Monday, June 29, 2009

တို့နှစ်ဦးအတွက် အကာအကွယ်

ဘေးကင်းသောလိင်ဆက်ဆံခြင်းအတွက် ရှောင်ရန်၊ဆောင်ရန်များ
(၁) ကွန်ဒုံးတစ်ခုအမြဲတမ်းသယ်ဆောင်ထားခြင်း
ပြုလုပ်သင့်သော ကိစ္စဖြစ်ပါသည်။ ကွန်ဒုံးတစ်ခုကို အမျိုးသားများရော အမျိုးသမီးများပါ ကိုယ်နှင့်မကွာအမြဲတမ်းအဆင်သင့်သယ်ဆောင်ထား သင့်ပါသည်။
- မိဘမောင်ဘွားများကတော့ ဒီဟာဆောင်ထားရင်ကိုအမြင်စောင်းလေ့ရှိပေမယ့် မိမိကျန်းမာရေးအတွက် အကာအကွယ်ပစ္စည်းတစ်ခုအဖြစ် ဆောင်ထားသင့်ကြောင်းပါ။


(၂) ကွန်ဒုံးစွပ်နည်းလေ့ကျင့်ပါ။
ကွန်ဒုံးကိုအသုံးမပြုမီ ပွဲမ၀င်ခင် ပြင်ပကကျင်းပဆိုသလို ကွန်ဒုံးကို လိင်ဆက်ဆံခြင်းမပြုမီအရင်စွပ်ကြည့်ရပါမည်။ စွပ်နည်းကိုလေ့ကျင့်ထား သင့်ပါသည်။
- အမျိုးသားအတွက်ကတော့ ထူးထူးထွေထွေမဟုတ်ပေမဲ့ အမျိုးသမီးများက မိမိအဖော်အမျိုးသားအားစွပ်ပေးမည်ဟုစဉ်းစားထားပါက အတု၊ ဒါမှမဟုတ် အမျိုးသားအင်္ဂါနဲ့ အနီးစပ်ဆုံး ပစ္စည်းတစ်ခုခုကိုစွပ်ကျင့်ကြည့်သင့်ပါတယ်။

(၃) လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးရမှာလား။
မှန်ပါသည်။ သင်ကိုယ်တိုင်အတွက်ရော သင်၏လိင်ဆက်ဆံဖော်ကိုပါ ဘေးကင်းစေရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်း အကြိမ်တိုင်းကွန်ဒုံးကို မဖြစ်မနေသုံးစွဲသင့်ပါသည်။
- ကွန်ဒုံးတစ်ခုသည် လူနှစ်ယောက်စာအတွက် ရောဂါများမှ အကာအကွယ်ပေးနိုင်ပါသည်။ငါးမိနစ်စာ အာသာအတွက် မသုံးမဖြစ်သုံးသင့်ပါသည်။

(၄) ရင်းနှီးပွင့်လင်းစွာ
လိင်ဆက်ဆံခြင်းမပြုမီ သင်၏အဖော်အားနာတာရှည် ကူးစက်ရောဂါများရှိ၊မရှိ ရေယုန်ကဲ့သို့သော ရောဂါများရှိ၊မရှိ ရင်းနှီးပွင့်လင်းစွာမေးမြန်းပါ။
- ဒီလိုမေးမြန်းဖို့ လူတိုင်းအတွက်သိပ်အဆင်မပြေနိုင်ပါဘူး။ အဖြေကောင်းကောင်းမသေချာဘူးထင်ရင်တော့ သူနဲ့ဆက်ဆံဖို့မကြိုးစားသင့်ပါ။

(၅) ကွန်ဒုံးတစ်ခုကို တစ်ကြိမ်ထက်ပို၍သုံးနိုင်သလား
မသုံးရပါ။ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာလျှင်သုံးပါ။ နောက်တစ်ကြိမ်ဆက်ဆံပါက ကွန်ဒုံးအသစ်တစ်ခုသုံးပါ။
- ကွန်ဒုံးအတွက်သုံးသည့် ချောဆီကိုအသုံးပြုသင့်ပါသည်။ အုန်းဆီ၊ခေါင်းလိမ်းဆီများဟာ ကွန်ဒုံးကိုပေါက်ပြဲလွယ်စေပါသည်။

(၆) ကြုံသလိုဆက်ဆံခြင်း
ပါတီပွဲ၊ မိတ်ဆုံပွဲ၊ အားလပ်ရက်ခရီးထွက်ခြင်းတို့တွင်မှ စတင်သိကျွမ်းရသောသူနှင့် လိင်ဆက်ဆံခြင်းမပြုသင့်ပါ။ သင့်အနေနှင့် သူ့အကြောင်း မသိရသည့်အပြင် နောင်တစ်ကြိမ်လည်းပြန်လည်တွေ့ဆုံဖို့ မလွယ်ပါ။
- သွေးသားဆူဖြိုးစ လူငယ်များပိုပြီးသတိထားသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အခုတွေ့အခုကြိုက်ဆိုသည့် အဖြစ်အပျက်များက သူတို့အတွက်လွယ်ကူသောကြောင့်ဖြစ်ပါသည်။
မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ
အောက်ပါအတိုင်းပြောရန် ကြိုးစားကြည့်ပါ။

(၁) အမျိုးသမီးတစ်ဦးအနေနှင့် သူ့အားစလာသည့် အဖော်အား
"ဒီမှာ ကျွန်မရဲ့ခင်ပွန်းဟောင်းဆီက တစ်ခုရောက်လာတယ်။ မွေးနေ့အတွက်မဟုတ်ပါဘူး။ သူ့မှာကာလသားရောဂါ ခပ်ဆန်ဆန်ခံစားနေရတယ်တဲ့။ ကျွန်မမှာလည်းရှိနေနိုင်တယ်။ရှင့်ကိုပါ ကူးစက်သွားနိုင်တယ်။ ကာလသားရောဂါကုသမှုဌာနကို သွားပြီးစစ်ဆေးကြည့်ရအောင်။

(၂) သင်၏အဖော်သည် သူ့တွင် ကာလသားရောဂါရှိမရှိ မသိပါကဤကဲ့သို့ပြောကြည့်ပါ။
"ကျန်းမာရေးစစ်ဆေးကြည့်ရအောင်၊ သန္ဓေတားဆေးတွေတော့ရှိပါတယ်။ဒါပေမယ့် ကျွန်မတို့နှစ်ယောက်စလုံး ဘာကြောင့် ကျန်းမာရေးမစစ်ဆေးရမှာလဲ။" အဲဒီလိုပြောလိုက်ရင် သူက "ကောင်းပြီ၊ သိပ်ကောင်းတဲ့စိတ်ကူးပဲ။ တို့နှစ်ယောက်စလုံး ကာလသားရောဂါ ဆေးကုဌာနကို သွားရအောင်။

(၃) ကွန်ဒုံးကို ကာကွယ်မှုအတွက် အသုံးပြုခြင်း
သူကပြောလိမ့်မယ်။
"ငါကွန်ဒုံးသုံးတော့မယ်လို့မင်းမထင်ဘူးလား။" အဲဒီလိုပြောရင် "ရှင်ဟာ ကွန်ဒုံးမသုံးမယ့်လူစားမျိုးမဟုတ်ဘူးဆိုတာ သိပါတယ်။"လို့ပြောလိုက်ပါ။ ကွန်ဒုံးတစ်ခုက ကူးစက်ပိုးမ၀င်ရောက်အောင် ကာကွယ်ပေးပြီး သန္ဓေတားဆေးကတော့ ကိုယ်ဝန်မရရှိအောင် ကာကွယ်ပေးပါလိမ့်မယ်။

ကဲပါ သန္ဓေတားချင်လို့ပဲဖြစ်ဖြစ် လိင်ဆက်ဆံရာက ရမည့်ရောဂါတွေကိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ၅မိနစ်လောက်ရမယ့်သာယာမှုလေးအတွက် တစ်ဘ၀စာမပေးချင်ရင်ပဲဖြစ်ဖြစ် ကွန်ဒုံးကိုသုံးကြပါလို့ သူငယ်ချင်းတို့ရေ။

ဇာနည်။

Wednesday, June 24, 2009

အချိုပေါ် သကာလောင်းရအောင်

အချစ်တွေမဟောင်းနွမ်းရအောင်

မိမိတို့အချစ်ရေးကအဆင်ပြေချောမွေ့နေတယ် ဆိုပေမဲ့ နည်းနည်းငြီးငွေ့စရာကောင်းနေပါသလား။ ဒါဆိုရင်တော့ အချိုပေါ်သကာလောင်းစေပြီး အချစ်စိတ်တွေ ချက်ချင်းဆိုသလို တက်ကြွလန်းဆန်းလာစေမယ့် နည်းလမ်းလေးတွေနဲ့အတူ မဟောင်းမနွမ်းလန်းဆန်း နိုးကြွလာအောင် ချစ်တမ်းကစားကြည့်ရအောင်လေ။

ဟေ.....အချိန်မရဘူးလို့တော့ မငြင်းလေနဲ့နော်။ လူတစ်ယောက်အတွက် တစ်နေ့ကို ၁၄၄၀မိနစ်ဆိုတဲ့ အချိန်လောက်ကတော့ ပိုထွက်လာတတ်ပါတယ်။ အဲဒီအချိန်လောက်ကိုတော့ ဘာပဲဖြစ်ဖြစ် အသုံးချလို့ရလောက်ပါရဲ့...အချစ်အတွက်ပဲလေ...နော့။

(၁) ကဲ....အကောင်းဆုံးအထူးခြားဆုံးဆိုတာတွေ လုပ်ပြရင်း စလိုက်ရအောင်....။ အချစ်က ချောကလက်ကြိုက်တတ်သတဲ့လား။ တစ်ဘူးလောက်ဝယ်သွား၊ နေဦး...အချစ်ရဲ့ အနှစ်၃၀မြောက်မွေးနေ့တဲ့လား။ နေကြာပန်း လှလှလေးတွေ အပွင့်၃၀ပေးပို့လိုက်ပါလား။ နောက်ပြီး နှင်းဆီပန်းတစ်ပွင့်ကို အချစ်ရဲ့ကားလေကာမှန်ရေယက်အောက်မှာ သွားလို့ထား။ (မှတ်ချက်။ ။ အမျိုးသားတွေလည်း ပန်းကြိုက်တတ်ပါသတဲ့။) အနီရောင်မီးမှိန်မှိန်အောက်မှာ တစ်ယောက်နဲ့တစ်ယောက်အနမ်းလေးတွေဝေလိုက်ပါလား။ အချစ်ရဲ့ အပြုံးလှလှပါတဲ့ ဓာတ်ပုံလေးကို ပိုက်ဆံအိတ်ထဲမှာဆောင်ထား။ (အချစ်ရဲ့ လှပတင့်တယ်တဲ့ ဓာတ်ပုံကြီးကတော့ မိမိရဲ့စားပွဲပေါ်မှာပေါ့။)

(၂) ချစ်တဲ့သူက မြတ်မြတ်နိုးနိုး လုပ်ဆောင်လိုတဲ့ ဒါမှမဟုတ် တွေ့မြင်လိုတဲ့အရာ အနည်းဆုံး ၁၀မျိုးလောက်ကိုတော့ စာရင်းပြုစုပြီး ပြင်ဆင်ပါလေ။ နောက်ပြီး ရနံ့သင်းတဲ့ ဖယောင်းတိုင်တွေ၊ ချောကလက်တွေနဲ့ အတူရှန်ပိန်တစ်ပုလင်းနဲ့ ချစ်စရာကတ်ပြားလေးတစ်ခုကလည်း အမြဲတမ်း အဆင်သင့်ရှိနေရမယ့် အရာတွေပဲပေါ့။ လှလှပပ ထုတ်ပိုးထားတဲ့ လက်ဆောင်လေးကတော့ အရေးပါလှတယ်ဆိုတဲ့ အသွင်သဘောမျိုးလေးဆောင်နေပါစေပေါ့။

(၃) မိမိတို့နှစ်ဦးရဲ့ ဓာတ်ပုံကိုဖြတ်ညှပ်ကပ်ပြီးနှစ်ယောက်တွဲပုံလေးအဖြစ် အလှဆင်ဖန်တီးပါ။ ပြီးတော့ ချစ်တဲ့သူနဲ့ပတ်သက်လို့ မိမိနှစ်သက်ရတဲ့ အရာတွေကို (ပမာအားဖြင့် ရွှေသမင်မျက်လုံးလေးကြောင့်၊ ရယ်လိုက်ရင်ပေါ်လာတဲ့ သွားတက်လေးကြောင့်....စသဖြင့်) လှပတဲ့စာရွက်လေးပေါ်မှာ အက္ခရာတင် စာရင်းပြုစုလိုက်ပါလား။ ဒါပေမဲ့ ပန်းချီအနုပညာရှင်တစ်ယောက်ရဲ့ လက်ရာလိုမဟုတ်ဘဲ အရိုးသားဆုံး၊ အရိုးစင်းဆုံး မိမိတတ်သလိုလေးသာလုပ်ရုံပါ။ ပြီးရင်တော့ အဲဒီ့စာရွက်လေးကို ချစ်တဲ့သူရဲ့ခေါင်းအုံးအောက်မှာ ညစာစားတဲ့ ပန်ကန်ပြားအောက်မှာ ဖုံးထးလိုက်ပါလေ။

(၄) မိမိရဲ့ အိမ်မှာ ညစာစားပွဲလုပ်တဲ့အခါ တေးဂီတတီးခတ်သူတစ်ယောက်ကို ငှားရမ်းပြီး တီးခတ်ဖျော်ဖြေပေးပါ။ ကိုယ်တိုင်တီးခတ်တတ်ရင်လည်း ကြည်နူးဖွယ်သီချင်းလေးတွေကို ဂီတာလေးနဲ့ တီးခတ်ပြီးသီဆိုပြပေးပါ။ ပြီးတော့ချစ်သူရဲ့ ပုံတူကို ဓာတ်ပုံကနေတစ်ဆင့် ကူးဆွဲပေးပါ။ ပြဇာတ်၊ ရုပ်ရှင်၊တေးဂီတ ဖျော်ဖြေပွဲကို သွားမယ်ဆိုရင်တော့ သစ်လွင်တောက်ပတဲ့ ကားတစ်စီးကို ငှားရမ်းပြီးတစ်ပတ်လှည့်လည်မောင်းပါလေ။ ချစ်တဲ့သူမှာ အလွန်နှစ်သက်တဲ့ တိရစ္ဆာန်အရုပ်ကလေးရှိတယ်ဆိုရင်တော့ ဖ၀ါးမှာ လက်ကောက်လေးတစ်ရံဒါမှမဟုတ် လည်ပင်းမှာ ချစ်စရာကောင်းတဲ့ စကတ်ဖ် ပုဝါလေးတစ်ထည် စည်းပေးပါ။

(၅) ဒီထက်လန်းဆန်းတက်ကြွတဲ့ အချစ်ကလေးအတွက် ကတော့ အသုံးစရိတ်သိပ်မကုန်ကျနိုင်တဲ့ အပန်းဖြေနေရာလေးတစ်နေရာကို သွားခြင်းပေါ့။ အဲဒီ့နေရာက ဖယောင်းတိုင်မှိန်မှိန်လေးအောက်မှာ ညစာအတူစား၊ အချစ်သီချင်းလေးတွေနားဆင်ရင်း အချိန်ဖြုန်းလိုက်ပါလေ။

(၆) နောက်ဆုံးအနေနဲ့ကတော့ ချစ်တဲ့သူအတွက် အံ့အားသင့်စရာလေးတွေကို ဖန်တီးပေးဖို့ပါ။
- ချစ်တဲ့သူအတွက် အသွေးအမွေးလှတဲ့ ချစ်စရာကြောင်လေးတစ်ကောင် ၀ယ်ပေးလိုက်ပါ။
- ချစ်တဲ့သူရဲ့ နာမည် အစအက္ခရာနဲ့ မိမိရဲ့နာမည်ကို သစ်ပင် ပင်စည်မှာ ထွင်းလိုက်မယ်။
- ပြီးရင် ချစ်တဲ့သူရဲ့ မှန်တင်ခုံပေါ်မှာ နှလုံးသား ခံစားချက်ကဗျာတိုလေး တစ်စောင်တင်ထား၊ ပြီးရင် ရေခဲသေတ္တာထဲက ကြက်ဥပေါ်မှာ အသည်းပုံလေးရေးချယ်၊ ပြီးရင် တံခါးဝမှာ ပန်းရောင်ဖဲပြားလေးကို ချည်ပြီး ချစ်တဲ့သူကို ကြို။ ပြီးရင်တော့ ပျော်ရွှင်ဖွယ်ရာ ပျော်ပွဲစားပုံစံလေးနဲ့အတူ ရွှေလက်တွဲလို့ နွှဲပျော်ကြလေပေါ့။

ရင်ဘတ်ထဲက နှလုံးသားလေး တဆတ်ဆတ်ခုန်ပြီး ကြည်နူးပျော်ရွှင်သွားစေမယ့် ၊ ပူနွေးသွားစေမယ့် နည်းလမ်းလေးတွေက အများအပြားရှိပေမယ့် တစ်ဦးအကြိုက်တစ်ဦး နှစ်သက်စေမယ့် အကြောင်းအရာလေးတွေကို အရင်စူးစမ်းကြည့်ကြပါဦးလို့။

ပြီးတော့ ပထမဦးဆုံး အနမ်းဖွဖွလေးဟာ အခုအချိန်ထိ ပူနွေးရှိန်းမြနိုင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
ဇာနည်။

Tuesday, June 23, 2009

I wanna friend with My ex-bf

အဆက်ဟောင်းတစ်ယောက်နဲ့ မိတ်ဆွေအဖြစ်ဆက်ရှိစေဖို့

ကိုယ့်ရဲ့ချစ်သူကောင်းလေး၊ဒါမှမဟုတ် ကောင်မလေးနဲ့ အဆင်မပြေဖြစ်ပြီးပြတ်သွားကြ တယ်။ ဒါပေမယ့် သူ့ကိုကိုယ်က ဂရုစိုက်နေဆဲပဲ၊သူနဲ့ဆက်ပြီး သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေချင်ဆဲပဲလား။ ဒါမျိုးက တစ်ခါတစ်လေမှာ ဖြစ်တတ် ပါတယ်။ ဒီမှာကိုယ့်အဆက်ဟောင်းနဲ့ဘယ်လိုဆက်ပြီး သူငယ်ချင်းအဖြစ် ရှိနေအောင်လုပ်ရမလဲဆိုတဲ့ လမ်းညွှန်လေးတွေ.....

ဒီလိုဖြစ်ဖို့အတွက် လုပ်ဆောင်ရတာဟာ ခက်ခဲပြီး အချိန်နဲ့ စိတ်ရှည်မှုလည်း အများကြီးလိုအပ်ပါလိမ့်မယ်။

(၁) သူ့ကို ကိုယ်ချစ်တဲ့စိတ်မရှိတော့ဘူးဆိုတာ သေချာအောင်လုပ်ပါ။ အခင်ဆုံးသူငယ်ချင်းတွေအဖြစ် ပြန်နေ ကြဖို့ဆိုရင် လမ်းခွဲအပြီးမှာ နှစ်ယောက်စလုံးအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်စုစည်းမှုရှိအောင် အရင်လုပ်ဖို့အတွက် အချိန် လိုအပ်ပါလိမ့်မယ်။

(၂) ကိုယ့်ရဲ့ ရည်ရွယ်ချက်က ကောင်းတယ်ဆိုတာ သေချာပါစေ။ သူ့ကိုစိတ်ညစ်ရအောင် ညှဉ်းပန်းနှိပ်စက်ဖို့ သက် သက်နဲ့၊ ဒါမှမဟုတ် သူနောက်ထပ်တခြားသူတွေနဲ့ မကြိုက်သွားအောင် တားဆီးဖို့အတွက်နဲ့ သူနဲ့မိတ်ဆွေအဖြစ် ဆက်ရှိ နေဖို့ ကြိုးစားတာဆိုရင်တော့ ရေရှည်မှာ နှစ်ယောက်စလုံးအတွက် အကျိုးမရှိနိုင်ပါဘူး။

(၃) သူ့ကို မကြာမကြာစောင့်ကြည့်ဂရုစိုက်ပေးပါ။သူငယ်ချင်းဆန်ဆန် နှုတ်ဆက်တဲ့ မက်ဆေ့ခ်ျလေးတွေ ပို့ပေးပါ။ ဒါမှမဟုတ် သူ့မွေးနေ့မှာ ဖုန်းခေါ်တာမျိုးဖြစ်ဖြစ်ပေါ့။ အခြေအနေဘယ်လိုလဲ၊ ဘာတွေဖြစ်နေလဲဆိုတာမျိုးတွေ မေးပါ။ သူ့ဘ၀မှာ ဘာတွေထပ်ဖြစ်နေလဲ။ ကိုယ်နဲ့ ပြတ်သွားပြီးနောက်ပိုင်းမှာ သူ့မှာဘာတွေပြောင်းလဲလာလဲဆိုတာတွေကို စုံစမ်းပါ။ သူ့ရဲ့သီးသန့်ရပ်တည်မှုကို အထောက်အပံ့ပေးပါ။

(၄) သူ့ကို လူတစ်ယောက်အနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်ကိုယ့်မှာ ရှိတဲ့အကြောင်းနဲ့ သူနဲ့သူငယ်ချင်း ဖြစ်ချင်တဲ့အကြောင်း အသိပေးပါ။ တကယ့်သူငယ်ချင်းအစစ်ဖြစ်ချင်တယ်လို့ပြောပြပါ။ သူ့အတွက် ကိုယ်ကချစ်သူ တစ်ယောက်အနေနဲ့ ရှိပေးနိုင်ခဲ့တယ်ဆိုရင် သူ့အတွက် သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း နေပေးနိုင်စရာအကြောင်း ရှိပါတယ်။

(၅) သူ့ကို အရမ်းအထာကျတယ်လို့ ထင်တဲ့အကြောင်းပြောပြပါ။ အရေးအကြီးဆုံးကတော့ သူနဲ့ပတ်သက်လို့ ဘာကိုမှ ပြောင်းလဲသွားစေချင်တဲ့ ဆန္ဒ ကိုယ့်မှာမရှိတဲ့အကြောင်းပြောပြဖို့ပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ကို မြှင့်တင် ပေးတာဟာ လမ်းခွဲစဉ်က ဒဏ်ရာတွေရဲ့ လက်ကျန်တချို့ကို ပြန်ကုသပေးနိုင်ပါလိမ့်မယ်။

(၆) လိင်ပိုင်းဆိုင်ရာနဲ့ ရင်ခုန်စရာခေါင်းစဉ်တွေကို ရှောင်ကြဉ်ပါ။ နောက်ပြီး အီစီကလီလုပ်ချင်မိတဲ့ စိတ်ကိုလည်း ထိန်းချုပ်ထားပါ။ အထူးသဖြင့် ကိုယ်ကသူငယ်ချင်းအဖြစ် ဆက်ဆံရေးကို ပြန်အသက်သွင်းချင်နေတယ်ဆိုရင်ပေါ့။ ကိုယ်အရင်က ချစ်ကြိုက်ခဲ့ဖူးသူတစ်ယောက်နဲ့ ဒီလိုလုပ်ဖို့ဟာ တကယ်တော့ခက်ခဲမှာပါ။ ဒါပေမယ့် ကိုယ့်စိတ်အာရုံ စူးစိုက်မှုရှိမယ်ဆိုရင် သင်လုပ်နိုင်ပါလိမ့်မယ်။ တစ်ဖက်လူကို ကိုယ်က လမ်းမှားကို မဦးဆောင်မိအောင်နဲ့ သူကလည်း ကိုယ့်ကိုအဲဒီလို စမလုပ်လာအောင် သတိထားပါ။

(၇) အစပိုင်းမှာ သူနဲ့စကားပြောဆိုမှု၊ တွေ့ဆုံမှုတွေကို တိုတိုတုတ်တုတ်ပဲဖြစ်ပါစေ။ ပြီးတော့တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ဒီစကားပြောဆိုမှု၊ တွေ့ဆုံမှုတွေကို ပျော်စရာကောင်းတဲ့ ဟာသလေးတွေစွက်ပါ။ ကိုယ်ဟာ ဘယ် လောက်အတူတွဲ လို့ ကောင်းတဲ့သူလဲဆိုတာကို သူ့ပြန်အမှတ် ရစေပါ။ ဒါပေမယ့် သူနဲ့ဘယ်လောက်မကြာခဏတွေ့မယ်၊ စကားပြောမယ်ဆို တာတွေကိုတော့ ကိုယ့်ကိုယ်ကို အကန့်အသတ်လုပ်ထားပါ။

(၈) ကိုယ့်ရဲ့ ကိုယ်ပိုင်ပန်းတိုင်တွေကို ရရှိဖို့ ဆက်ကြိုးစားသွားပါ။ အရင်ဇာတ်လမ်းတုန်းကအတိုင်း အနုတ်လက္ခဏာ ဆောင်တဲ့ အကျင့်ဆိုးတွေထဲ ပြန်မနစ်မြှုပ်သွားပါစေနဲ့။ ကိုယ့်အနေနဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကို ဖြစ်ပေါ်လာစေပြီး ကိုယ့်ရဲ့အဆက်ဟောင်းကိုလည်း ဒီလိုလုပ်ဖို့အားပေးပါ။

(၉) တကယ်လို့ ကိုယ့်ရဲ့အဆက်ဟောင်းက သူငယ်ချင်းအဖြစ် ပြန်နေကြဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း သူ့ရဲ့ဆန္ဒကို ကိုယ်ကလေးစားမှုထားပေးရပါမယ်။ နောက်အနာဂတ်မှာတော့ ပြန်ပြီးသူငယ်ချင်းဖြစ်ရင် ဖြစ်လာနိုင်ကြမှာပါ။ ဒါပေမယ့် အခုအချိန်အတွက်တော့ ကိုယ့်ရဲ့ တခြားသူငယ်ချင်းတွေနဲ့ပဲ ပြန်ပြီးအာရုံစိုက်နေလိုက်ပါဦး။


(၁၀) နောက်ပြီး ကိုယ့်အဆက်ဟောင်းက ကိုယ့်ကို တခြားမိတ်ဆွေသူငယ်ချင်းတွေက ကိုယ့်အပေါ်ထားတဲ့ လေးစား ချစ်ခင်မှုမျိုးနဲ့ မဆက်ဆံဘူးဆိုရင်လည်း သူနဲ့ပြန်ပြီး သူငယ်ချင်းဖွဲ့ဖို့ အချိန်ကောင်းမဟုတ်သေးပါဘူး။

အသုံးဝင်မယ့် နည်းကောင်းလေးတွေ
- ကိုယ့်အဆက်ဟောင်းနဲ့ သူငယ်ချင်းလိုပြန်နေဖို့ ကြိုးစားနေတဲ့အကြောင်း ကိုယ့်ရဲ့သူငယ်ချင်းကောင်း တစ်ယောက်ကိုပြောပြပြီး ကိုယ့်ကို ဂရုစိုက်စောင့်ကြည့်ထိန်းသိမ်းပေးခိုင်းပါ။

- ကိုယ့်အဆက်ဟောင်းအပေါ် ခင်မင်မှု၊ကြင်နာမှုရှိပြီး ဆက်ဆံပုံဟာလည်း တစ်သမတ်တည်း ဖြစ်နေပါစေ။ ကိုယ့်ဘ၀မှာ တစ်စိတ်တစ်ပိုင်းအဖြစ် သူပါဝင်နေတဲ့အတွက် ကိုယ်ဝမ်းသာတဲ့ အကြောင်း မကြာခဏပြန်ပြောပေးပါ။

- ကိုယ့်ရဲ့ အချစ်သစ်နဲ့ သွားတွေ့ဖို့အတွက် သူနဲ့ချိန်းထားတာကို မဖျက်ပစ်ပါနဲ့။ သူ့အနေနဲ့ လမ်းခွဲခဲ့ရမှုရဲ့ တချို့အပိုင်းတွေကို စိတ်အစာမကြေဖြစ်နေနိုင်ဆဲဖြစ်ပြီး ကိုယ်နောက်ထပ်အသစ်တစ်ယောက်နဲ့ တွဲနေတာ အပေါ် တစ်မျိုးကြီး ခံစားနေရနိုင်တယ်ဆိုတာ သတိပြုပါ။


- ကိုယ့်အဆက်ဟောင်းက ကိုယ်နဲ့သူငယ်ချင်းမဖြစ်ချင်တော့ဖို့ဟာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ခွင့်လွှတ်နားလည်ပေးပြီး သူ့ကို မေ့ဖျောက် ကိုယ့်ဘ၀နဲ့ကိုယ် ရှေ့ဆက်သွားနိုင်ဖို့ကိုပဲ ကြိုးစားပါတော့။

ဂျွန်မိုးစက်
(Ref: teenadvice.com)

Friday, June 19, 2009

21st century's boy

၂၁ရာစု လူငယ်တွေ မရိုင်းပါဘူးဖေဖေ

ဖေကြီးရေ......
ဒီနေ့ကမ္ဘာကြီးဟာ အလွန်မြန်နေတယ်ဖေကြီးရေ၊ ဒီနေ့လူငယ်တွေဟာ ဟိုးအရင်ကျောက်ခေတ်က အရိုင်းအစိုင်းတွေလို နေထိုင်ဝတ်စားနေတယ်လို့ လူကြီးတွေပြောတာ လုံးဝမမှန်ပါဘူး၊ခေတ်ကိုက မတူတော့တာလေ၊ ခေတ်ဆိုတဲ့အဓိပ္ပာယ်မှာကိုက ပြောင်းလဲခြင်းသဘောတွေ ပါနေတော့တာကိုးဗျ၊ နော်။

တကယ်တော့ လူငယ်တွေက အဆန်းထွင်ပြောင်းတာမဟုတ်ပါဘူး၊ ပတ်ဝန်းကျင်လူနေမှုပုံစံတွေကြောင့် ဒီနေ့လူငယ်တွေ လူနေမှုဟန်ပန်တွေပြောင်းလဲလာတာပါ။ ဒီကနေ့လူငယ်တွေမှာ ကျောင်းမှန်မှန်တက်ပြီး ညနေကျောင်းအပြန် ဘောလုံးဝင်ကန်နေလို့ရတဲ့ ဖေကြီးတို့ခေတ်အခြေအနေမျိုးမဟုတ်တော့ပါဘူး။

ဒီနေ့လူငယ်တွေဟာ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်းဆိုသလို မိုးလင်းမိုးချုပ် စာပြီးရင်းစာလုပ်နေရပါတယ်။ သူတို့မှာ ကစားချိန်မရှိဘူး၊ ကစားကွင်းလည်းမရှိဘူး။ မြို့ထဲနေတဲ့လူငယ်တွေဆို ပိုဆိုးပါတယ်။ သူတို့မှာ ကစားကွင်းဆိုလို့ အိမ်မှာရှိတဲ့ ဖန်သားပြင်ပေါ်က ကစားကွင်းတွေနဲ့ ကြီးပျင်းလာရပါတယ်။ ဒီနေ့လူငယ်တွေတော်တော်များများ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်လာရတာသာကြည့်ပါတော့ ဖေကြီးရာ။

ပြီးတော့ ဆယ်တန်းဆိုတဲ့ တက္ကသိုလ်ဝင်တန်းကြီးပြီးရင် အဖေတို့ခေတ်က ကျောင်းဆက်တက်ဖို့ ဒါမှမဟုတ် မိဘလက်ငုပ်လက်ရင်း အလုပ်ကူလုပ်ပြီး ကြီးပြင်းလာရတာပါ။ ဒီခေတ်မှာတော့ လူငယ်တွေက ကျောင်းဆက်တက်ဖို့ထက် လူ့လောကထဲကို စောစောစီးစီး တိုးဝင်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေမှာ ကျောင်းသားဘ၀ခံစားဖို့နေနေသာသာ အလုပ်တစ်ခုရရှိဖို့ပဲ စဉ်းစားလာရတယ်။

ဒီနေ့ခေတ်နည်းပညာက တစ်ဟုန်ထိုးတိုးတက်နေသလို ပြောင်းလဲမှုတွေကလည်း အချိန်နဲ့အမျှပါပဲ။ ဖေကြီးတို့က လူ့လောကထဲ စောရောက်တယ်ဆိုပေမဲ့ လူ့ဘောင်အ၀င်မှာတော့ တချို့အပိုင်းမှ ကျွန်တော်တို့က စောနေပါပြီ။ စောစီးစွာလူ့အကြောင်းတွေ သိလာနေရပါပြီ။ ခေတ်သစ်လုပ်ငန်းတချို့မှာလည်း လူငယ်တွေဦးဆောင်နေပါပြီ ဖေကြီးရာ။ ဒါကြောင့် ဖေကြီးပြောတဲ့ 'ငါပြောသလိုလုပ် ၊ငါလုပ်သလိုမလုပ်နဲ့' ဆိုတာကို သားစဉ်းစားနေတာပါ။

မိဘတစ်ယောက်အနေနဲ့ ကိုယ်မွေးထားတဲ့သားသမီး လမ်းမှားမရောက်အောင် တားဆီးနိုင်တဲ့ ခိုင်းစေနိုင်တဲ့ဆုံးမနိုင်တဲ့ အခွင့်အရေးတွေ ဖေကြီးမှာရှိပါတယ်။ သားလည်းနားထောင်တာပါပဲ။

ခေတ်ချင်းယှဉ်ပြောကြည့်ရင် လမ်းမပေါ်မှာ အဖွဲ့တွေဖွဲ့ပြီး ရိုက်ကြနှက်ကြလုပ်တာမျိုးတွေ ကျွန်တော်တို့ခေတ်မှာ မရှိဘူးဖေကြီး။ သားတို့မရိုင်းပါဘူး၊ ငယ်သူတွေမို့ မဟုတ်မခံပြန်ပြောတတ်၊ လက်တွေ့မဟုတ်ရင် မယုံကြတတ်၊ စူးစမ်းတတ်လို့ မေးခွန်းတွေ ပြန်ထုတ်တာကို ရိုင်းတယ်လို့ ဖေကြီးဆိုတာလား၊ လူကြီးပြောလို့ဆိုပြီး ယုံတတ်အောင် သားတို့စောစောဝင်လိုက်ရတဲ့ လောကကြီးက သင်မပေးထားဘူး။

သားတို့ညီလေးတွေ ညီမလေးတွေဆိုလည်း ရွှေယုန်နဲ့ရွှေကျားပုံပြင်ထက် သဘာဝသိပ္ပံ(ဂေါ်ဇီလာကြီးတွေရှိခဲ့ပုံ)နဲ့ အနာဂတ်သိပ္ပံ(ပင့်ကူလူသား စက်ရုပ်လူသားဆိုတာတွေ) ပုံပြင်တွေကို ကြိုက်တာလားကို ဖေကြီးလည်းကြား နေသိနေသားပဲ။

လူငယ်တွေဆေးလိပ်သောက်ကြတယ်၊ နိုင်ငံခြားထုတ်ဆေးလိပ်ဘူးတွေမှာ ကျန်းမာရေးဆိုးဝါးစွာထိခိုက်နေတဲ့ပုံတွေကို ရိုက်နှိပ်ထားတဲ့အတွက် အဲဒီပုံကိုကြည့်ပြီး ဆေးလိပ်သောက်သုံးမှုလျော့သွားတယ်။ လူငယ်တွေကို စကားတွေအများကြီးပြောတာထက် ထိထိရောက်ရောက် တစ်ခွန်းနှစ်ခွန်းပြော တာကို ပိုလက်ခံတတ်တာ သားဘ၀ကိုဖြတ်သန်းဖူးတဲ့ ဖေကြီးက ပိုသိမှာပါလေ။

လူကြီးတွေက သားတို့ကို ဘုရားမှန်းတရားမှန်း လူကြီးမှန်းမသိတဲ့ကောင်တွေလို ပြောကြပြန်တယ်။ ဘုရားတွေ့တွေ့ ဘုန်းကြီးတွေ့တွေ့ ကုန်းကန်တော့တာ၊ လူကြီးတွေကို အားကိုးယုံကြည်တာ အထင်ကြီးလေးစားတာ သားတို့ပဲ သိပါတယ်။

အ၀တ်အစားနဲ့ ပတ်သက်ပြီးလည်း လူကြီးတွေက ဝေဖန်တာ အပြစ်တင်တာလွန်လို့ပါပဲ။ အတိုအပြတ်အဖော်အပြတွေနဲ့ လူငယ်တွေ လွန်လွန်လွန်းတယ်လို့ပြောကြပါတယ်။ နိုင်ငံတွေက နိုင်ငံသားတွေ ဒွေးရောယှက်တင်ကူးလူးနေတဲ့ ကမ္ဘာ့ရွာထဲမှာနေထိုင် ရုန်းကန်နေကြတဲ့ သားတို့တွေ ရွာထဲက တခြားလူငယ်တွေလိုဝတ်တာ အပြစ်တစ်ခုတော့ မဖြစ်တန်ကောင်းပါဘူးဗျာ၊ တကယ်တော့ မနက်ကနေ ညနေတိုင် အဲဒီလိုဝတ်နေတဲ့ လူငယ်အရေအတွက်ဆိုတာ လူငယ်အားလုံးနဲ့ အချိုးချလိုက်ရင် မပြောပလောက်ပါဘူး။ အထက်တန်းကျောင်းသားတွေ တက္ကသိုလ်ကျောင်းသားတွေဟာ စည်းကမ်းနဲ့အညီ ၀တ်စားဆင်ယင်ကျောင်းတက်ကြရတာပါ။ ကျောင်းအပြန် မမှောင်ခင်ကလေး၊ ကျောင်းပိတ်ရက်ကလေး အပြေးအလွှားဝတ်ကြရတာပါ။ ကျောင်းဆိုတာ ကလပ်မဟုတ်ဘူး ဆိုတာလည်း သားတို့သိသားပဲ။ ဖေကြီးတို့ခေတ်ကလို ပုဆိုးဒယဥ့်တိုက်ဝတ်ပြီး တိုက်ပုံကြီးတကားကားတော့ ၀တ်လို့မဖြစ်တော့ဘူးထင်ပါတယ်။

လူငယ်တွေက အပြောအဆိုနဲ့ ၀တ်စားဆင်ယင်မှုတင်မကဘူး၊ သူတို့နားထောင်နေတဲ့ဂီတတွေကပါ ၀ူးဝူးဝါးဝါးနဲ့ ဆူညံပြီး ဘာဆိုလို့ဆိုမှန်းမသိ၊ ဘာနားထောင်ရမှန်းမသိ၊ ဘာအနုပညာမှ မပါတာလို့ပြောနေတဲ့ ဖေကြီးတို့ကို ပြောချင်တာက ကျွန်တော်တို့အခြေအနေနဲ့ ကျွန်တော်တို့လက်ရှိဘ၀တွေနဲ့ ညီညွတ်လို့ ကျွန်တော်တို့ လက်ခံကြတာပါလို့ပဲ ပြောရတော့ မှာပါပဲ။ ဖေကြီးတို့ တစ်ခေတ်က နားထောင်ခဲ့ပြီး သားတို့ခေတ်မှာ ပီပီပြင်ပြင်နေရာရနေတဲ့ ဂီတတချို့လည်း သားတို့အဘိုး အဘွားတွေ ဖေကြီးတို့မိဘတွေ သိပ်မကြိုက်ဘဲ ရှိခဲ့တာပဲ မဟုတ်လားဗျာ။
အခုဟစ်ဟော့ပ်လို့ခေါ်နေကြတဲ့ သီချင်းအမျိုးအစားတွေက အမေရိကားက ဖိနှိပ်ခံလူတန်းစားတွေက ရေးဆိုလာကြ တာပါ။ ဒါပေမဲ့ ကျွန်တော်တို့က အဖိနှိပ်ခံလူတန်းစားမဟုတ်ပါဘူး။ ဖေကြီးတို့ခေတ်လို အော်ဟစ်ဖို့ လမ်းဘေးဂီတ၀ိုင်း မရှိတဲ့ အခြေအနေမှာ အိမ်ထဲက ဖန်သားပြင်ပေါ် ဖန်တီးထားတဲ့သီချင်းတွေကို လွတ်လွတ်လပ်လပ် အော်ဟစ်ခွင့်ပြုပါ။

အချိန်အခါနဲ့ အခြေအနေအရ ပေးထားတဲ့အခွင့်အလမ်းအတိုင်း ရုန်းကန်လှုပ်ရှားနေရတဲ့ သားတို့ဘ၀ကို ဖေကြီးနည်းနည်းလေး မြင်အောင်ကြည့်ပေးပါလား၊ ၂၁ရာစုထဲက သားတို့ မရိုင်းပါဘူး ဖေကြီးရာ.......။

စာကြွင်း။ ။ 7 Day News ဂျာနယ်ပါ ဝေယံမြတ်ဦး ရဲ့ ၂၁ရာစုလူငယ်တွေ မရိုင်းပါဘူးဖေဖေ ကိုပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။