Monday, March 5, 2007

Crying of a Sea

ကျွန်တော် ဒီလထုတ် ဖူးငုံမဂဇင်းမှာပါတဲ့ ဥကာကိုကို(သံတွဲ)ရဲ့ ပင်လယ်တစ်စင်းရဲ့ ငိုချင်း ၀တ်ထုတိုလေးမှာပါတဲ့ နိဂုံးအဆုံးပိုင်းလေးကိုသဘောကျလို့ ကူးထည့်ပေးလိုက် ပါတယ်။
နိဂုံး
လောကကိုဖန်ဆင်းပေးခဲ့သောအဖေ။လောကကို ထာဝရစွန့်ခွာသွားတော့ အဖေ မလိုလားတဲ့သူတချို့လည်း ငိုကြတယ်အဖေ။ ဟန်ဆောင်မျက်ရည်တွေဆိုတာ ကျွန်တော် သိပ်သိတာပေါ့။အခုလေ လောကမှာ ကျွန်တော်အမုန်းဆုံးက ဘာလဲသိလားအဖေ။ အရက်လေ.... အဲဒီအရက်ပေါ့။အဲဒီအရက်ကြောင့် အဖေ့အသက်၃၅နှစ်မှာ လူ့ဘ၀ထဲက စောစီးစွာ ဝေးလွင့်ခဲ့ရတာ။အဖေ့ရဲ့ ပြုံးယောင်သမ်းနေတဲ့ နှုတ်ခမ်းကိုမြင်ယောင်ရင်း အဖေ့လို ပညာတတ်ပြီး အရက်ကြောင့်နစ်မွန်းရတဲ့ ဘ၀မျိုး မရောက်အောင်ကြိုးစားမယ်လို့ ကျွန်တော် ကတိပေးပါတယ်အဖေ။
အဖေက ဗဟုသုတစာပေတွေ ဖတ်ခိုင်းရင် ပျင်းရိနေတတ်တဲ့ အဖေ့သားလေ။အခုတော့ ကဗျာတွေ၊စာတွေရေးတတ်နေပြီအဖေရဲ့။ အားလပ်ရင် ခဲတံလေးနဲ့ ပုံဆွဲပြတတ်တဲ့အဖေ။ ကျွန်တော့်ရဲ့ မျက်ရည်စတွေနဲ့ ဆေးရောင်ခြယ်လှည့်ပါဦး အဖေ။ ကြယ်တွေကြွေကျကုန်ပြီ အဖေရယ်။ ကျွန်တော် ဘယ်လိုဖြေသိမ့်ရမှာလဲ။ ကျွန်တော်အမြဲပဲ ဆုတောင်းနေပါတယ် အဖေ။ ဒီလိုအဖြစ်မျိုး ဘယ်သူမှ မတိုးကြပါစေနဲ့လို့ပေါ့။
ရာသီဥတုသာယာတဲ့ နေ့တွေရောက်လာပြီအဖေ။ကျွန်တော်တို့ ငါးမျှားသွားကြရအောင်လေ။
အဖေမျှော်မှန်းထားတဲ့ ငါးကြီးကြီးတစ်ကောင်အတွက် တစ်စုံတစ်ရာကို မျှော်လင့်နေသူက ကျွန်တော်တို့ရဲ့ ကျောက်ဆောင်ကလေး။ အဖေရယ်၊ကျောက်ဆောင်ရယ်၊ ရေလှိုင်းတွေရယ်..။ အဖေ့သား....ငါးမျှားသွားနေပါတယ်။
ဥကာကိုကို(သံတွဲ)(၂၂.၉.၂၀၀၂က ကွယ်လွန်ခဲ့သော အဖေ့အတွက်)

1 comment: