသိရ သည်။

စိတ်ကြည်လင်လန်းဆန်းစေခြင်း
မိမိချစ်ခင်နှစ်သက်သူနှင့် ဆက်ဆံရခြင်းသည် စိတ်ကိုကြည်လင်လန်းဆန်းစေကြောင်း သိရသည်။ Sex therapist တစ်ဦးဖြစ်သူ Sue McGarvie ကထိုအချက်ကို ကောင်းစွာထောက်ခံဆွေးနွေးပါသည်။ ထို့ပြင် တစ်နေ့တာ ပင်ပင်ပန်း ပန်း အလုပ်လုပ်နေရသူတို့မှာ မိမိအိမ်ထောင်နှင့် ဆက်ဆံရမှုသည် သောကဖိစီးမှု၊ ပင်ပန်းမှုများကိုလည်း ပြေပျောက် စေသည်ဟု သိရပါသည်။

ဟော်မုန်းများကို ညီမျှစေခြင်း
အမေရိကန်နိုင်ငံတွင် လေ့လာမှုများအရ ရက်သတ္တပတ်တစ်ပတ်လျှင် ပုံမှန်အနည်းဆုံးတစ်ကြိမ် ဆက်ဆံသော အမျိုးသမီးတို့မှာ မီးယပ်သွေးမှန်ခြင်း၊ သားသမီးမြုံမှုနည်းပါးခြင်း၊ သွေးဆုံးချိန်အန္တရာယ်ကိုကောင်းစွာ ကျော်ဖြတ် နိုင်ခြင်းများ တွေ့ရသည်။

ကိုယ်ဝန်မဆောင်မီ တစ်နှစ် သို့မဟုတ် လများစွာ ကောင်းစွာဆက်ဆံနိုင်ပါက အန္တရာယ်ကင်းသော သန္ဓေတည်မှုကို ရရှိနိုင်သည်။ သြစတြေးလျနိုင်ငံ University of Adelaide တက္ကသိုလ်မှ ၂၀၀၂ခုနှစ် လေ့လာမှုအရ အမျိုးသမီးတို့၏ သဘာဝကိုယ်ခံအားစနစ်များကို ကြံ့ခိုင်စေသဖြင့် သားလျှောခြင်း၊ ကလေးအသေမွေးခြင်းတို့မှ ကင်းဝေးစေသည်ကိ လည်း တွေ့ရသည်။ Guadeloupe တွင် အမျိုးသမီး ၁၀၀၀ကျော်ကို လေ့လာမှုအရမူ ကိုယ်ဝန်မဆောင်မီ လေးလ အတွင်း ဆက်ဆံမှုများသည် ကိုယ်ဝန်အဆိပ်တက်ခြင်း၊ သွေးတိုးခြင်းများ ဖြစ်နိုင်ခြေ ခုနှစ်ဆမျှ ပိုများတတ်သည်ကို တွေ့ရသည်။ တစ်နှစ်အတွင်း ဆက်ဆံခဲ့သူတို့နှင့် နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။

နုပျိုစေခြင်း
စိတ်ပညာရှင် Towill က 'ပုံမှန်ဆက်ဆံသူတို့ဟာ အမျိုးသမီးဆိုင်ရာ ဇရာပိုင်းရုပ်သွင်ပြောင်းလဲမှုတွေကို တုံ့ပြန်နိုင် တာ၊ နှေးကွေးစေတာ တွေ့ရပါတယ်'ဟု ပြောပါသည်။ လိင်အင်္ဂါပိုင်းများဆီသို့ သွေးလှည့်ပတ်မှုကောင်းခြင်း သည် တစ်သျှူးများ ရှုံ့တွခြောက်သွေ့ခြင်းမှ ကာကွယ်ပေးသည်။ စကော့တလန်တွင် လေ့လာမှုတစ်ခုအရ တစ်ပတ် လျှင် သုံးကြိမ်အနည်းဆုံး ဆက်ဆံသူတို့သည် မူလအသက်အရွယ်ထက် ၁၂နှစ်ခန့် နုပျိုနေသည်ဟု သိရပါသည်။ ၂၀၀၃ ခုနှစ်က University of Calgary မှလေ့လာမှုအရ ဦးနှောက်အတွင်းရှိ ဆဲလ် အသစ်များဖြစ်ပေါ်မှုကို အားပေး သည်ဟု တွေ့ရသည်။ ယင်းသည် ကြွက်များမှာ တွေ့ရခြင်းဖြစ်သော်လည်း လူတို့ မှာလည်း ဦးနှောက်ပျက်စီးသော ရောဂါများ ဖြစ်သည့် လေဖြတ်ခြင်း၊ သွက်ချာပါဒ ပါကင်ဆန်ရောဂါနှင့် အယ်လ် ဇိုင်းမား ရောဂါတို့နှင့်လည်း ဆက်နွယ် မည်ဟု ယူဆပါသည်။

အထိရောက်ဆုံးရင်းနှီးမှု
Sex ဟာ ဖိုနဲ့မကို ကောင်းကောင်းရင်းနှီးစေတဲ့ Glue ကော်တစ်မျိုးလိုပါပဲ။ Sex မရှိတဲ့ စုံတွဲတွေဟာ စိတ်ချင်းပါ ရင်းနှီးမှုလျော့နည်းလာတယ်။' ကြာတော့ လင်မယားဆိုတာထက် မိတ်ဆွေလို၊ သွေးချင်းလိုသာ ထင်လာတော့ တယ်'ဟု ဒေါက်တာ Towill ကပြောပါသည်။

Sex Therapist လိင်ဘက်ဆိုင်ရာရောဂါကုသမှုပညာရှင် Sue McGarvie က 'ဆက်ဆံမှုကို သုံးလလောက်မရှိတဲ့ စုံတွဲတွေမှာ အိမ်ထောင်ရေးပြဿနာတွေ ရင်ဆိုင်လာရတာ တွေ့ရပါတယ်' ဟုလည်းပြောပါသည်။

Sex ဖိုမဆက်ဆံမှုနှင့် ပတ်သက်၍ ကျွန်တော်တို့နိုင်ငံ အပါအ၀င် နိုင်ငံအတော်များများမှာ ရှက်စရာ၊ စက်ဆုပ်စရာ အဖြစ်ရှိနေဆဲ ဖြစ်ပါသည်။ မပွင့်လင်းမှု၊ Sex နှင့်ပတ်သက်သော သိပ္ပံဆိုင်ရာအချက်အလက်များကို ယခုကဲ့သို့ မသိ ရှိကြရခြင်းက ကျန်းမာရေး၊ လူမှုရေး အစစထိခိုက်စေနိုင်ပါသည်။ Sex Education အဖြစ် သိသင့်သိထိုက်သည်များကို ကျောင်းသင်ခန်းစာများမှာရော၊ ပညာပေးမှုများပါ လုပ်နေကြသည်ကိုလည်း တွေ့နိုင်ပါသည်။ အမှန်မှာ Sex သည် သဘာဝတစ်ခု၊ ထို့ထက်ပို၍ သိပ္ပံပညာဆိုင်ရာ ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသဖြင့် ကျန်းမာရေး၊ သက်ရှည်ကျန်းမာရေးများမှာလည်း တစ်ခန်းတစ်ကဏ္ဍပါဝင်လာသည်ကို သိစေလိုပါသည်။

Ref: ဆရာဝန်မင်းသိုက် – Sex နှင့် ကျန်းမာရေး ဆောင်းပါးမှ (Health for All magazines No.20, Sept. 2008)
You can also read at http://sinmyanmarguy.socialgo.com

ပီပီပြင်ပြင်ပြုံး

မျက်နှာပြင် လှုပ်ရှားမှုသွင်ပြင်ကို အဓိကပုံဖော်နေသည်မှာ ပါးစပ်ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးကြားကို ဆက်သွယ် ပြောဆိုနေခြင်းအား ဆောင်ရွက်နေသကဲ့သို့ လူကိုယ်ခန္ဓာအတွင်းသို့ အဟာရဓာတ်များကို ပါးစပ်မှတဆင့်ပို့ဆောင် ပေးနေသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုဖြစ်သည့် ငိုခြင်း၊ရယ်ခြင်း၊ပြုံးခြင်းတို့ကိုလည်း သရုပ်ဖော်ပေးနေသည်။ ထို့ကြောင့် ပါးစပ်သည် မျက်နှာအလှ၏ ၇၀ရာခိုင်နှုန်းလောက်ကို ပံ့ပိုးပေးပါသည်။

သို့ရာတွင် လူတိုင်းလိုလိုသည် မျက်နှာအလှကိုသာရှေ့တန်းတင်ပြင်ဆင်ကြပြီး ပါးစပ်အလှကိုမူဂရုစိုက်မှုနည်းပါးကြ သည်။ အမှန်တကယ်ပြီးပြည့်စုံသည့် မျက်နှာအလှတွင် ပါးစပ်အတွင်းမှ သွားများကျန်းမာလှပစေရန်လိုအပ်သည်။ သွားများ၏ ဖွဲ့စည်းမှုပုံစံအမျိုးအစား၊ အရောင်ဖြူဖွေးနေခြင်း၊ ဘယ်နှင့်ညာ အချိုးအစားလိုက်လျောညီထွေခြင်း၊ ဆိုဒ်(အရှည်၊အတို၊အကြီး၊အသေး) မျှတခြင်း၊ အပေါ်သွားနှင့် အောက်သွားထိတွေ့မှုညီမျှခြင်း၊ ပါးစပ်ပေါက်နှင့် သွားအရွယ်၊ မျက်နှာအရွယ် အချိုးညီမျှခြင်းတို့သည် သွားအလှကို ဖော်ပြခြင်းဖြစ်သည်။မွေးရာပါကြောင့်ဖြစ်စေ၊ ငယ်သွားကို ဂရုမစိုက်၍ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် သွားအလှချို့ယွင်းသွားနိုင်သည်။ ၄င်းချို့ယွင်းချက် အကြောင်းရင်းကို သိလျှင်ပြုပြင်ယူနိုင်သည်။ အချို့သောသူများက ပြင်၍မရတော့ဟုထင်နေကြသည်။ ရနိုင်ပါသည်။ ပြင်းပြသော စိတ်ဆန္ဒနှင့် သွားဆေးခန်းသို့သာ သွားရန်လိုအပ်သည်။

သွားမလှစေသောအချက်များ
- ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်း၊
- ခဲတံ၊ကလစ် စသည်ကဲ့သို့ ပစ္စည်းများထည့်ကိုက်တတ်ခြင်း၊
- မာကျောသော အစားအစာများကိုစားခြင်း၊
- နှုတ်ခမ်းကိုက်ခြင်းနှင့် ပါးဆောင်ကိုက်သည့် အလေ့အကျင့်ရှိခြင်း၊
- လျှာထိုးခြင်း၊ လက်မစုပ်တတ်ခြင်း၊

သင့်သွားဘာဖြစ်နေလဲ ရှေ့သွားပိုးစားနေသလား?
ရှေ့သွားများပေါက်သည့် (၇)နှစ်နှစ်အရွယ်နောက်ပိုင်းတွင် အချိုမုန့်များစားသုံးသည့်အလေ့အကျင့်ကြောင့်ဖြစ်ခြင်း၊ သွားဖွဲ့စည်းမှုအားနည်းခြင်း၊ သွားနှင့်ပတ်သက်၍ ဗဟုသုတနည်းပါးခြင်းကြောင့် အစာများဝင်၍ ပိုးစားဆွေးမြည့်ခြင်း ဖြစ်သည်။

ဘယ်လိုပြုပြင်မလဲ
- ရှေ့သွားများ ပိုးစားသည်ဟုသိလျှင် သွားဖာခြင်းကိုပြုလုပ်ရမည်။
- သွားပိုးစားခြင်း (သို့) သွားဆွေးခြင်းကို ကုသမှုနောက်ကျခဲ့လျှင်ဖာထေး၍မရပါ။
- သွားပိုးစားခြင်းများစွာဖြစ်လျှင် သွားမျက်နှာပြင်ပေါ်တွင် သွားအသစ်စိုက်ပါ။
- မိမိသွားနှင့် နီးစပ်သော အရောင်တူသွားတုကို ဖာထေးအသုံးပြုပါ။

ရှေ့သွားတစ်ချောင်းက ပိုကြီးနေလား?
- မှန်ကြည့်လျှင် သိသာပါသည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေတတ်ပါသည်။

ဘယ်လိုပြုပြင်မလဲ
သွားအချိုးအစားကို ညီညာမှုရှိစေရန် ရောင်ခြည်ဖြင့်သွားတုပစ္စည်း (ဖာထေးသည့် အမျိုးအစား)ကို သွားအရောင် အတိုင်း ပြန်လည်ပြုပြင်နိုင်သည်။

ရှေ့သွားနှစ်ချောင်းက ပိုရှည်နေတာလား
ပုံမှန်ရှိသင့်သော သွားများထက် ၄င်းသွား(၂)ချောင်းက ပိုရှည်နေသည်။ ပေါက်နေခြင်းလည်း ဖြစ်နိုင်သည်။

ဘယ်လိုပြုပြင်မလဲ
ရှည်နေသောသွားကို တိုနိုင်သည်။ သို့မဟုတ် ဘေးသွားကိုရှည်အောင်ပြုပြင်ယူနိုင်သည်။ အောက်တွင်ရှိသော သွားများ၏ အခြေအနေနှင့် လည်းသက်ဆိုင်သည်။

သွားကျဲနေတာလား
သွား၏ အရွယ်အစားနှင့် မေးရိုးအရွယ်အစားကွာခြားနေမှုကြောင့်လည်း ကျဲနိုင်သည်။ သွားမပေါက်သည့် သွားနေရာ ရှိခြင်း၊ နှုတ်ထားသောသွားရှိနေခြင်းကြောင့် သွားကျဲနိုင်ပါသည်။

ဘယ်လိုပြုပြင်မလဲ
- သွားညှိပညာရပ်ဖြင့် အသေနည်းနှင့်ဖြစ်စေ၊ အရှင်နည်းနှင့်ဖြစ်စေသွားများကို ရွှေ့ပြောင်းယူ၍ စေ့အောင်ပြု လုပ်နိုင်သည်။
- သွားကိုစွပ်၍ အလှဆင်နိုင်သည်။ အသေစိုက်ခြင်းဟုသိကြသည်။

ရှေ့သွားတစ်ချောင်းတည်းကွက်ပြီး မည်းနေလား?
ပုံမှန်သွားများဖြူခြင်း၊ ၀ါခြင်း၊ ဖြူဝါခြင်းရှိနေရာမှ တစ်ချောင်းသောသွားသည် မည်းနေတတ်သည်။ မည်းနေရသော အကြောင်းမှာ သွား၏အတွင်းပိုင်းရှိ အသက်ရှိသော အာရုံကြော၊ သွေးကြောများ ထိခိုက်မိ၍ဖြစ်စေ၊ ပျက်စီးသေဆုံး သွား၍ဖြစ်စေ၊ ပုပ်သိုးပြည်တည်၍ဖြစ်စေ ဖြစ်တတ်သည်။

ဘယ်လိုပြုပြင်မလဲ
- သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ကိုပြသ၍လိုအပ်သည့် စစ်ဆေးကုသမှုများခံယူပါ။
- အကြောထုတ်ကုသခြင်းများ၊ တိုက်ရိုက်သွားစိုက်ခြင်းများ၊ အရောင်တူသွားပြန်လည်ပြုပြင်ခြင်းများ၊ ကြွေသွားအစားထိုးစိုက်မှုများ ပြုလုပ်နိုင်သည်။

လည်းသည်းနှင့် ထိုးကြည့်လျှင် ကျဉ်နေလား ချိုင့်ဝှမ်းရှိနေလား?
သွားနှင့်သွားဖုံးနားဝန်းကျင်တွင် ဗီပုံသဏ္ဍာန်အမြှောင့်သည် လူတော်တော်များများတွင် ရှိကြသည်။ လက်သည်းနှင့် စမ်းကြည့်လျှင် ကျဉ်သကဲ့သို့ခံစားရသည်။ နည်းစနစ်မှန် သွားတိုက်နည်းမသုံးခြင်း၊ သွားတိုက်ဆေးများ ကြမ်းတမ်း ခြင်း(မီးသွေးခဲ၊ ဆားခဲ) တို့ကြောင့် သွားမျက်နှာပြင်နိမ့်ဆင်းလာသည်။

ဘယ်လိုပြုပြင်မလဲ
- စောစောကုသပါ၊
- ကုသမှုနောက်ကျလျှင် သွား၏ ပတ်လည်ပြတ်ထွက်ခြင်း၊ သွားအတွင်းပိုင်းလွှာသို့ ရောဂါဝင်ခြင်းဖြစ်နိုင် သည်။ - အရောင်တူသွားဖာပစ္စည်းများဖြင့် ပြန်လည်ဖာထေးအသုံးပြုနိုင်သည်။

သွားဆရာဝန်ဆီသွားရမည့်သူများ
- သွားမျက်နှာပြင်တွင် အပေါက်ရှိသူများ - သွားဖုံးမှ သွေးထွက်နေသူများ
- ငယ်သွားလဲချိန်ရောက်နေသူများ - သွားနှုတ်ထားသူများ - အကြောနှုတ်ထားသော သွားရှိသူများ - မျက်နှာရောင်နေသူများ - ပါးစပ်ဟ၍မရသူများ
- လျှာပေါ်တွင် အဖြူကွက်ရှိနေသူများ
သွားနှုတ်ရသည့်အခါ နှုတ်ရလွယ်ကူမှုနှင့် ခက်ခဲမှုဟူ၍ရှိသဖြင့် နှိုင်းယှဉ်ကြည့်နိုင်စေရန် ဖော်ပြလိုက်ပါသည်။

သွားရောဂါများကုသရာတွင် လွယ်ကူသောအခြေအနေများနှင့် ခက်ခဲသောအခြေအနေများ
လွယ်ကူမှု
- အသက်ငယ်သူ
– အမျိုးသမီး
- အရိုးမမြုပ်ခြင်း၊ သွားသေးခြင်း၊အမြစ်တစ်ချောင်းတည်းရှိခြင်း
- အာရုံကြောနှင့် ဝေးနေခြင်း

ခက်ခဲမှု
- အသက်ကြီးသူ (၃၀)နှစ်အထက် – အမျိုးသား - အဆုံးမြုပ်နေခြင်း၊
- သွားကြီးခြင်း - အမြစ်များခြင်း၊ ကောက်ခြင်း - အာရုံကြောနှင့် နီးနေခြင်း

သွားတိုက်နည်း မှန်မှန်လေးမျိုး
ပါးစပ်သည် အစားအစာအားလုံးကို လက်ခံရာဂိတ်ပေါက်တစ်ခုဖြစ်သည်။ အစာများအားလုံးကို ပါးစပ်အတွင်းကြိတ်ဝါး ပြီးမှ အစာအိမ်တွင်းသို့ရောက်ရှိပေသည်။ သွားများကြားတွင် အစာဟောင်းများကျန်ခဲ့လျှင် သွားများပျက်စီးတတ် သည်။ သွားများမပျက်စီး၊ မဆုံးရှုံးရလေအောင် သွားမျက်နှာပြင်များကို သန့်စင်ပေးရန် အထူးလိုအပ်သည်။ အရသာ ရှိသော ကျန်းမာရေးအတွက် လိုအပ်သော အစားအစာများကို စိတ်တိုင်းကျစားသုံးနိုင်ရန် သွားများကို အမြဲထိန်းသိမ်း ပေးရမည်ဖြစ်သည်။ သွားများကို နည်းစနစ်မှန်မှန် သွားတိုက်ပေးခြင်းသည် သွားများကိုထိန်းသိမ်းခြင်းပင်ဖြစ်သည်။

သွားတိုက်နည်းစနစ်မမှန်ကန်ပါက အကြိမ်များများသွားတိုက်သော်လည်း မသန့်စင်နိုင်ပါ။
သွားတိုက်မည်ဟုဆိုသည်နှင့် သွား၏အစိတ်အပိုင်းကို ဘယ်၊ညာ၊အပေါ်၊အောက် ဟူ၍ (၄)ပိုင်းခွဲ၍ အပိုင်း(၁)ပိုင်းစီကို လုံးဝသန့်စင်ပြီးမှ အခြားအပိုင်းများကို ပြောင်း၍သွားတိုက်ရမည်။ ဘယ်နည်းနည်း၊ ညာများများတိုက်၍ သွားသန့်စင်မှု မရနိုင်ပါ။ သွားတိုက်တံကိုသွားပေါက်သည့်လမ်းအတိုင်း ဦးတည်၍ ပွတ်တိုက်ပေးရသည်။ ပါးဘက်အခြမ်းပြီးလျှင် လျှာဘက်အခြမ်းကိုတိုက်ရသည်။ ပြီးလျှင် ၀ါးသောမျက်နှာပြင်ကိုတိုက်ပေးရသည်။ တစ်ခြမ်းပြီးလျှင် တခြားအခြမ်း များကို ၄င်းနည်းအတိုင်း ရွှေ့ပြောင်းတိုက်ပေးရမည်။

'သွားတိုက်ပါ။ သွားတိုက်ပါ'ဟုဆိုလျှင် သွားများကိုသာ ဦးစားပေးတိုက်ကြသူများရှိသည်။ သွားကိုဝန်းရံထားသည်မှာ သွားဖုံးနှင့် အရိုးများဖြစ်သည်။ ၀န်းကျင်တစ်သျှူးများသွေးလည်ပတ်မှုကောင်းမွန်ရန်အတွက် သွားဖုံးများပါတိုက်ပေးရ မည်။ သွားဖုံးသားများကောင်းမှ သွားဖုံးရောဂါကင်းဝေးနိုင်မည်။

သတိပြုရန်
- သွားမျက်နှာပြင်အားလုံး သိသိသာသာသန့်စင်ရှင်းလင်းပေးပါ။ သွားတိုက်လျှင် ခုံးနေသောသွားမျက်နှာပြင် သည် သန့်စင်ရလွယ်ကူသော်လည်း သွားကြားများသည် သန့်စင်ရန်ခက်ခဲသည်။ ထို့သို့ဖြစ်နေသူများသည် သာမန် သွားပေါက်သူထက်ပို၍ သတိထားတိုက်သင့်သည်။
- သွားတိုက်တံအမျှင်တန်းများသည် သွားဖုံးသားကို မထိခိုက်စေရ၊ သွားတိုက်နည်းစနစ်ချို့ယွင်းမှုကြောင့် သွားဖုံးသားနိမ့်ဆင်းခြင်း၊ အနာတရဖြစ်ခြင်းဖြစ်တတ်သည်။
- အသုံးပြုပြီးသော သွားတိုက်တံကို ပြန်လည်ဆေးကြောပေးပါ။ ပြီးလျှင် ခြောက်သွေ့အောင်ထားပါ။ စိုစွတ်သောသွားတိုက်တံသည် ပိုးဝင်တတ်သည်။
- သွားတိုက်တံနှင့် တိုက်သည့်အခါ ဖိအားလိုသည်ထက် ပို၍ဖိမသုံးရ။

သွားနှင့်ပတ်သက်ပြီး ဒါတွေဖြစ်တတ်တယ်
ပါးစပ်နံခြင်း
အသက်အန္တရာယ်ပေးလာနိုင်သည့် ရောဂါမဟုတ်သော်လည်း လူမှုဆက်ဆံရေးနယ်ပယ်တွင် ယုံကြည်အားကိုးမှုနှင့် ပွင့်လင်းစွာဆက်ဆံမှုပေါ်တွင် ထိခိုက်စေနိုင်သည်။

ပါးစပ်နံတတ်သူများသည် မိမိပါးစပ်မှ အနံ့ကိုအခြားသူများမရစေရန် လက်ကာ၍ဖြစ်စေ၊ လက်ကိုင်ပုဝါဖြင့်ကာ၍ ဖြစ်စေ စကားပြောဆိုကြသည်။ ဒီလိုကာကွယ်ခြင်းဟာ ခဏတာကာကွယ်ခြင်းသာဖြစ်ပြီး အဓိကဖြစ်သော သွားနှင့် ခံတွင်းပြဿနာကို အဖြေရှာကြည့်ဖို့လိုအပ်သည်။ မိမိစိတ်မှာ မလုံခြုံသလို ခံစားရပြီး အခြားသူရဲ့စိတ်၌လည်း အနှောင့်အယှက်ဖြစ်စေသည်။

အကြောင်းရင်း
ဆေးလိပ်သောက်ခြင်းကြောင့် သွား၊လျှာ၊ပါးစောင်နှင့် အခြားအစိတ်အပိုင်းတွေမှ ထိခိုက်စေပြီး ပါးစပ်အတွင်းရှိ အမြှေး ပါးကို ခြောက်သွေ့စေသည်။ တံတွေးခြောက်လာခြင်းကြောင့် ဘက်တီးရီးယားကြီးထွားလာမှု အားပေးကာ အနံ့ဆိုး များထွက်ရခြင်းဖြစ်သည်။တံတွေးနည်းခြင်းဟာ အနံ့ထန်းချုပ်ခြင်း စနစ်၏ အဓိကဖြစ်သည်။ အိပ်နေသော အချိန်တွင် တံတွေးထွက်နည်းသည်။ ထို့ကြောင့် အိပ်ရာမှ ထလာချိန်တွင် ခံတွင်းမှ အနံ့ကိုရှူလျှင် စူးရှပြီး မနှစ်မြို့ဖွယ် ခံစား ရမည်။

စကားများများပြောတတ်တဲ့သူတွေမှာ ပါးစပ်နံခြင်းသည် တံတွေးထွက်နည်းခြင်းကြောင့်ဖြစ်သည်။ များများပြောရ၍ အာခြောက်လာသည်။ ပါးစပ်တွင် စိုစွတ်မှုနည်းပါးလာပြီး ဘက်တီးရီးယားပွားရန်အခွင့်ရလာသည်။ စိတ်ပိုင်းဆိုင်ရာ သောက ရောက်နေသောအချိန်တွင်လည်း အာခြောက်ပြီး အနံ့ဆိုးလာတတ်သည်။ ပါးစပ်ထဲတွင် အစားအသောက် မျိုးစုံကို လျှာအရသာခံစားပြီး ကြာကြာထားလျှင်လည်း လျှာပေါ်ရှိ အရိအရွဲများမှ အနံ့ဆိုးများထွက်လာတတ်ကြသည်။
(ပါးစပ်နံခြင်းရှိ မရှိ အကောင်းဆုံးစမ်းသပ်နိုင်မည့်နည်းလမ်းမှာ မိမိနှင့် ရင်းနှီးပွင့်လင်းစွာ စကားပြောတတ်သူ အပေါင်း အသင်းအား စကားပြောပြီး ပါးစပ်မှအနံ့ရှိ၊ မရှိမေးလိုက်ပါ။)

သွားပိုးစားပေါက်များရှိလျှင် သွားကြားညှပ်ခြင်းများဖြစ်ပြီး စားကြွင်းစားကျန်များကလည်း ပါးစပ်ပေါက်တွင်းခိုအောင်း နေတတ်ကြသည်။ ထိုမှတဆင့် ပါးစပ်အတွင်း မကောင်းသော အနံ့များထွက်လာတော့သည်။

ကာကွယ်ပါ
- ရေများများသောက်ပါ။ အိပ်ရာမ၀င်မီသွားတိုက်ပါ။ ပလုတ်ကျင်းဆေးရည်နှင့်ကျင်းပေးပါ။ - ဆေးလိပ်ဖြတ်ပါ။ - အရက်သောက်ခြင်းကိုရှောင်ပါ။
- ခေါင်းအုံးမပါဘဲ ပက်လက်အိပ်ခြင်းကို ရှောင်ရမည်။
- လျှာကို လျှာခြစ်တံဖြင့် သွားတိုက်ပြီးချိန် တိုက်ခြစ်ပေးပါ။

ရစီးကမ်းပြိုရောဂါ
သွားကိုသွားဖုံးများက ပတ်လည်ပုံစံဝန်းရံထားသည်။ ၀န်းရံထားသောသွားဖုံးသည် ရောဂါဝင်လာလျှင် သွားဖုံးများ အမြစ်အောက်သို့နိမ့်ဆင်းလာသည်။ သွားဖုံးများ နိမ့်ဆင်းလာလျှင် သွားများရှည်လာသည်ဟုထင်ရသည်။ ထို့ကြောင့် သွားခြေတွေပေါ် နိမ့်ဆင်းလာသဖြင့် ရေစီးကမ်းပြိုရောဂါဟုခေါ်ကြသည်။ ၄င်းရောဂါဖြစ်ရခြင်းမှာ ခံတွင်းမသန့်စင်မှု ကြောင့်ဖြစ်သည်။ ခံတွင်းမသန့်စင်ခြင်းမှာ သွားတိုက်သည့်နည်းစနစ်၊ သွားပေါက်သည့်အနေအထား၊ ထပ်ခြင်း၊ အစာစားသည့်ပုံစံနှင့် အလေ့အကျင့်တို့နှင့် သက်ဆိုင်နေသည်။

ရောဂါလက္ခဏာများ
ရောဂါကိုတိတိကျကျ ခံစားရပြီဆိုလျှင် သွားများလှုပ်လာမည်။ အနံ့ထွက်လာသည်။ သွားရည်ကျလာသည်။ သွားနှင့် သွားဖုံးကြားအပေါက်မှာနက်လာသည်။ နာကျင်မှုမခံစားရဘဲ သူ့အလိုလို ကျွတ်ထွက်သွားကြသည်။ ခံစားရပုံနှင့် ဖြစ်ပွားပုံမတူညီသည့်အလျောက် တချို့မှာ တစ်နေရာတည်းကွက်ဖြစ်သည်။ တချို့မှာ သွားရှိသော နေရာတိုင်းဖြစ်ပြီး ၀ါးရသည်မှာ မကောင်းတော့ပါ။ တစ်ချောင်းတည်း ကျွတ်ထွက်ခြင်း အတွဲလိုက်ကျွတ်ထွက်ခြင်းများဖြစ်နိုင်သည်။ သွားနှုတ်လိုက်လျှင် (သို့) သွားကျွတ်သွားလျှင် သွားဖုံးသားများ၊ မေးရိုးများနိမ့်ဆင်းသွားသည်။ မေးရိုးနိမ့်ဆင်းသွား သောအခါတွင် သွားစိုက်ရာ၌ အခက်အခဲရှိတတ်သည်။

ကာကွယ်ပါ
ရေစီးကမ်းပြိုရောဂါကို ကာကွယ်ခြင်းနှင့် ဂရုစိုက်ခြင်းအပြင် ကုသရေးကိုပါ ပူးတွဲဆောင်ရွက်ရမည်။
- သွားတိုက်နည်းစနစ်မှန်ပါစေ – အစာစားပြီးနှင့် ညအိပ်ရာမ၀င်မီ ပုံမှန်သွားတိုက်ပါ။
- သွားနှင့် သွားဖုံးလက္ခဏာများကို မှန်တွင်ကြည့်၍ ကျောက်များအရောင်များရှိလျှင် သန့်စင်ပေးပါ။
- ရောဂါရှိသူသည် ပလုတ်ကျင်းသောဆေးရည်နှင့် ကျင်း၍ သန့်စင်ပါ။
- အခြေအနေဆိုးလာပါက သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပါ။

သွားကိုက်ခြင်း
သွားသည် ခန္ဓာကိုယ်တွင် အမာဆုံးသောအရာဖြစ်သည်။ သွားကို ကန့်လန့်ဖြတ်၍ကြည့်လျှင် အပေါ်ဆုံးအလွှာသည် ကြွေကဲ့သို့ မာကြောလှသည်။ ကြွေလွှာသည် အပူဒဏ်ကိုခံနိုင်ပြီး အအေးဒဏ်ကာကွယ်နိုင်သည်။ ကြွေသွားလွှာ ကြောက်သော ရန်သူရှိသည်။ ထိုအရာမှာ စားကြွင်းစားကျန်များမှာ ဖြစ်ပေါ်လာသော အချဉ်ပေါက်နေသည့် အက်ဆစ် ဖြစ်သည်။ ၄င်းဓာတ်ကြောင့် ကြွေသွားလွှာများပေါက်ခြင်း၊ ဆွေးခြင်းဖြစ်ပေါ်လာသည်။ ကြွေသွားလွှာဆွေးမြေ့ခြင်းဖြစ်ပေါ်နာကျင်မှုကို ကုသလျှင်ရနိုင်သော်လည်း အတွင်းဆုံးအလွှာသည် အသားနုဖြစ် သဖြင့် နာကျင်ကိုက်ခဲမှုကို သိသာစွာခံစားရတော့သည်။ အသားဝင်၍သော်လည်းကောင်း၊ အချိုစား၍သော်လည်း ကောင်း ၀င်ရောက်လာသော အစာမှ ဘက်တီးရီးယားအချဉ်ဖောက်ခြင်းကြောင့် သွားကိုက်ခြင်း၊ သွားနာခြင်းကို ခံစားရခြင်းဖြစ်သည်။

သွားကိုက်သွားနာခြင်းကို ဆေးသောက်ခြင်းဖြင့် ကာကွယ်သည်ထက် ကျွမ်းကျင်သော ဆရာဝန်ထံပြသ အကြံဥာဏ် ယူသင့်သည်။

ကုသပါ
ကုသ၍ရသော်လည်း သွားကိုက်သည့် အခြေအနေပေါ်တွင် မူတည်ပါသည်။ သွားဆွေးခြင်း၊ ပိုးစားခြင်းရှိလျှင် အပေါက်ကိုပြန်လည်ဖာထေးနိုင်ပြီး အပေါက်မရှိခဲ့လျှင် စနစ်မှန်သွားတိုက်နည်းသုံး၍ သွားတိုက်သင့်သည်။

သွားဖုံးသွေးယိုစိမ့်ခြင်း
သွားဖုံးသွေးယိုစိမ့်ခြင်းဟာ အချိုဓာတ်များသော အစားအစာများကို အလွန်အကျွံစားသုံးပြီး သွားပုံမှန်မတိုက်ခြင်း (သို့) ခံတွင်းကို သေချာစွာသန့်ရှင်းမှုမလုပ်ခြင်းတို့ကြောင့် ဘက်တီးရီးယားများခိုအောင်းပြီး သွားဖုံးစယောင်ပါသည်။ သွားတိုက်သည့်အခါ သွားဖုံးများနီရဲယောင်လာပြီး သွေးထွက်လာတတ်သည်။ စိတ်ဖိစီးမှုများခြင်း၊ အစာအဟာရကို မျှတစွာစားသောက်မှုမရှိခြင်းသည်လည်း သွားဖုံးသွေးယိုခြင်းကိုပိုမိုဖြစ်စေသည်။ သွားတိုက်သောအခါ၌ သွေးထွက် ခြင်းမှာ သွားတိုက်ချိန်၌ အားဖြင့်ဖိတိုက်ခြင်းကြောင့် သွားဖုံးကို ကြွတက်လာစေကာ အောက်က သွားခြေမှာပေါ် လာခြင်းဖြစ်တတ်သည်။ သွားဖုံးသွေးယိုစိမ့်ခြင်းဖြစ်ပေါ်စေတတ်သောအကြောင်းအရာများမှာ သွားဖုံးယောင်ခြင်း၊ သွားဖုံးတွင်ရောဂါတစ်ခုခုရှိခြင်း၊ သွေးမတိတ်သောရောဂါရှိခြင်း၊ သွေးကင်ဆာ၊ ကိုယ်ဝန်ရှိစဉ်ဟော်မုန်းပြောင်းလဲခြင်း၊ ပါးစပ်အတွင်း ပိုးဝင်ခြင်း၊ ဗိုက်တာမင်စီနှင့် အခြားဓာတ်များလျော့နည်းခြင်း၊ အရက်သေစာသောက်စား ခြင်းတို့ကြောင့် ဖြစ်သည်။

ကာကွယ်ပါ
သွားဖုံးမှာသာမက အခြားနေရာများကပါ အလိုအလျောက်သွေးထွက်လာပြီဆိုလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။ သို့မဟုတ် သွားဖုံးတစ်ခုတည်းက သွေးထွက်နေမည်ဆိုလျှင် သွားနှင့် ခံတွင်းကိုကောင်းမွန်သန့်ရှင်းစွာ ထားခြင်းသည် သွားသွေးယိုစိမ့်ခြင်းအတွက် ကာကွယ်မှုနှင့် ကုသမှုအကောင်းဆုံးနည်းလမ်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် သွားတိုက်ခြင်းကို နံနက်တစ်ကြိမ်၊ ညအိပ်ရာမ၀င်ခင်တစ်ကြိမ် (၂)ကြိမ်တိုက်ပြီး၊ တစ်ကြိမ်တိုက်လျှင် (၃)မိနစ်ခန့်ကြာအောင် တိုက်ပေးရမည်။ ခံတွင်းသန့်ရှင်းမှုကို နေ့စဉ်ပြုလုပ်နေစဉ် သကြားလုံး၊ ချောကလက်၊ အချိုရည် စသည့် အချိုဓာတ်များသော အစားအသောက်များကိုလျှော့စားခြင်း၊ ကော်ဖီနှင့် လက်ဘက်ရည်ထဲသို့ သကြားများစွာထည့်သုံးဆောင်ခြင်းကို ရှောင်ကြဉ်သင့်သည်။

ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်ပါ
ခေါင်းစဉ်ပေးထားတဲ့ 'ပီပီပြင်ပြင်ပြုံး'ဆိုတဲ့အတိုင်း မိမိသွားမလှတာကို ဖုံးဖိချင်ပြီး ပါးစပ်စေ့ရုံပြုံးမနေကြပါနဲ့။ ကုသ၍ လှပနိုင်သည်ကို သတိရကြစေလိုသည်။ သွားနှင့် ပတ်သက်သောရောဂါမဖြစ်ပွားသေး၍ မိမိနှင့် မသက်ဆိုင်ဟု မထင် စေလိုပါ။ သွားဒုက္ခပေး၍ စားချင်တာစားမရ၊ ဟိုအစာရှောင် ဒီအစာရှောင် ဒုက္ခများသည့် လူများကိုကြည့်ပြီး ဤဒုက္ခ အဘယ်မျှကြီးမားကြောင်း သတိယူစေလိုသည်။ အကြာကြီး စားချင်သည့်သွားသည် မာကျောသောအရာများစားခြင်း ကို ရှောင်ရှားသင့်ကြောင်း ရှေးလူကြီးများက 'ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်ပါ'ဟု လက်ဆင့်ကမ်းပြီးပြောပြ ခဲ့ကြသည်။

လူတိုင်း လူတိုင်း ပီပီပြင်ပြင်ပြုံးနိုင်ကြစေဖို့ မိမိတို့၏ သွားနှင့်ခံတွင်းကို ထိန်းသိမ်းကြပါစို့ဟုဆိုရင်း အဆုံး သတ်လိုက်ပါသည်။

ဇာနည်
Ref: 'ပြုံးအလှပိုင်ရှင်ဖြစ်လိုသော်' ဒေါက်တာမိုလာ၏ စာအုပ်မှ မှီးငြမ်းထားပါသည်။

Thursday, October 15, 2009

ကမ္ဘာကြီးကို လွှင့်မပစ်လိုက်ပါနဲ့



(၁)
အသက်အရွယ်ကြောင့်လား၊ဒါမှမဟုတ် လက်လှမ်းမီသမျှ တောင်ဖတ်၊မြောက်ဖတ် ဖတ်မိတာကလေးတွေကြောင့်လား မသိ။ အခုနောက်ပိုင်း ဘာမှမဟုတ်တာကလေးတွေကို နှမြောတတ်လာ၊ ဘ၀တာတစ်လျှောက် ဆုံကြုံခဲ့ရသည့် နှမြော စစ်စီတတ်သူ၊ ချွေတာတတ်သူတို့ကို မကြာခဏ သတိရမိလာတာကိုဖြင့် ကျွန်တော်ဝန်ခံလိုပါသည်။



နီးလည်းနီးစပ်၊ လွယ်လည်းလွယ်ကူရာ ဥပမာအဖြစ် ကျွန်တော့်ဝန်းကျင်၌ ဘောလ်ပင် (ball pen) ကလေးတွေရှိပါသည်။ တစ်ခါသုံး ဘောလ်ပင်ကလေးတွေကို မကြာခဏ ၀ယ်ရေးမိခဲ့ပြီး၊ ရေးလို့ကုန်သည်နှင့် လွှင့်ပစ်ရဖို့ အကြောင်းဖန်လာတိုင်း ၀န်လေးနေမိသည်ကဖြင့် အမှန်ပဲဖြစ်ပါသည်။ ဘောလ်ပင်ကလေးတွေက နှမြောစရာကောင်းလောက်အောင် ချစ်စရာ ကောင်းနေခဲ့သည်ကိုး။


ခေတ်က ကျွန်တော်တို့ ချာတိတ်အရွယ်ကလို ခေတ်မျိုးမဟုတ်။ဘောလ်ပင်အကောင်းစားကို Refill လဲကာသုံးသူတွေ မရှိ မဟုတ်၊ ရှိနိုင်ပါသည်။ ဖောင်တိန် (Fountain pen) ကို မင်ထည့်ကာသုံးသူတွေလည်း မရှိမဟုတ်ရှိနိုင်ပါသည်။ သို့သော် အများစုက တစ်ခါသုံးဘောလ်ပင်များသာ။

တစ်ခါသုံးဘောလ်ပင်တွေကလည်း ချစ်စရာကောင်းလိုက်တာ။ အရောင်စုံ၊ အသွေးစုံဒီဇိုင်းအမျိုးမျိုး။ ငွေကလေးသုံးလေးငါးရာကျပ်သာ ရှိလျှင်ကြိုက်တာဝယ်ရေးပေတော့။ သည်တော့ ကျွန်တော် ကလည်း ၀ယ်ရေးပါသည်။ သို့သော်မင်ကုန်သွားသည်နှင့် လွှင့်ပစ်ရမှာကိုနှမြောနေမိခြင်းဖြစ်ပါသည်။ ငွေကြေးကိုနှမြော နေမိတာမဟုတ်။ အလဟဿလွှင့်ပစ်လိုက်ရသည့် ၀တ္ထုပစ္စည်း၊ တစ်နည်းအားဖြင့် သဘာဝသယံဇာတကို နှမြောနေ မိတာမျိုးဖြစ်ပါသည်။ သည်ဘောလ်ပင်အတွက် ကုန်ကြမ်းပစ္စည်းကို ကမ္ဘာ့သဘာဝသယံဇာတတွေကနေ ကျွန်တော်တို့ ထုတ်ယူထားခဲ့ကြတာမဟုတ်လား။


နောက် ကျွန်တော်စိတ်မသက်မသာဖြစ်ရသည့် ပစ္စည်းတစ်ခုကရေသန့်ဘူးများ။ ရေသန့်ဘူးတွေကလည်း တစ်ခါသုံး တွေပဲမဟုတ်လား။ခေတ်က ကျွန်တော်တို့ငယ်ငယ်ကလို ရေချမ်းစင်ကလေးတွေခေတ်မဟုတ်တော့။ ကိုယ်ပိုင်ရေဘူး ကလေးတွေနှင့် ခရီးသွားသူတွေက ရှာမှရှား။ ဘယ်ဆိုင်မှာဝင်ဝယ်ဝယ် အလွယ်တကူရနိုင်သည့် ရေသန့်ဘူးတွေက မျက်မှောက်ခေတ်၏ အမှတ်လက္ခဏာ။



သည်တော့ရေကိုမော့သောက်လိုက် ဘူးခွံကိုလွှင့်ပစ်လိုက်။ ဘာစိတ်ခံစားမှုမှမရှိ။ ကျွန်တော်ကထိုရေဘူးက ကြည်ကြည်လှလှကလေးများကို အလွယ်တကူလွှင့်ပစ်လိုက်ရတာကို နှမြောနေမိခြင်းဖြစ် ပါသည်။

ကျွန်တော့်မိတ်ဆွေ ကာတွန်းဆရာ အော်ပီကျယ်ကတော့ ရေသန့်ဘူးကို လွှင့်မပစ်ဘဲ အကြိမ်ကြိမ် အလီလီ သုံးဖို့ ရောက်ရှိရာစင်မြင့်ထက်ကနေ ဟောပြောလေ့ရှိသူဖြစ်ပါသည်။ သည်ရေသန့်ဘူးလုပ်ဖို့ ကုန်ကြမ်းကိုလည်း ကျွန်တော်တို့နေထိုင်ရာ မဟာပထ၀ီမြေကြီးထဲကနေပဲ ကျွန်တော်တို့ထုတ်ယူထားခြင်းဖြစ်ပါသည်။ နှမြောဖို့ကောင်း လိုက်တာ။

အစားအသောက်ကိစ္စပြီးသည်နှင့် လွှင့်ပစ်လိုက်သည့် ၀ါးတူကလေးများ၊ ဘီယာ သို့မဟုတ် အအေးတစ်ခုခုကို မော့ချ လိုက်ပြီးသည်နှင့် လွှင့်ပစ်လိုက်သည့် ဘူးခွံကလေးတွေ။ မုန့်ပဲသရေစာစားပြီး လွှင့်ပစ်လိုက်ရသည့် ကော်ခွက်ပလတ်စတစ် ခွက်ကလေးတွေ။ တဗွမ်းဗွမ်းလျှံကျနေသည့် ရေပိုက်ခေါင်းတွေ။မလိုအပ်ဘဲ ဖွင့်ထားသည့် မီးလုံး၊မီးချောင်းများ၊ နှမြောစရာတွေချည်းပဲမဟုတ်လား။

(၂)
လန်ဒန်အခြေစိုက် သတ္တဗေဒအဖွဲ့ World Wide Fund for Nature (WWF) နှင့် Global Foot Print Network တို့ပူး ပေါင်းထုတ်ပြန်သည့်သတင်းတစ်ရပ်ကို Guardian သတင်းစာမှတစ်ဆင့် ကျွန်တော်ဖတ်ဖူးပါသည်။
စစ်တမ်းအမည်က Living planet စစ်တမ်း။ ကမ္ဘာ့သယံဇာတတွေကို လူသားတွေသုံးနေကြသည်မှာ ကမ္ဘာကြီးက ပေးနိုင် သည်ထက် ၃၀ရာခိုင်နှုန်းပိုသုံးနေကြလေသတဲ့။ အများဆုံးသုံးနေကြသူတွေက တရုတ်နှင့် အမေရိကန်တွေတဲ့။ သည်အတိုင်းဆက်သုံးနေခဲ့ကြသော် ၂၀၃၀ခုနှစ်တွင် အခုလို ကမ္ဘာမျိုးနှစ်ခုလိုအပ်လေမတဲ့။ ကြောက်စရာကောင်းလိုက် တာ။ အစွယ်ထွက်နေသော လူသားရဲ့ အလိုရမ္မက်တွေ။
အလေဏတောဆန်သည့် မိန်းမပျက်တစ်ယောက်လို အသုံးအဖြုန်းကြီးသည့် ကမ္ဘာသူ၊ ကမ္ဘာသားတွေ။ သည်ကမ္ဘာကြီးက ကျွန်တော်တို့အတွက် မလုံလောက်နိုင်တော့ပါတဲ့။

(သုံး)
ကျွန်တော်တို့တစ်တွေ ကမ္ဘာ့သယံဇာတစွမ်းအင်အရင်းအမြစ်တွေကို နည်းမျိုးစုံနှင့် ထုတ်ယူသုံးစွဲကြပါသည်။ သည်အထဲ မှာ နေ၊ လေ၊ရေ၊စွမ်းအင်လိုပြန်ဖြစ်ဖို့ မြန်သည့် အရင်းအမြစ်တွေပါသကဲ့သို့ ရေနံတို့၊ ဓာတ်ငွေ့တို့ ကျောက်မီးသွေးတို့လို ပြန်၍ဖြစ်နိုင်ခဲသော အရင်းအမြစ်တွေလည်း ပါပါသည်။ ပြီးတော့ သစ်ပင်၊ သစ်တောတွေ။ သားငါးပုစွန်တွေ။


တစ်ခါသုံးဘောလ်ပင်ကလေးတွေကို လွှင့်ပစ်သလို၊ ရေသန့်ဘူးတွေကိုလွှင့်ပစ်သလို၊၀ါးတူကလေးတွေကို လွှင့်ပစ်သလို ကျွန်တော်တို့ ဖြုန်းတီးခဲ့ကြတာတွေက အနန္တဖြစ်ပါသည်။


ကမ္ဘာကိုပြန်ကယ်ဖို့အတွက် သယံဇာတများကို မဖြုန်းတီးဖို့ရာ R ငါးလုံးကို လူသိများပါသည်။
Reduce လျှော့သုံးပါတဲ့
လျှပ်စစ်မီးကို လျှော့သုံးတာမျိုးပေါ့။
Reuse ပြန်သုံးပါတဲ့။
ဘောလ်ပင်ထဲ Refill ထည့်သုံးတာမျိုးပေါ့။
Recycle ပြန်ထွင်သုံးပါတဲ့။
စက္ကူအဟောင်းတွေကိုကြိတ်ပြီး စက္ကူပြန်လုပ်တာမျိုးပေါ့။
Reject ငြင်းပယ်ပါတဲ့။
ကြွပ်ကြွပ်အိတ်နဲ့ထည့်ပေးတာကို မယူတာမျိုးပေါ့။
Return ပြန်ပေးပါတဲ့။
ကြွပ်ကြွပ်အိတ်ကို ပြန်ပေးတာမျိုးပေါ့။
သည် R ငါးလုံးတို့၏ အခြေခံက နှမြောမှုစစ်စီမှု၊ ချွေတာမှုတို့တွင် အခြေခံထားကြောင်း ထင်ရှားလှပါသည်။

(လေး)
သဘာဝသယံဇာတတွေ ရှားပါးလာမှုကြောင့် အသက်ရှူကျပ်နေရသော ကမ္ဘာမြေပေါ်၌ နှမြောတတ် စစ်စီတတ်၊ ချွေတာ တတ်သူတို့ကား ကမ္ဘာမြေကို စောင့်ရှောက်သူများပင်ဖြစ်ပါသည်။ဆန်ဆေးရေကို ခံထားသော ပန်းကန်ကို အကြမ်းဆေး နေသည့် အမျိုးသမီးတစ်ယောက်၊ ချက်ပြုတ်ကြော်လှော်စရာ အိုးကြီး၊အိုးငယ် အသွယ်သွယ်ကို အသင့်ပြင်ဆင်ထားပြီးမှ မီးဖိုပေါ်တွင် အကြားအလပ်မရှိတစ်အိုးပြီး တစ်အိုး ဆက်တိုက်ချက်ပြုတ်သွားသည့် အိမ်ရှင်မတစ်ဦး၊ ဟောင်းနွမ်းစုတ်ပြတ် သွားသည့် အ၀တ်အစား မျက်နှာသုတ်ပ၀ါစသည်တို့ကို လက်နှီးစုတ်၊ ခြေသုတ်ပ၀ါအဖြစ်ပြောင်းလဲပစ်သည့် အမျိုးသမီး၊ ထမင်းကြမ်းအကြွင်းအကျန်တွေကို ဆန်ကောထဲဖြန့်ကာ အခြောက်လှန်းနေသည့် အဒေါ်ကြီးတစ်ယောက်၊ ဈေးသို့လာ သည့်အခါတိုင်း တစ်ခုတည်းသော ကြွပ်ကြွပ်အိတ်ကို အကြိမ်ကြိမ်အခါအခါယူလာကာ သားငါးပုစွန်ထည့်တတ်သည့် ဈေးဝယ်သူတစ်ဦး၊ ယောက်ျားဆောင်း ဖဲထီးကြီး၏ ထီးခရိုင်တွေ သံချေးမတတ်ရလေအောင် အုန်းဆီနှင့်ပွတ်ပေးနေသည့် အဘိုးအိုတစ်ယောက်၊ ဘဲဥ ကြက်ဥလာဝယ်တိုင်း စပါးခွံထည့်ထားသည့်အိတ်ကလေးနှင့် အမြဲလိုလိုလာဝယ်တတ်သည့် ဈေးဝယ်တစ်ဦး၊ အားလုံးကို ကျွန်တော်အမှန်ရနေမိတာ အမှန်ပဲဖြစ်ပါသည်။ ဒါဟာ တစ်ထောင့်တစ်နေရာကနေ ကမ္ဘာကို စောင့်ရှောက်တာမဟုတ်ဘူးလား။

ကမ္ဘာကြီးက လူသားတို့လိုအပ်သလောက်ကို ထုတ်ပေးနိုင်ပါသည်တဲ့။ လိုချင်သလောက်ကိုတော့ မထုတ်ပေးနိုင်ပါတဲ့။ ကောင်းလိုက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစကား။

ကျွန်တော်တို့က လိုအပ်သလောက်သာယူနေတဲ့လူတွေလား ဒါမှမဟုတ် လိုချင်သလောက်ယူနေတဲ့လူတွေလား။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမည့် မေးခွန်းပဲဖြစ်ပါလေသည်။ ။

မောင်သာချို

နှုတ်ဖြင့်မပြောသော ချစ်စကားများ

အချစ်စစ်မှန်ရင် မနာလိုဝန်တိုစိတ်ကတော့ မလွဲမသွေရှိတယ်။ အဲဒီ့မနာလိုဝန်တိုစိတ်ဟာ ၀န်တိုခြင်းငါးမျိုးနဲ့ မသက်ဆိုင် ဘူး၊ အချစ်မှာဝန်တိုတာဟာ သတ်သတ်ဖြစ်တယ်။ အချစ်မှာရှိတဲ့မနာလိုစိတ်လေးဟာ ဟင်းလျာတစ်ခွက်မှာရှိတဲ့ ဆားနဲ့ တူတယ်။ မပါရင် ပေါ့ရွှတ်ရွှတ်နိုင်ပြီး လွန်သွားရင်လည်း ငန်တန်တန်နဲ့ အရသာပျက်သွားတတ်တယ်။ ဒါကြောင့် ဆားနဲတဲ့ မနာလိုအချစ်လေးအကြောင်း ပြောရင်း အချစ်ဋီကာ ဖွင့်လိုက်ကြပါစို့။

အချစ်စစ်မှန်ရင် မနာလိုမြဲ
မနာလိုစိတ်ဟာ သာမန်အားဖြင့် နားလည်ခံစားပေးလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုချစ်လို့သာ မနာလိုစိတ် ဟာ ပေါ်ထွက်လာရတာဖြစ်တယ်။ ဒါပေမဲ့ မနာလိုစိတ်ဟာ စိတ်မချမှုထက် မယုံကြည်မှုဘက်ပေါ်မှာ ပေါက်ဖွားလာရင် တော့ မကောင်းတော့ဘူး။ ကိုယ့်ချစ်သူဘက်က ရိုးသားတယ်၊ စိတ်ချယုံကြည်ရတယ်ဆိုရင် မနာလိုစိတ်ကိုလျှော့လိုက်၊ သူ့ကိုယုံကြည်မြဲ ဆက်လက်ယုံကြည်ပေးဖို့လိုတယ်။ ဒါမှမဟုတ်ဘဲ သူလုပ်သမျှအလုပ်တိုင်းကိုသိချင်တယ်။ သူဘယ်သူနဲ့ ဘယ်မှာရှိနေတယ်ဆိုတာ အချိန်တိုင်းသိချင်နေတယ်ဆိုရင်တော့ ဒါအလုပ်မဟုတ်တော့ဘူး။ သူနဲ့ကိုယ်ကြား ကတောက် ကဆ စကားများဖို့ လမ်းစရလာပြီဖြစ်တယ်။

ကိုယ့်ချစ်သူအနေနဲ့ သူဘယ်သွားတယ်၊၊ ဘာလုပ်တယ်ဆိုတာ ကိုယ့်ဆီ အချိန်တိုင်း သံတော်ဦးတင်ဖို့ဆိုတာ မနာလိုမှု လွန်ကဲသွားခြင်းပဲဖြစ်တယ်။ ဒါကို ကိုယ်ကနားလည်ပေးရမယ်။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မရိုးမသားနဲ့ သစ္စာဖောက် နေတယ်လို့ သံသယရှိတာက တစ်ပိုင်း၊ သူဘာလုပ်ချင်နေတယ်ဆိုတာကို သိချင်နေတာက တစ်ပိုင်း၊ အချိန်တိုင်း ဖုန်း ဆက်ခိုင်းဖို့ မနေ့ကာဘာလုပ်ခဲ့တယ် ဘယ်သွားတယ်ဆိုတာ အမြဲသံတော်ဦးတင်ခိုင်းတယ်ဆိုတာတွေက အချစ်ဘောင် ကျော်သွားတဲ့ အလုပ်တွေပဲဖြစ်တယ်။ သာမန်အဆင့်လောက်ပဲဆိုရင်တော့ မနာလိုတာဟာ အချစ်ကို ပိုပြီး အသက်ဝင် လှုပ်ရှားလာစေပါတယ်။

နှုတ်မှမထွက်သော စကားများ
လူတိုင်းဟာ သူတို့ပြောတဲ့စကားနဲ့သူတို့စိတ်ထဲမှာရှိတဲ့ အလိုဆန္ဒနဲ့ထပ်တူညီလေ့မရှိကြပါဘူး။ တစ်ခါတစ်လေမှာ သူတို့ပြောတဲ့စကားတွေဟာ စိတ်ထဲမှာရှိတဲ့အမှန်တရားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေလျက်ရှိကြတယ်။ သင်နဲ့သင့် ချစ်သူကြား မှာလည်း နှုတ်မှမပြောတဲ့စကားပေါင်းများစွာရှိတယ်။ ကိုယ်ပြောချင်တဲ့ စကားနဲ့ ကိုယ်ပြောလိုက်တဲ့စကား တို့ဟာ အမြဲထပ်တူညီလေ့မရှိဘူး။ မကြိုက်ပေမယ့် ကြိုက်ဟန်ဆောင်ပြီးပြောကြတယ်၊ ချစ်ပေမယ့်မုန်းဟန်ဆောင်တာ မုန်းတီးစကားဆိုကြတယ်။ ဆိုကြပါစို့။ သင့်ချစ်သူက အလုပ်ခွင်ထဲကပဲဖြစ်ဖြစ်၊ သူ့ဘက်ကမိသားစုအကြောင်း ပဲဖြစ်ဖြစ် ပြောမယ်၊ အရေးမကြီးသလိုပြောမယ်၊ ဒါပေမဲ့ တကယ်က သူ့အတွက် အရမ်းကို စိုးရိမ်ပူပန်အရေးတယူပြုရမယ့် အရေး တကြီးကိစ္စဖြစ်တယ်။ သင့်အနေနဲ့ သက်ဆိုင်ခြင်းမရှိတာကြောင့် အရေးတယူလုပ်ပြီးမပြောဘူး။ ဒါပေမဲ့ သင့်ဘက်က အရေးတယူနဲ့ နားထောင်ပေးတာကိုလိုချင်တယ်၊ သူ့အနေနဲ့ အရမ်းကိုအကဲပိုအဖြစ်သည်းလွန်းတယ်လို့ သင်ထင်သွား မှာကို မလိုလားလို့သာ ပေါ့ပေါ့တန်တန်ပြောခြင်းပဲဖြစ်တယ်။

ဒါကို သူ့နှုတ်ကမပြောပေမယ့် သူ့အမူအယာတွေက ပြောနေလိမ့်မယ်။ ဒါကိုကိုယ်က မျက်စိရှင်ရှင်နဲ့ ရှာတတ်မြင် တတ်ဖို့ လိုတယ်။ တစ်ခါတစ်လေကျရင် ကိုယ့်ချစ်သူက လိုချင်ရဲ့သားနဲ့ အကြောင်းအမျိုးမျိုး ကြောင့် မလိုချင်ဘူးဘို့ ပြောတဲ့ စကားတွေလည်းရှိတယ်။ ဒါကြောင့် ပြောတဲ့စကားနဲ့ပြနေတဲ့အမူအယာတို့ဟာ လိုက်ဖက်ညီမညီကို အကဲဖြတ် တတ်ဖို့ လိုတယ်။ ဒီလိုလုပ်ပေးခြင်းဟာ ကိုယ့်ချစ်သူရဲ့အချစ်ကို ပိုပြီးရရှိလာစေတယ်။ ပိုပြီး ခိုင်မြဲလာစေတယ်။ နက်ရှိုင်း လာစေတယ်။

စကားမပြောရင် ဘာဖြစ်မလဲ
အချစ်မှာ တစ်ယောက်နဲ့တစ်ယောက်စကားပြောပေးဖို့ အင်မတန်လိုပါတယ်။ ဘာကြောင့်လဲ။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြဘူးဆိုရင် တစ်ယောက်ဘာလိုတယ်၊ ဘာစဉ်းစားနေတယ်၊ ဘာကိုခံစားနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်တော့မလည်း။ သူ့အတွေး၊ သူ့ခံစားချက်တွေကို သိနိုင်ဖို့ စကားပြောပေးရမယ်။

စကားနည်းတဲ့ အကျင့်ရှိရင်တောင် သူဘာလိုသလဲ၊ ဘာစဉ်းစားနေသလဲ ဘာဖြစ်ချင်သလဲဆိုတာလောက်တော့ သိအောင် လုပ်ဖို့ စကားဟပေးရမှာဖြစ်တယ်။ ချစ်သူနှစ်ယောက်အကြား စကားသံတွေ ဆိတ်သုဉ်းသွားပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးဝေးကွာသွားတတ်ကြပါတယ်။ သူစိမ်းဆန်သလိုဖြစ်သွားတတ်တယ်။ စကားပြောတာဟာ တစ်ယောက် နဲ့တစ်ယောက်ကို ပိုပြီးရင်းနှီးလာစေတယ်။

တစ်ယောက်နဲ့တစ်ယောက်အကြားမှာရှိတဲ့ အဟန့်အတားတွေကို ဖယ်ရှား ပေးတယ်။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်၊ ဒုက္ခရောက်နေတဲ့အချိန်တွေ၊ ပြဿနာတက်နေတဲ့အချိန်တွေကျရင် ပိုပြီးစကားပြောပေးဖို့လိုအပ်တယ်။ ဒါပေမဲ့ အားအားရှိမဟုတ်တမ်းတရားတွေ ပြောနေဖို့တော့ မလိုဘူး။ ဘာတွေပြောဖို့လိုအပ်သလဲဆိုတော့ သူနဲ့ကိုယ်စိတ်ဝင်စားရာအကြောင်း၊ အနုပညာဖျော်ဖြေ ရေးအကြောင်း၊ စိတ်ပျော်ရွှင်ကြည်နူးစရာအကြောင်း၊ ဗဟုသုတရဖွယ်ရာအကြောင်းတွေပဲဖြစ်တယ်။

ပြောရုံပဲလားဆိုတော့ မဟုတ်သေးဘူး၊ ကိုယ့်ဘက်က ပြောသင့်တာပြောပေးရမှာဖြစ်သလို သူ့ဘက်ကပြောစကားတွေ ကိုလည်း ဂရုတစိုက်နဲ့ အလေးပေးနားထောင်ပေးရမှာဖြစ်တယ်။
ချစ်သူနှစ်ဦးကြား ပြောစရာစကားမရှိတော့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးအလှမ်းဝေးကွာသွားတတ်ပါတယ်။ ကြာလာရင်တစ်ယောက်နဲ့တစ်ယောက်တစိမ်းတရံတွေလို ခံစားရပြီး လမ်းခွဲရတတ်ကြပါတယ်။

ဒါကြောင့် ချစ်ခြင်းမှာ အသံလှိုင်းဆက်သွယ်မှု ပြတ်တောက်မှုမရှိဖို့ လိုအပ်ကြောင်း ပြောကြားရင်း ချစ်သူတွေအားလုံး အဆင်ပြေစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ဇာနည်
Ref: 8 Days A week Journal Vol. 1 No. (30) – Oct. 9 – 16 2009

Honey...Honey

အကျိုးကျေးဇူးများ
- အနာကျက်လွယ်သည်။
- အစာကြေလွယ်သည်။
- ပြည်တည်နာများကျက်စေသည်။
- ဓာတ်မတည့်ခြင်းကိုတွန်းလှန်သည်။
- စွမ်းအင်တိုးစေသည်။
- အသားအရေချောမွတ်စေသည်။


လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပျားရည်သည် ချမ်းသာကြွယ်ဝခြင်း အထိမ်းအမှတ်တစ်ခုဖြစ်ခဲ့ပါသည်။ ရှေးပဝေဏသီ အချိန် များက ပျားရည်ဟာ အလွန်အဖိုးထိုက်တန်တဲ့အတွက် ကုန်သည်ကြီးများနှင့် မြေပိုင်ရှင်ကြီးများက ပျားရည်ကို ငွေအဖြစ် တန်ဖိုးထားလက်ခံခဲ့ကြသည်။

ခရစ်ယာန်သမ္မာကျမ်းစာထဲတွင် ဂျော်ဒန်မြစ်အနောက်ဘက်ဒေသကို နွားနို့နှင့် ပျားရည်ပေါတဲ့ဒေသလို့ ညွှန်းဆိုရေး သားခဲ့ပါသည်။ ကျွမ်းကျင်သူများကတော့ ပျားရည်ဟာ အဖိုးထိုက်တန်တဲ့ ဆေးတစ်ပါးလို့ပြောကြသည်။ ပျားရည် သည် (၁)အန္တရာယ်ပေးနိုင်တဲ့ကူးစက် ရောဂါများကိုဖျက်ဆီးနိုင်သည်။ (၂) အစာအိမ်နာကို သက်သာစေသည်။ (၃) မသန့် တဲ့အနာတွေကို သန့်ရှင်းစေသည်။ (၄) အသားအရေခြောက်သွေ့တာကို ပြန်လည်စိုပြည်စေသည်။ (၅) ဗိုက်မအီမသာ ဖြစ်တာ သက်သာပြီး အစာကြေလွယ်သည်။ (၆) ကင်ဆာကို တိုက်ထုတ်နိုင်သော အင်တီအောက်ဆီးဒင့်များလည်း ထုတ်ပေးသည်။

မကြာသေးမီနှစ်များက ပျားရည်ဟာ လူတို့ထုတ်လုပ်တဲ့ ပဋိဇီဝဆေးများနဲ့ သကြားတုများကြောင့် နောက်တန်းရောက်သွား ရခြင်းဖြစ်သည်။ သို့သော် ခေတ်သစ်သိပ္ပံပညာက ပျားရည်ဟာ စွမ်းအားထက်တဲ့ ပဋိဇီဝဆေးများကတောင် မသတ်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်နိုင်စွမ်းရှိကြောင်း ပြသကြပါသည်။ ပျားရည်တွင် ဗီတာမင်များ၊ သတ္တုဓာတ်ဆားများ၊ အသားဓာတ်များနှင့် အခြားအဟာရဓာတ်များပါဝင်သည်။

ပျားရည်ကပေးတဲ့ ကျန်းမာရေး ၇မျိုး
(၁) အနာကျက်လွယ်သည်။
အနားဝန်းကျင်ရှိ အပျက်အစီးများကို သန့်စင်ပြီး သင့်အရေပြားကို ပြန်လည်သန်စွမ်းကြီးထွားစေသည်။ အရောင်အရမ်း လျော့ကျစေသည်။ အမာရွတ်မဖြစ်အောင်ကာကွယ်ပေးသည်။ တစ်သျှူးကို ကသိကအောက်မဖြစ်စေပါ။ မနာကျင်စေပါ။ ပျားရည်လိမ်းထားပေးလျှင် ပိုးသန့်ဆေး ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကိုထုတ်ပေးခြင်းဖြင့် ဘက်တီးရီးယားပိုးများကို တဖြည်းဖြည်းသတ်နိုင်သည်။ ပွန်းပဲ့ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ခြေပြတ်လတ်ပြန်ဒဏ်ရာ၊ဆီးချိုသွေးချိုရောဂါကြောင့် အနာပြည်တည်ခြင်းများ၊ အိပ်ရာနာ၊ ခွဲစိတ်ဒဏ်ရာအနာနှင့် အခြားအနာများစသည်တို့တွင် ကမ္ဘာတစ်ဝန်းရှိဆေးရုံများ၌ အနာကျက်အောင် ပျားရည်ဖြင့်ဆေးထည့်ပေးကြသည်။

တော်တော်နဲ့ မကျက်နိုင်တဲ့ အနာများအတွက် ပျားရည်နှင့်ဆေးထည့်ပါက အကောင်းဆုံးရလဒ်များကို ရရှိစေသည်။ အရေးပေါ် ရှေးဦးသူနာပြုစုခြင်းနှင့် အသေးအဖွဲအနာများအတွက် ပျားရည်ကိုသုံးရန် တိုက်တွန်းနေကြပြီဖြစ်သည်။ အနာကိုသန့်ရှင်းပြီးနောက် ပျားရည်ကိုအနည်းငယ်နွေးအောင် နွှေးပြီးမွှေကာ ပတ်တီးမှာဆွတ်၍ အုပ်ပေးကာထည့်ရ၏။ ဆိုးဝါးတဲ့ ဒဏ်ရာတွေမှာတော့ ဆရာဝန်ရဲ့ ကုသမှုအောက်မှာ လိုအပ်သလို လုပ်ပေးရမှာဖြစ်တယ်။ နယူးဇီလန်မှ သီးသန့်ပန်းပွင့်များမှထုတ်လုပ်တဲ့ ပျားရည်တစ်မျိုးမှာ အံ့သြဖွယ်ရာ ပိုးသတ်နိုင်တဲ့ စွမ်းရည်များရှိတယ်လို့ဆိုပါတယ်။

(၂) အစာအိမ်နာကို သက်သာပျောက်ကင်းစေသည်
အစွမ်းထက်ကျော်ကြားတဲ့ ပျားရည်နှင့် အစာအိမ်နာကို ကုသပေးသည်။ အစာအိမ်အတွင်းနံရံမှာ အနာမဖြစ်အောင် ကာကွယ်ပေးသည်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ၀မ်းပျက်ခြင်းမဖြစ်အောင် တိုက်ဖျက်ပေးသည်။ ထို့ပြင် ဗိုက်ပွခြင်း၊ ဗိုက်အောင့်ခြင်းများမှ သက်သာစေသည်။

(၃) ရောဂါပိုးကို သေစေ၏
အစာအိမ်နာများ၏ ၉၀ရာခိုင်နှုန်းထိမှာ ကဲ့သို့ပိုးကြောင့်ဖြစ်ပွားလေ့ရှိသည်။ အစာစားပြီး တစ်နာရီခန့် သို့မဟုတ် ညအိပ်ခါ နီးမှာ ပျားရည် စားပွဲတင်တစ်ဇွန်းစာ သောက်ပါက အစာအိမ်နာမှ ကင်းဝေးမယ်လို့ဆိုပါတယ်။

(၄) ဓာတ်မတည့်ခြင်း သက်သာစေသည်
ပိုလန် ခေါ် ၀တ်မှုန်လေးများသည် သင့်အတွက် ကောင်းမွန်ပါတယ်။ သို့သော် သင်နှင့် ပန်းဝတ်မှုန်တွေ ဓာတ်မတည့်ရင် တော့ မျက်ရည်ယိုခြင်း၊နှာစေးခြင်း၊ ရင်ကျပ်ခြင်းစတဲ့ ဓာတ်တုံ့ပြန်တာတွေဖြစ်နိုင်ပါတယ်။
ဤဓာတ်မတည့်မှုများကို ဆေးဝါးများမပါဘဲ သက်သာစေရန် ပျားရည်နည်းနည်းစီကိုသောက်ပြီး စမ်းသပ်ပေးသွားနိုင် တယ်လို့ ဆိုပါတယ်။ သို့သော်ဤစမ်းသပ်ချက်တွေဟာ သိပ်တော့မသေချာလှဘူးလို့ဆိုပါတယ်။

(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ကူညီတယ်
အီလီနွိုက်ယူနီဗာစီတီ၊ အစားအစာသိပ္ပံဌာနမှ ပါမောက္ခဒေါက်တာနစ်ကီရဲ့ စမ်းသပ်ချက်အရ ပျားရည်ထဲမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများတွင် ဖီနောနှင့် ဖလေဗင်နွိုက်များစွာ ပါဝင်ကြောင်း တွေ့ရပြီး ဗီတာမင်အီးထက်ပင် ပို၍ပါဝါအားကြီးကာ ကင်ဆာရောဂါများကို တိုက်နိုင်ကြောင်းသိရပါသည်။

(၆) ဖရီးရက်ဒီကယ်များကို ဖယ်ထုတ်ပစ်သည်
ပါမောက္ခ နစ်ကီရဲ့ပြောပြချက်အရ ပျားရည်ဟာ အသားထဲတွင် ဓာတ်တိုးခြင်းကို ထိထိရောက်ရောက် လျှော့ချပေး နိုင်ကြောင်းသိရပါသည်။ ပုံမှန်အားဖြင့်လေထဲရှိ အောက်ဆီဂျင်ဓာတ်သည် အသားထဲမှာ အစဉ်လိုက်ဓာတ်တုံ့ပြန်ကာ မကောင်းသည့် ဖရီးရယ်ဒီကယ်များကို ဖြစ်ပေါ်စေလျှက် ဓာတ်တိုးပါသည်။ ထိုဖရီးရက်ဒီကယ်များသည် ကျန်းမာရေး နှင့်မညီညွတ်သည့်အပြင် ၄င်းဖရီးရယ်ဒီကယ်များက သင့်အစားအစာ၏ အနံ့အရသာကိုပါ ပုပ်သိုးပျက်စီးစေပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ထည့်ပေးရန်အကောင်းဆုံးအချိန်ကတော့ အသားလတ်လတ်ဆတ်ဆတ်ကို ဈေးမှဝယ်ပြီး အိမ်ရောက်တဲ့အချိန်မှာ ပျားရည်အနည်းငယ်နှင့် နယ်ပြီးမှချက်ပါ။

(၇) လေ့ကျင့်ခန်းလှုပ်ရှားမှုကို စွမ်းအင်ပိုရစေသည်
လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဖြင့် ကျန်းမာစေပါတယ်။ နေ့စဉ်မှန်မှန်လေ့ကျင့်ရန် စွမ်းအင်လိုတယ်။ ထိုစွမ်းအင်များကို ကာဗို ဟိုဒြိတ်များမှ ရရှိစေပါတယ်။ အလယ်အလတ် သွက်လက်လှုပ်ရှားနေသူတွေ အတွက် ပျားရည်ဟာ ကာဗိုဟိုက်ဒြိတ် အရင်းအမြစ်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ၄င်းဓာတ်က သင့်ကြွက်သားများကို သန်မာစေသလို တစ်သျှူးပျက်စီးခြင်းမှ ပြန်လည်ပြင်ဆင်ပေးပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်သန်မာစေပါတယ်။

ဈေးဝယ်လမ်းညွှန်
ပျားရည်အမျိုးမျိုးရှိပါသည်။ သို့သော်ပျားရည်စစ်လေ အရောင်ရင့်လေဖြစ်သည်။ ပျားရည်စစ်မစစ်ကို သေချာစိစစ်ဖို့တော့ လိုသည်။ အခန်းအပူချိန်မှာ မီးဖိုချောင်တွင် သိမ်းထားနိုင်သည်။ နေရောင်နှင့် မထိတွေ့ရပါ။ ရေခဲသေတ္တာထဲမှာ သိမ်းထား ပါက အခဲများ စုပုံကျတတ်သည်။ ( သူငယ်ချင်းတစ်ဦး ပြောတာက သက်တမ်းရင့်ပျားရည်ဟာ အရောင်ရင့်ပြီး သက်တမ်းနု ပျားရည်ဟာ အရောင်ဖျော့ပါသည်။)

သတိပြုရန် – တစ်နှစ်အောက်ကလေးငယ်များအား ပျားရည်မတိုက်ရပါ။

Ref: Health Digest Journal Vol. (7), No (1) – Oct. 14, 2009.


Tuesday, October 13, 2009

Skin Diseases

အရေပြားမှိုစွဲရောဂါ
အရေပြားသည် လူ့ခန္ဓာကိုယ်၏ အင်္ဂါတစ်ခုဖြစ်ပြီး ယင်း၏လုပ်ဆောင်ချက်များသည် ခန္ဓာကိုယ်တွင်း အင်္ဂါများသို့ ပိုးမွှားများတိုက်ရိုက်ဝင်ရောက်မှုမရှိစေရန် ကာကွယ်ပေးလျက်ရှိသည်။ ထို့ကြောင့် အရေပြားသည် နေ့စဉ်နှင့်အမျှ ပြင်ပမှပိုးမွှားဖြစ်သည့် ဘက်တီးရီးယား၊ ဗိုင်းရပ်နှင့် မှိုအစရှိသည်များနှင့် ထိတွေ့နေရသည်။
ထိုအထဲတွင်မှ အရေပြားမှိုစွဲရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ မှိုတို့၏ သဘောအရ ပူအိုက်စိုစွတ်သည့် ရာသီဥတုတွင် ပေါက်ပွားလေ့ရှိရာ မြန်မာနိုင်ငံ၏ ပြင်ပရာသီဥတုနှင့် လူ၏တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသည့်အခါတွင် အရေပြားမှိုစွဲရောဂါဖြစ်ပွားလာလေ့ရှိသည်။


အရေပြားမှိုစွဲရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊မ မရွေး ခန္ဓာကိုယ်၏မည်သည့် အင်္ဂါအစိတ်အပိုင်းတွင်မဆို ဖြစ်ပွားနိုင်ပြီး၊ ဖြစ်ပွားသည့်နေရာပေါ်တွင်မူတည်၍ ပုံသဏ္ဍာန်ကွဲပြား နိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦးကပြောသည်။
အလားတူ ကိုယ်ခံအားကျဝေဒနာရှင်များ၊ နာတာရှည်အိပ်ရာထဲလဲနေသူများ၊ သွေးချို၊ဆီးချိုရောဂါ သည်များ၊သွေးချို၊ ဆီးချိုရောဂါသည်များ၊ ကင်ဆာရောဂါသည်များသည်လည်း အရေပြားမှိုစွဲရောဂါဖြစ်နိုင်ခြေရှိကြောင်း သိရသည်။ များသောအားဖြင့် အရေပြားမှိုစွဲရောဂါသည် ခန္ဓာကိုယ်တွင်း အပူခိုဝင်ချွေးစိုနေလေ့ရှိသည့် ခန္ဓာကိုယ်ကြားနေရာ များတွင် ဖြစ်လေ့ရှိသည်ဟု ဒေါက်တာစိုးဝင်းဦးကပြောသည်။
အရေပြားမှိုစွဲရောဂါသည် ဖြစ်သည့်နေရာဒေသအလိုက် မှိုအမျိုးအစားအလိုက် ကွဲပြားခြားနားပြီး အခေါ်အဝေါ်များလည်း ကွဲပြားသွားကြောင်း သိရသည်။

ဒက်
ဒက်ဟုခေါ်သည့် အရေပြားမှိုစွဲရောဂါတစ်မျိုးသည် လူအများနှင့် ရင်းနှီးပြီးသားရောဂါတစ်မျိုးဖြစ်သည်။ များသော အားဖြင့် ကလေးငယ်များတွင် ဖြစ်လေ့ရှိပြီး၊ အထူးသဖြင့် ကိုရင်ငယ်လေးများတွင် ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။
ဒက်ရောဂါသည် တစ်ဦးနှင့်တစ်ဦး ကူးစက်မြန်ဆန်သော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ အိပ်ရာခေါင်းအုံးများ မသန့်ရှင်းခြင်း၊ ဦးခေါင်းရိပ်ဓားများ မျှဝေသုံးစွဲခြင်း စသည်တို့ကြောင့် ဖြစ်ပွားလေ့ ရှိတတ်ကြောင်း သိရသည်။

ဒက်သည် ဦးခေါင်းအရေပြားတွင် ဖြစ်ပွားသော အရေပြားမှိုစွဲရောဂါဖြစ်သဖြင့် ဆံပင်အမြစ်ထဲအထိ လှိုက်စားကူး စက်နိုင်ကြောင်းသိရသည်။ ဒက်ပေါက်ပါက သာမန်အရေပြားလိမ်းဆေးများဖြင့် ကုသခြင်းမျိုးမဟုတ်ဘဲ တက်ကျွမ်း သူနှင့် စနစ်တကျ ကုသသင့်ကြောင်း သိရသည်။

"ဒက်က ဦးခေါင်းမှာဖြစ်တဲ့အရေပြားမှိုစွဲရောဂါဆိုတော့ ဆံပင်အမြစ်ထဲအထိ လှိုက်စားကူးစက်နိုင်တယ်။ ဒါကြောင့် အပြင်က အရေပြားဆေးတွေ လိမ်းရင်လည်း မျက်စိအမြင်မှာသာ ပျောက်သွားပေမယ့် တကယ်အမြစ်ပြတ်တာဟုတ် ချင်မှ ဟုတ်မယ်"ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

ဒက်ပေါက်ခြင်းမှ ကာကွယ်ရန် တစ်ကိုယ်ရည်သန့်ရှင်းရေးအား အထူးဂရုစိုက်ခြင်း၊ခေါင်းအုံးအား သန့်ရှင်းစွာထား၍ ခေါင်းအုံးစွပ်များအား သုံးရက်တွင် တစ်ကြိမ်လဲလှယ်ပေးရန်လိုအပ်ကြောင်း သိရသည်။

ညှင်း
ညှင်းသည်လည်း အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အတွင်း သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ပွား လေ့ရှိပြီး၊ ညှင်းပေါက်ပွားပါက ခန္ဓာကိုယ်တွင်းရှိ အဆီအထွက်များသည့် ကျော၊ရင်ဘတ်၊လည်ပင်းနှင့် တစ်ခါတစ်ရံ မျက်နှာအထိ ပေါက်ပွားလေ့ရှိကြောင်းသိရသည်။ ၄င်းအပြင်သာမန်ထက်လွန်ကဲ များပြားလာပါက ကိုယ်ခန္ဓာတစ်ခု လုံးပေါက်ပွားသွားနိုင်ကြောင်းသိရသည်။

ခန္ဓာကိုယ်တွင်း ညှင်းပေါက်ပါက ယားယံခြင်းမရှိသော်လည်း အရေပြားပေါ်တွင် အညို၊အဖြူ၊ သို့မဟုတ် ပန်းရောင် အကွက်များဖြစ်ပေါ်လာတတ်ကြောင်း သိရသည်။ ညှင်း၏သဘောသည် လူမြင်သည့်နေရာများတွင် ပေါက်ပွားလေ့ ရှိသဖြင့် ဖြစ်ပွားပါက အမြန်ဆုံးကုသမှုပြုလုပ်ရန် လိုအပ်ကြောင်း ဒေါက်တာစိုးဝင်းဦးက ပြောသည်။

"လူငယ်တွေ ဘောလုံးကန်ပြီးတော့ ချွေးသံတွေနဲ့ အင်္ကျီတွေပြန်ဝတ်ပြီး၊ အအေးဆိုင်ထိုင်၊ အကြော်ဆိုင်ထိုင်နဲ့ဆို တော့ အဲဒီမှာ ညှင်းပေါက်ဖို့အလားအလာပိုများတာပေါ့။ ဒါကြောင့် ချွေးစိုနေတဲ့ အင်္ကျီတို့၊အတွင်းခံတို့ကို မ၀တ်သင့် ပါဘူး"ဟု ဒေါက်တာစိုးဝင်းဦးကပြောသည်။

ပွေး
ပွေးသည်လည်း ကြည့်ရဆိုးသော အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါက်ပွားလေ့ရှိပြီး၊ အထူးသဖြင့် ချိုင်း၊ ပေါင်ခြံ၊ တင်ပါးနှင့် ဗိုက်တို့တွင် ပေါက်ပွားလေ့ရှိကြသည်။

ပွေးသည်လည်း တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ကူးစက်ခြင်းစသည်အကြောင်းများကြောင့် ပေါက်ပွားနိုင်သည်။ ပွေးသည်ပျံ့နှံ့မြန်သော အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်သဖြင့် တစ်ပတ်၊နှစ်ပတ်အတွင်း၌ပင် ၀မ်းဗိုက်တစ်ပြင်လုံး အထိ ကူးစက်သွားနိုင်သည်ဟု သိရသည်။

ခြေသည်း၊လက်သည်းပွေး
အရေပြားမှိုစွဲရောဂါသည် ခန္ဓာကိုယ်အနှံ့မည်သည့် နေရာတွင်မဆို ဖြစ်ပွားတတ်သည်ဟု အထက်တွင် ရေးသားဖော်ပြ ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်မှုစွဲရောဂါတစ်မျိုးဖြစ်သည် ပွေးသည်လည်း ခြေသည်း၊ လက်သည်းတို့တွင်ဖြစ်ပွား နိုင်သည်။ ခြေသည်း၊ လက်သည်းများသည် ဖွဲ့စည်းပုံမတူညီသဖြင့် ခဲ၍မာကျောကျောဖြစ်နေသော်လည်း အရေပြား မှိုစွဲဖြစ်နိုင်သည်ဟု ဒေါက်တာစိုးဝင်းဦးကဆိုသည်။

ခြေသည်း၊ လက်သည်းပွေးရောဂါသည် ရေအမြဲကိုင်နေရသူများ၊ အရည်တစ်မျိုးမျိုးနှင့် အစဉ်ထိတွေ့နေရသူများ အဖြစ်များသည်။ ထို့ကြောင့် အိမ်ရှင်မများ၊ အလှပြင်ဆိုင်များ၌ခြေသည်း၊ လက်သည်းအလှပြင်ရာ၌ သန့်ရှင်းမှု မရှိသည့် အလှပြင်ပစ္စည်းများနှင့် ပြုလုပ်ခံရသူများဖြစ်လေ့ရှိသည်။

ခြေသည်း၊လက်သည်း ပွေးရောဂါသည် ခြေသည်း၊လက်သည်းပွခြင်း၊ ခြေသည်း၊လက်သည်း ပန်းကုံးများ ပွခြင်း၊ ပြည်တည်ခြင်း စသည့် လက္ခဏာများဖြစ်လေ့ရှိသည်။ ထိုရောဂါအားကုသရာတွင် တုံ့ပြန်မှုနည်းသဖြင့် လအနည်း ငယ်မှ လအတော်ကြာအထိ ကုသရကြောင်း သိရသည်။

"အရေပြားရောဂါအများစုက အသက်အန္တရာယ်ကို ထိခိုက်နိုင်မှုနည်းပါတယ်။ ဒါပေမဲ့ လူမှုရေးအရကြည့်မယ် ဆိုရင် တော့ စိတ်ဓာတ်ကျခြင်း၊ self confident လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်းစတဲ့ လူမှုရေးပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်"ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

အကယ်၍ မိမိထံ၌လည်း အရေပြားမှိုစွဲရောဂါခံစားရပါက နီးစပ်ရာလိမ်းဆေးများ နှင့်ကိုယ်ပိုက်ကု သခြင်း မပြုလုပ်ဘဲ၊ တတ်ကျွမ်းနားလည်သူများနှင့် ပြသ၍ အမြစ်ပြတ်ပျောက်ကင်းသည်အထိကု သသင့်ကြောင်း သိရသည်။

သီဟ
Ref: 7Day News Journal Vol. 8, No. (30) – Oct. 8, 2009


Friday, October 9, 2009

ပန်းတိုင်ချင်းမတူပါ

"ကိုဝင်းပါလား၊ ပျောက်ချက်သား ကောင်းလှချည်လားဗျ"
"ပျောက်ဆို သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လှုပ်ရှားနေရလို့ပေါ့ဗျာ"


"မသိပါဘူးဗျာ၊ ခုတလော စာရေးဆရာတွေ တောထွက်တာခေတ်စားနေလို့ ခင်ဗျားလည်း ဟိုဆရာလို ပါဂျဲရိုးစီးပြီး တောထွက်သွားပြီလားလို့ပါ"

"ခင်ဗျားကလည်း စတွေ့တာနဲ့ မဟုတ်မဟပ်ပြောတော့မယ်"
"အဲဒါ အဟုတ်အဟပ်ပါဗျ။ ကျုပ်တို့ဆီက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အဲဒီဆရာ ဘယ်နေ့ကတောထွက်သွားပြီ၊ ဘယ်မြို့ကဘယ် ထမင်းဆိုင်မှာဝင်စားပြီး ဘယ်နေရာမှာ တုပ်ကွေးမိနေပြီဆိုတာကအစ မဟာသတင်းထူးကြီးတစ်ခုလို အလုအယက်ထည့်နေကြတာဗျ"

"ကျွန်တော်လည်း ဖတ်ရပါတယ်ဗျာ၊ ဒါပေမဲ့ အဲဒီဆရာက သူ့ကိုယ်သူ တောထွက်တယ်လို့ မသုံးခဲ့ပါဘူး၊ ဂန္ဓာရီခရီး ထွက်တယ်လို့ပဲ သုံးခဲ့တာပါဗျာ"

"ဒါပေမဲ့ ကိုယ့်အိမ်ရာနဲ့ လူဝတ်ကြောင်ဘ၀ကိုစွန့်ပြီး ပိတ်ဖြူစင်ကြယ်နဲ့ ထွက်သွားတာဆိုတော့ တောထွက်တယ်လို့ ပဲ လွယ်လွယ် ပြောကြတာပေါ့ဗျာ"

"လူတွေက လွယ်လွယ်ပြောကြပေမယ့် အဓိပ္ပာယ်ချင်း၊ အနှစ်သာရချင်း မတူဘူးဗျ။ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖို့ တောထွက်တယ်လို့ ပြောလိုက်ရင် မိမိရဲ့ လောကီစည်းစိမ် ဥစ္စာတွေကို အပြီးအပိုင်စွန့်လွှတ်၊ လူသူကင်းဝေးရာ တောရိပ်တောင်ရိပ် ကို ခိုလှုံပြီး သစ်တစ်ပင် ၀ါးတစ်ပင်အောက်မှာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းတရား ကျင့်ကြံအားထုတ်တာကိုသာ မြင်ယောင်လာကြမှာဗျ။ ခင်ဗျားပြောတဲ့ ဆရာက လောကီသိဒ္ဓိအ၀၀ ပြီးပြည့်စုံရေးကိုရည်ရွယ်ပြီး ဂန္ဓာရီကျင့်စဉ်တွေ ကျင့်ကြံအားထုတ်ဖို့ ခရီးထွက်သွားတာပဲ၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသိထားတဲ့ တောထွက်ခြင်းဆိုတာက ပါရမီဆယ်ပါးထဲက နိက္ခမပါရမီကိုဖြည့်ကျင့်တဲ့ သဘော၊ ဒီဆရာ ခရီး ထွက်တာက ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်တဲ့ ဂန္ဓာရီကျင့်စဉ် ကျင့်ကြံတဲ့သဘောမို့ သူ့လမ်းနဲ့သူ တခြားစီပါဗျာ။ မူလဗုဒ္ဓဘာသာ ကနေ ခွဲထွက်သွားတဲ့ မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကွဲတချို့ အတွက်တော့ ဒီအလုပ်မျိုးက မထူးဆန်းလှပါဘူး"

"ဒါဆိုရင် အဲဒီမဟာယာန ဂိုဏ်းကွဲတချို့က ယုံကြည်လက်ခံထားတဲ့ ဂန္ဓာရီခရီးထွက်ရခြင်းရဲ့ အကြောင်းရင်းကို နည်းနည်းရှင်းပြ စမ်းပါအုံး"

"ဒီလိုဗျ၊ သူတို့က နိဗ္ဗာန်ဆိုတာ နေရာဌာနတစ်ခုရယ်လို့ ယုံကြည်ထားကြတယ်၊ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို ကိုးကွယ်သူတွေ လက်ခံထားတဲ့ ထာဝရအသက်ရှင်ရာ ကောင်းကင်ဘုံနဲ့ သဘောချင်းအတူတူပါပဲ၊ အနောက်အရပ်မှာ တည်ရှိပြီး အမြဲတမ်းရှင်သန် နိုးကြား သက်ရှိထင်ရှား စံပယ်တော်မူနေတဲ့ အာဒိဗုဒ္ဓလို့ခေါ်တဲ့ ထာဝရဘုရားသခင်ကြီး ရှိနေတယ်လို့ ယုံကြည်ထားကြတယ်လေ"

"လောကမှာ မိမိကိုယ်ကို အစိုးရနေသူ ထာဝရတည်မြဲနေသူရယ်လို့ မရှိဘူးဆိုပြီး ဖန်ဆင်းရှင် ကယ်တင်ရှင်အယူအဆ ကို ငြင်းပယ်ခဲ့တဲ့ မူလဗုဒ္ဓဘာသာနဲ့တော့ တခြားစီပဲဗျ"

"သူတို့အယူအဆကတော့ အဲဒီ ထာဝရဘုရားသခင် တည်ရှိရာဌာနမှာ အတူရှိနေတဲ့ ဘုရားအလောင်း ဗောဓိသတ္တတွေ၊ ၀ိဇ္ဇာဓိုရ်တွေရဲ့ လမ်းညွှန်ချက်အတိုင်း ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် ဘယ်သောအခါမှ သေဆုံးပျောက်ပျက်ခြင်းမရှိ တဲ့ ထာဝရအသက်ကို ပိုင်ဆိုင် ကြမယ်။ ဒီလို ထာဝရအသက် ပိုင်ဆိုင်သူများဟာ ကမ္ဘာမြေရဲ့တစ်နေရာမှာရှိတဲ့ ထာဝရဘုရားသခင် စံပယ်တော်မူနေရာ နယ်မြေဒေသ ထဲကို ၀င်ခွင့်ရသွားမယ်လို့ ယုံကြည်ထားကြတယ်ဗျ၊ ဂန္ဓာရီသမားတွေရဲ့ စကားနဲ့ပြောရရင် အရှင်ထွက် ထွက်သွားတယ်ပေါ့ဗျာ"

"ခင်ဗျားပြောတဲ့ နယ်မြေဒေသဆိုတာ အနောက်တိုင်းသားတွေက သျှမ်ဘဲလား(ရှမ်ဂရီလာ)လို့တစ်မျိုး၊ မြန်မာတို့က မဟာမြိုင်တော လို့တစ်သွယ် တင်စားပြောဆို ရေးသားနေကြတဲ့ နေရာပဲမဟုတ်လား"

"အမှန်ပါပဲဗျာ၊ သျှမ်ဘဲလားပဲပြောပြော၊ မဟာမြိုင်လို့ပဲဆိုဆို လိုရင်းကတော့ ဖန်ဆင်းရှင် ထာဝရဘုရားကိုးကွယ်သူ တွေ ယုံကြည်ထား တဲ့ ကောင်းကင်ဘုံအယူအဆနဲ့ အတူတူပါပဲ။ ဂန္ဓာရီသမားတွေကတော့ သူတို့ကိုးစားရာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးများဟာ အဲဒီဒေသ ကို အရှင်ထွက် ထွက်သွားတယ်လို့ ယုံကြည်ထားကြတယ်"

"အင်း.... ကျွန်တော်တွေ့ကြုံဖူးသလောက် ဘိုးတော်ဂိုဏ်းတွေကတော့ သူတို့ရဲ့ခေါင်းဆောင်ကြီးတွေ လူတကာမြင်ကွင်းက ပျောက်သွား ပြီး သေသလား၊ ရှင်သလား မသိရတော့ရင် တို့ဆရာကြီး၊ တို့ရဲ့အဖေကြီး အရှင်ထွက်ထွက်သွားပြီ လို့ကြွေးကြော်ကြတယ်။ တကယ်လို့ မမာမကျန်းဖြစ်ပြီး သူတို့ရှေ့တင် ကွယ်လွန် အနိစ္စရောက်သွား ပြန်တော့လည်း အသေထွက်ထွက်သွားတာ လို့ပြောကြပြန်သဗျ"

"ဂန္ဓာရီလမ်းလိုက်သူ အတော်များများဟာ လောကီသိဒ္ဓိတွေ ပြီးမြောက်ပြီး သျှမ်ဘဲလား သို့မဟုတ် မဟာမြိုင်တောဆီ အရှင်ထွက် ထွက်သွားနိုင်ဖို့ ကြိုးစားကြတာပဲ။ ဗုဒ္ဓအဘိဓမ္မာအရဆိုရင် ဘယ်သတ္တ၀ါမှ လောကရဲ့ နိယာမတရား တွေကို လွန်ဆန်နိုင်စွမ်းမရှိ ကြပါ ဘူး။ နိယာမငါးပါးထဲက ဗီဇနိယာမနဲ့အညီ လူရယ်လို့ဖြစ်လာရင် လူ့သက်တမ်းစေ့ သာနေခွင့်ရပြီး အချိန်တန်ရင် ကွယ်လွန်အနိစ္စ ရောက်ကြရမှာပါပဲ။ လူ့ဗီဇ လူ့သဘာဝကို ကျော်လွန်ပြီး ထာဝရရှင်သန်ဖို့ ကြိုးစားနေကြတဲ့ ဂန္ဓရီဆရာတွေရဲ့ လုပ်ရပ်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာရှုထောင့်က ကြည့်ရင် အချည်းနှီး အဓိပ္ပာယ်မဲ့တဲ့ စိတ်ကူးယဉ်မှု တစ်ခုပါပဲဗျာ"

"ဒါဆို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ မျှော်မှန်းတဲ့ အို၊နာ၊သေဘေးကင်းရာ နိဗ္ဗာန်ဆိုတာကရော စိတ်ကူးယဉ်ရာ မရောက်ပေဘူးလား"
"မရောက်ပါဘူးဗျာ။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်တာဟာ ထာဝရအသက်ကိုရဖို့ မဟုတ်သလို ထာဝရသုခနယ်မြေထဲ ရောက်သွားဖို့လည်း မဟုတ်ပါဘူး"

"နိဗ္ဗာန်ရောက်ရပါလို၏လို့ ဆုတောင်းကြတာကရော နိဗ္ဗာန်ဆိုတာ နေရာဒေသတစ်ခုရယ်လို့ ဆိုလိုရာမရောက်ပေဘူးလားဗျ"
"နိဗ္ဗာန်ဆိုတာ ရောက်အောင်သွားရတဲ့ အရပ်ဒေသတစ်ခု မဟုတ်ဘူးဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာကို လေ့လာသူတိုင်း သိကြပါတယ်။ လူပြိန်းနားလည်အောင် ရေးကြပြောကြရာက နိဗ္ဗာန်ရောက်တယ်ဆိုတဲ့စကားက တွင်ကျယ်နေတာပါ။ တကယ်တော့ နိဗ္ဗာန်ကိုမျက် မှောက်ပြုတယ်ဆိုတာကပိုပြီး အမှန်တရားနဲ့ နီးစပ်ပါတယ်"

"နိဗ္ဗာန်ဟာ ဘုံဌာနနေရာဒေသတစ်ခု မဟုတ်ခဲ့ရင် ဘယ်လိုဟာမျိုးလဲဗျ"
"စစ်မှန်တဲ့ အသိတစ်ရားတစ်ခုကို သိမြင်လိုက်တဲ့အတွက် အယူအမြင်စင်ကြယ်မှု ဖြစ်သွားတာနဲ့တပြိုင်နက် အကျိုးဆက်အဖြစ် လောဘ၊ ဒေါသ၊ မောဟတရားတွေ ချုပ်ငြိမ်းသွားပြီး လွတ်မြောက်မှုရသကို ခံစားလိုက်ရတာပဲဗျ'

"စင်ကြယ်စွာသိခြင်းရဲ့ အကျိုးဆက်အဖြစ် လွတ်မြောက်မှုရသကို ခံစားရတာဆိုပါတော့၊ ဟုတ်လား"

"ဟုတ်ပါတယ်။ ကျွန်တော် လက်လှမ်းမီသလောက် အရိုးစင်းဆုံး ဥပမာလေးနဲ့ပြောရရင် ခင်ဗျားမှာ ပြည်တန်ပတ္တမြား တစ်လုံးရှိနေတယ် ဆိုပါတော့၊ အဲဒီပတ္တမြားကြီးကို သူများခိုးဝှက်လုယူသွားမှာ မစိုးရိမ်ဘူးလား"
"စိုးရိမ်မှာပေါ့ဗျ"

"ငါ့ပတ္တမြားကြီး သူများတွေ လာလုလေမလား၊ ခိုးသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိန်းသိမ်းထားနေရချိန်မှာ အဖြစ်မှန်ကိုသိတဲ့ လူတစ်ယောက် ရောက်လာပြီး 'စိုးရိမ်မနေပါနဲ့ဗျာ၊ ခင်ဗျားရဲ့ပတ္တမြားက အစစ်မဟုတ်ပါဘူး၊ အတုကြီးပါ၊ ဘာမှမက်လောက်စရာ မရှိပါ ဘူး'လို့ လာပြောရင် ခင်ဗျားအနေနဲ့ ဒီပတ္တမြားတုကြီးအတွက် စိုးရိမ်သောကတွေ ရှိပါအုံးမလား"

"ဘယ်စိုးရိမ်တော့မလဲဗျ။ ပတ္တမြားကအတုကြီးမှန်း သိလိုက်ရတော့ မက်မောတွယ်တာစိတ်တွေလည်း မရှိတော့ဘူး၊ ပျက်စီးဆုံးရှုံး မှာလည်း မကြောက်တော့ဘူး၊ ၀န်ထုပ်ကြီးတစ်ခုကျသွားသလို ပေါ့ပါးလွတ်မြောက်သွားမှာ အမှန်ပဲ"

"ဒါဟာ အမှန်ကိုသိခြင်းအားဖြင့် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးဆက်ကို ရရှိခံစားလိုက်ရတာပဲ မဟုတ်လား"

"ဒါတော့ဟုတ်ပါပြီ၊ နိဗ္ဗာန်အကြောင်း ဆက်ပါအုံး"
"ဒီသဘောအတိုင်းပါပဲ၊ သတ္တ၀ါတွေဟာ မိမိတို့ကိုယ်ကို အစိုးရမှုမရှိဘဲ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေခြင်း သက်သက်ပါပဲလား။ ငါရယ်၊သူရယ်၊ယောက်ျားရယ်၊မိန်းမရယ်လို့ ပညတ်ချက်တွေဟာ တကယ်တော့ ဘာမှမရှိပါလားဆိုတာ သိသွားပြီဆိုရင် မိမိကိုယ်ကို တွယ်တာငဲ့ကွက်တဲ့စိတ်တွေ ရှိပါဦးမလား"
"ဘယ်ရှိတော့မလဲဗျာ"

"ဒီလိုတွယ်တာငဲ့ကွက်စိတ်တွေ မရှိတော့ရင် ငါအိုသွားမှာ၊ ငါနာလာမှာ၊ ငါသေရမှာတွေကို တွေးတောပြီး ပူပင်သောကရောက်စရာ ရှိပါဦးမလား"
"ငါဆိုတာမရှိမှန်း ကိုယ်တွေ့သိမြင်လိုက်ရပြီဆိုရင် ဒီခန္ဓာကိုယ်ကြီး 'အို'မှာလည်းမကြောက်၊ 'နာ'မှာလည်းမကြောက်၊ 'သေ'မှာလည်း မကြောက်တော့ဘူးပေါ့ဗျာ။ အိုခြင်း၊နာခြင်း၊သေခြင်းဆိုတဲ့ သဘာဝတရားတွေက 'ငါ'ဆိုတာ မရှိမှန်းသိထားတဲ့ လူတစ်ယောက်ကို မချောက်ချားစေနိုင်တော့ဘူးပေါ့"

"ကဲ....ဒါဆိုရင် အိုခြင်း၊နာခြင်း၊သေခြင်းတို့မှ လွတ်မြောက်သွားတာပဲ မဟုတ်လားဗျာ"
'ဟုတ်ပါ့ဗျာ- ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ အိုခြင်း၊နာခြင်း၊သေခြင်းတို့မှ လွတ်မြောက်ရာရယ်လို့ တင်စားခေါ်ဝေါ်ကြတာကိုး။ မဟာယာနဂိုဏ်း တချို့က ယုံကြည်ထားတဲ့ အနောက်ဘက်က ထာဝရသုခဘုံတို့၊ ဂန္ဓာရီဆရာကြီးများမျှော်မှန်းရာ သျှမ်ဘဲလားတို့နဲ့ ဘာမှမဆိုင်ဘူးဆို တာ ထင်ရှားနေတာပဲ'

"စောစောက ဥပမာအတိုင်းပြောရရင် ထေရ၀ါဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်းတရား ကျင့်ကြံအားထုတ်ကြ တယ် ဆိုတာဟာ ပြည်တန်ပတ္တမြားလို့ မိမိထင်မှတ်မှားနေတဲ့အရာဟာ ဘာမှတန်ကြေး မရှိတဲ့ ကျောက်နီတုံး တစ်ခု သာဖြစ်ကြောင်း မှန်ရာကိုအရှိအတိုင်း သိမြင်လာအောင် ဝေဖန်ဆန်းစစ်ကြတာနဲ့ အလားသဏ္ဍာန်တူပါတယ်။ လောကီဂန္ဓရီလမ်း လိုက်သူတွေကတော့ ဘာမှတန်ကြေးမရှိတဲ့ ကျောက်နီတုံးကို ပြည်တန်ပတ္တမြားရယ်လို့ စွဲပိုက်မှတ်ယူပြီး မိမိလက်ထဲမှာ မပျောက်မပျက်တည်တံ့နေအောင်၊ သက်တမ်းရှည်ကြာ ခိုင်ခန့်နေအောင် အားထုတ်ကြိုးပမ်းနေသူများနဲ့ အလားသဏ္ဍာန်တူပါတယ်။"

"အေးဗျာ... ခင်ဗျားနဲ့ဆွေးနွေးလိုက်မှပဲ ဂန္ဓာရီခရီးဆိုတာ ထေရ၀ါဒဗုဒ္ဓသာသနာတော်လာ တောထွက်ခြင်းနဲ့ ကျင့်စဉ်ရော ပန်းတိုင်ပါ အခြားနားကြီး ခြားနားနေမှန်း သဘောပေါက်တော့တယ်။ ကျွန်တော်တို့ သဘောပေါက်သလို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ရယ်လို့ ခံယူ ထားသူတိုင်းနားလည် သဘောပေါက်ပြီး အမှန်နဲ့အမှား ခွဲခြားသိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ချင်ပါတော့တယ်ဗျာ"

ဝင်းသိန်းဦး
(၆-၈-၉၇)
ဓမ္မရံသီ၊ ၁၉၉၇ခုနှစ်၊ နိုဝင်ဘာလ။

Tuesday, October 6, 2009

အသည်းကွဲ အဖျားပျောက်ဆေး

အသည်းလေး ဟက်တက်ကွဲသွားလို့ လုပ်ကြပါဦးလို့ ရင်ကွဲတေးသီနေသူများအတွက် အသည်းကွဲဖြေဆေးလေးပေး လိုက်ပါတယ်။ သောက်ကြည့်ပါဦးနော်။

အသည်းကွဲတယ်ဆိုတာ ဘေးလူခံစားနားလည်ပေးလို့မရဘဲ ကာယကံရှင်တစ်ယောက်သာ ကြိတ်မှိတ်ခံစားရတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ပထမဆုံး သိထားရမယ့် အချက်က ၀မ်းနည်းတာတွေ၊ ကြေကွဲနေတာတွေကို အရှိကိုအရှိအတိုင်း လက်ခံပေးလိုက်ဖို့ပဲ။ ဘာမှမျက်နှာကြီးတည်တည်နဲ့ ဘာမှမဖြစ်သလို နေပေးစရာမလိုဘူး။

မျက်ရည်ကျလို့လည်းကိစ္စ မရှိဘူး။ ဒါဟာဖြစ်သင့်ဖြစ်ထိုက်တဲ့ ခံစားမှုအခြေအနေပဲဖြစ်တယ်။ အချိန်တွေ၊ အချစ်တွေ ရင်းနှီးမြုပ်နှံပြီးကာမှ သဲထဲ ရေသွန်သလို တစ်ပြားမှမကျန်အောင် ပက်လက်လန်သွားတဲ့အခြေအနေကြောင့် ရက်ရက်စက်စက်ခံစားသွားရတာ ကိုယ့် မှာ အပြစ်မရှိပါဘူး။ အဲဒီလိုအခြေအနေမှာ မိမိစိတ်ဟာ တစ်ယောက်တည်း နေချင်မိသလို၊ ဘယ်သူ့အနှောင့်အယှက် မှလည်း မလိုချင်မိဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို တစ်ယောက်တည်းကြိတ်တွေးခံစားနေမယ့်အစား တစ်ယောက် ယောက်ကို ဖွင့်ဟလိုက်တာဟာ စိတ်ဒဏ်ရာသက်သာရာရစေဖို့ ပိုပြီးအထောက်အကူဖြစ်စေတယ်။

တစ်ယောက်ယောက်ဆိုတဲ့နေရာမှာ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းလည်းဖြစ်နိုင်သလို ကိုယ့်မိဘ၊ ဆွေမျိုးတွေ လည်း ဖြစ်နိုင်လေရဲ့။ ဘယ်သူပဲဖြစ်ဖြစ် အသည်းကွဲဒဏ်ရာကို တစ်ယောက်ယောက်အား ပြကြည့်ပေးဖို့ပဲလိုတယ်။ ကိုယ်ဘယ်လိုခံစားနေရကြောင်း၊ သူဘယ်လိုအသည်းခွဲသွားကြောင်း၊ ရင်ဘတ်ဟောင်းလောင်း၊ မျက်တွင်းဟောက်ပက်နဲ့ ဘယ်လိုခံစားနေရကြောင်းဖွင့်သာ ပြောလိုက်ပါ။ ဒီခံစားချက်တွေဟာ ရင်ဘတ်ထဲမှာ ဒီအတိုင်းထည့်ထားရင် ပုပ်သိုးလာ တတ်တယ်။ အပြင်ကို ဖွင့်ထုတ်လိုက်မှ ပေါ့သွားတတ်တယ်။

အခြေအနေကို လက်ခံပေးပါ
ဘာကိုလက်ခံပေးရမှာလည်းဆိုတော့ အသည်းကွဲနေရတဲ့အဖြစ်ကို အရှိကိုအရှိအတိုင်း လက်ခံပေးဖို့ပါပဲ။ ဒါမဖြစ်သင့်ဘူး၊ မကွဲသင့်ဘူးဆိုပြီး တသသတမြမြ ဆွေးမနေတွေးမနေနဲ့။ ချစ်တိုင်းမညား၊ ညားတိုင်းမချစ် အဖြစ်ကို ရင်ဘတ်ထဲထည့် ထားပေး။ ပြန်မလာနိုင်တော့တဲ့ အချစ်ဟောင်းကို ပြန်ပြောင်းထပ်လောင်းပြီး တွေးနေတာဟာ ကိုယ့်ကိုယ်ကို နှိပ်စက်နေ တာနဲ့အတူတူပါပဲ။ ဘုရားဟောထားတဲ့အတိုင်း ပြောရရင် အတိတ်ကိုလည်း ပြန်ပြောင်းဆွေးမနေနဲ့။ အနာဂတ်အတွက် လည်း ကြိုတွေးပြီးပူမနေနဲ့။ လက်ရှိပစ္စုပ္ပန်မှာပဲနေထိုင်ဆိုပြီးဟောထားတယ်။

ဒီအတိုင်းပဲလက်ရှိပစ္စုပ္ပန်မှာ စိတ်ရောကိုယ် ပါနေထိုင်ခြင်းဟာ ဘ၀မှာ ပျော်ရွှင်စွာနေထိုင်ဖို့အတွက်ရော၊ အသည်းကွဲဒဏ်ရာကို ကုစားဖို့အတွက်ရော ဆေးစွမ်း ကောင်းနည်းလမ်းတစ်လက်ပါပဲ။ နောက်ပြီးအသည်းကွဲအဖျားဆိုတာတက်ပြီးရင် တော်ရုံနဲ့မကျတတ်ဘူး။ အရှိန်ရှိသေး တယ်။ အချိန်ကြာလာတာနဲ့ အဖျားတက်နေတဲ့အရှိန်တွေ သူ့ဟာသူပြန်ကျသွားပါလိမ့်မယ်။ စိတ်ရှည်ပေးဖို့ပဲလိုတယ်။

အဖြေရှာပါ
နောက်တစ်ချက်က ကိုယ့်ရင်ဘတ်ကိုယ်ထုပြီး ကြေကွဲနေမယ့်အစားသူနဲ့ကိုယ်ဘာကြောင့် ကွဲရသလဲဆိုတဲ့ ပုစ္ဆာထုတ် ကြည့်ပါ။ သူနဲ့ကိုယ်နဲ့တွဲခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ၊အကြောင်းတွေ၊ ၀မ်းနည်းစိတ်ကောက် စိတ်ဆိုးခဲ့ရတဲ့အကြောင်းရင်းတွေကို စာရင်းပြုစုပေးပြီး အသည်းကွဲရခြင်းရဲ့အဖြေရှာပါ။ ဘာကြောင့်အသည်းကွဲရသလဲဆိုတာတွေ့ပြီဆိုရင် နောက်တစ်ခါအသည်းမကွဲရအောင် ကြံဆပါ။ ကိုယ့်ဘက်ကလိုအပ် နေတဲ့လိုအပ်ချက်တွေကြောင့်လား၊ ကံကြမ္မာရဲ့စေစားချက်ကြောင့်လားစသည်ဖြင့် အဖြေရှာကြည့်ပါ။

မိမိကိုယ့်ကို ခွင့်လွှတ်တတ်အောင်လေ့လာသင်ယူပါ။
ကိုယ့်ရဲ့အချစ်ဟောင်းက ကိုယ့်ကိုမချစ်မနှစ်သက်တော့လို့ ခွဲသွားတာဆိုရင် သူ့ဘက်က ဘာမှခံစားနေမှာမဟုတ်ဘူး။ ရင်ခွင်ဟောင်းမှာပိုးလောက်လန်းတွယ်နေသလို သူ့ကိုချစ်တဲ့အချစ်တွေ တို့လို့တွဲလောင်းနဲ့ ကျန်နေတဲ့ကိုယ့်အဖြစ်ကို လှည့်ကြည့်မိမှာမဟုတ်ဘူး။ ဒီတော့ ကိုယ့်ဘက်က ဘယ်လိုငြိမ်းအေးချမ်းသာစွာနေထိုင်ရမလဲဆိုတာ သင်ယူတတ်ရမယ်။ ကိုယ့်ရင်ခွင်ကို စုံကန်သွားလို့ မျက်စောင်းထိုးအမုန်းငြိုးပြီးမနေလိုက်နဲ့။အမုန်းနဲ့သူ့ကိုမြင်နေရင် ကိုယ့်စိတ်ပဲပင်ပန်းရလိမ့် မယ်။ စိတ်ဖိစီးမှုဖြစ်ရလိမ့်မယ်။ ကိုယ့်မီးကိုယ်ပြန်မမွှေးနဲ့။အမှန်တော့ သူမရှိရင် အသက်မရှင်ချင်ဘူးဆိုတာ ရူးတာဖြစ် တယ်။ သူမရှိတုန်း၊သူနဲ့မတွေ့ခင်တုန်းကလည်း မိမိဘာသာဘ၀ကို ရုန်းကန်တည်ဆောက်အသက်ရှင်သန် လာခဲ့ရတာ ပဲလေ။ ဟုတ်တယ်ဟုတ်။

အထီးကျန်တာကိုကြောက်တာလား အချစ်သစ်မွေးဖွားတာလား
မခံစားတတ်လို့ပြောတာမဟုတ်ဘူး။ ပေါင်းစည်းလို့မရနိုင်တော့တဲ့အခြေအနေကို အဖြစ်မှန်အတိုင်းလက်ခံပြီး ဘ၀ရဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့အချိန်တွေဟာ သူနဲ့ရှိနေတဲ့အချိန်မှသာ မွေးဖွားတတ်တာမဟုတ်ဘူးဆိုတာကို ခေါင်းမမာ စတမ်း လက်ခံပေးပါ။တစ်ယောက်တည်း အထီးကျန်နေရမှာကြောက်တဲ့စိတ်ကို တိုက်ခိုက်ပေးပါ။ ကိုယ်ကြိုက်နှစ်သက် ရာအလုပ်၊၀ါသနာတွေ ပြုလုပ်ပေးပါ။ စိတ်ဝင်စားရာအလုပ်၊ ဘာသာရပ်တွေကိုလေ့လာဆည်းပူးပေးပါ။ မကြာပါဘူး၊ ကိုယ့်စိတ်ဟာ တဖြည်းဖြည်းတည်ငြိမ်လာပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ နောက်ထပ် ပန်းနုရောင်လမ်းထပ်ဖောက်ဖို့ စိတ်ကူး ရှိတယ်ဆိုရင် အလျှင်စလိုမလှမ်းမိဖို့အကြံပေးလိုက်ပါရစေ။

ဘာကြောင့်လည်းဆိုတော့ လက်စမသတ်ရသေးတဲ့ ခံစားမှု အကြွင်းအကျန်လေးတွေကြောင့် နောက်ထပ်အချစ်မီးလောင်မြိုက်မိမှာစိုးလို့ပါပဲ။ အဲဒီလို မငြိမ်းသေးတဲ့ အချစ်မီးတွေ မငြိမ်းခင်မှာ နောက်ထပ်အချစ်ထပ်ရှာရင်များသောအားဖြင့် အမြန်ဆုံးပြန်ကွဲသွားကြတာများတယ်။ ဘာကြောင့်လည်း ဆိုတော့ ကိုယ်ကရင်ဘတ်ထဲက သံစဉ်တူလူရှာတာမဟုတ်ဘဲ အထီးကျန်ရမှာ ကြောက်လို့ အမြန်ဆုံးအဖော်ရှာလိုက်တဲ့ သဘောဖြစ်နေလို့ပဲ။

အသည်းကွဲအဖျားပျောက်ဆေးလည်း တိုက်ပြီးပြီး၊ ဓာတ်စာလည်း ကျွေးပြီးပြီဆိုတော့ အသည်းနုနုရင်ခွင်ထဲမှာ ညှိုးရော် နေတဲ့အချစ်ပန်းလေးလည်း ပြန်လန်းဖို့ အသင့်ဖြစ်ပြီ၊ ပြန်လန်းလောက်ပြီလို့ ယူဆပါတယ်။

ငေးငိုင်မနေနဲ့ အခုပဲ အပြင်ထွက်ပြီး လန်းကြစို့။

ဇာနည်
Ref: 8 Days a Week Journal You can also read at http://sinmyanmarguy.socialgo.com